မအေးမိ

မ​အေးမိသည် ထင်ရှား​သော ​ခေတ်​ဟောင်းဓာတ်ပြားအဆို​တော်တစ်ဦးဖြစ်သည်။

မအေးမိ
မွေးဖွားမအေးမိ
မြန်မာသက္ကရာဇ်၁၂၇၁ခုနှစ် ၊ ခရစ်နှစ်၁၉၀၉/၁၉၁၀
ရန်ကုန်မြို့ဗြိတိသျှဘားမား
ကွယ်လွန်၁၉၄၅ခုနှစ် ၊ဩဂုတ်လ ၁၁ရက်
ပုဇွန်​တောင်၊ ရန်ကုန်မြို့ဗြိတိသျှဘားမား
အလုပ်အကိုင်အဆို​တော်
မိဘ(များ)ဦးဘိုး​စော + ​ဒေါ်တင့်
ဂီတခရီးလမ်း
တေးသံသွင်း ကုမ္ပဏီကိုလံဘီယာဓာတ်ပြားကုမ္ပဏီ

မြန်မာသက္ကရာဇ် ၁၂၇၁ခုနှစ်တွင် ရန်ကုန်မြို့ အနောက်ပိုင်း (၁၄)လမ်း ၌ အဖဦးဘိုးစော၊ အမိဒေါ်တင့်တို့မှ ဖွားမြင်သည်။ ငယ်စဉ်ကပင် အနုပညာဝါသနာကြီးခဲ့ပြီး ဖခင်ဖြစ်သူမှာလည်း ရာမဇာတ်တော်တွင် ဒဿဂီရိနေရာမှ ကပြခဲ့သူ ဝါသနာရှင် တစ်ဦးဖြစ်လေရာ အနုပညာအသိုင်းအဝိုင်းနှင့် ထိတွေ့နီးစပ်ခဲ့ရသည်။ အသက်(၁၄)နှစ်ခန့်တွင် ရုပ်ရှင်တီးဝိုင်းဆရာ ကိုဘူဒါထံသို့ ဖခင်ဖြစ်သူဦးဘိုးစောက အပ်နှံပေးခဲ့သည်။ ရုပ်ရှင်တီးဝိုင်းများမှာ မူလက အမျိုးသားအဆိုတော်များသာ ရှိခဲ့ရာမှ အသံကောင်းလှသော မအေးမိကလေးကို ဆရာဖြစ်သူကိုဘူဒါက မြှောက်စား၍ သီဆိုခွင့်ပြုခဲ့သောကြောင့် ရုပ်ရှင်အမျိုးသမီး အဆိုတော်များထဲတွင် မအေးမိမှာ ပထမဆုံးအဆိုတော်ဟု အသိအမှတ်ပြုကြပါသည်။ ရုပ်ရှင်အဆိုတော်အဖြစ် (၇)နှစ်ခန့် သီဆိုခဲ့ပြီး အသက်(၂၀)ခန့်တွင် ဓာတ်ပြားအဆိုတော် ဖြစ်လာခဲ့ရာ ၁၉၃၃ခုနှစ်တွင် မင်းကတော် အမည်ရှိသော ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်တေးကို ကိုလံဘီယာမှ ထုတ်ဝေဖြန့်ချိခဲ့၏။ ပထမအစ၌ ဓာတ်ပြားအဆိုတော်အဖြစ် နာမည် မရသေးသော်လည်း တတိယမြောက် ရွှေနှင်းဆီသီချင်း ပေါ်ထွက်လာသောအခါတွင်မူကား မအေးမိ၏ အမည်မှာ တိုင်းပြည်နှင့်အဝှမ်း ကျော်ကြားထင်ရှားသွားလေတော့သည်။ ထို့နောက်တွင်ကား ကိုလံဘီယာမှ မအေးမိ၏ ဓာတ်ပြားများကို လစဉ်ထုတ်ဝေ ဖြန့်ချိခဲ့လေသည်။


ကာလပေါ်သီချင်းများ သီဆိုဓာတ်ပြားသွင်းခဲ့ရာမှ ဆရာရွှေပြည်အေးနှင့် တွဲဖက်၍ ပန်းဟေဝန်ယိုးဒယား ဖိန်းခြားကလေး ဓာတ်ပြားထွက်ပေါ်လာသောအခါ ထူးထူးခြားခြား အောင်မြင်မှု ရရှိသွားတော့သည်။ မဟာဂီတသီချင်းကြီး အရသာကို သိရှိခံစားသွားကြရသော ပြည်သူတို့၏ တောင်းဆိုချက်အရ ဆရာရွှေပြည်အေးနှင့် တွဲဖက်၍ သီချင်းကြီးဓာတ်ပြားများ သီဆိုဖြန့်ချိခဲ့ရသည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားလာသောအခါတွင်မူကား ဓာတ်ပြားလုပ်ငန်းရော ရုပ်ရှင်လုပ်ငန်းအစရှိသော အနုပညာလုပ်ငန်းများ ရပ်တန့်သွားကာ ဒုက္ခရောက်ရတော့၏။ ဆင်းရဲကြပ်တည်းမှုဒုက္ခအပြင် ရောဂါဝေဒနာပါ ကပ်ငြိလာခဲ့ပြီး ၁၉၄၅ ခုနှစ် ဩဂုတ်လ (၁၁)ရက်နေ့တွင် ပုဇွန်တောင် လိပ်ကန်လမ်း ၌ ကွယ်လွန်ခဲ့ပါသည်။ အဆိုတော် မအေးမိ သီဆိုသွားခဲ့သော ဓာတ်ပြားသီချင်းများမှာ ရှာဖွေတွေ့ရှိသမျှ (၉၆)ပုဒ်မျှရှိပါသည်။ [1]

ရည်ညွှန်းကိုးကား

  1. ဗိုလ်ကလေးဦးတင့်အောင်၏ ရေးသားပေးပို့ချက်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.