မာဂရက် သက်ချာ
မာဂရက်သက်ချာသည် အောက်တာတိုဘာ၁၃ရက်၊၁၉၂၅ ဂရမ်သမ်၊ ယူကေတွင်မွေးဖွားခဲ့သည်။ အမည်ရင်းမှာမာဂရက်ဟေဒါသက်ချာဖြစ်သည်။ ဒေသတွင်း ကုန်သည်နိုင်ငံရေးသမားတစ်ဦး၏ သမီးဖြစ်သည်။ မိသားစုပိုင် ကုန်စုံဆိုင်တွင် ကူညီရင်း ကျောင်းတက်ခဲ့သည်။ ပညာထူးချွန်သည့်အတွက် အောက်စဖို့တက္ကသိုလ် တက်ရောက်ခွင့်ရပြီး ဓါတုဗေဒဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။ ၁၉၅၉တွင် ဖန်ချေလီမြို့ အောက်လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သည်။ ဆက်တိုက်ဆိုသလို နိုင်ငံရေးအား တစိုက်မက်မက် လုပ်ဆောင်ခဲ့သည်။ ၁၉၇၀တွင်ပညာရေးအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ရသည်။ ၁၉၇၉တွင်ယူကေသမိုင်းတွင် ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ်ရာထူးကို ရွေးကောက်ပွဲနှင့်တကွ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်ပါ သူမဦးဆောင်သော ရှေးရိုးဆွဲပါတီ (ကွန်ဆာဗေးတစ်ပါတီ) ကအနိုင်ရခဲ့သည်။ ယူကေတွင် သူမ၏ အစိုးရလမ်းစဉ်ကို သူမနာမည်အစွဲပြု၍ သက်ချာဝါဒဟုခေါ်ဆိုကြသည်။

အိမ်ထောင်သည်ဘ၀
မာဂရက်သက်ချာသည် ၁၉၅၁တွင် ဒန်းနစ်သက်ချာဖြင့် လက်ထပ်ခဲ့သည်။ သားတစ်ဦး၊ သမီးတစ်ဦးထွန်းကားခဲ့သည်။ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ဆဲကာလတွင် အိမ်ရှင်မပီပီ အိမ်ထောင်ရေးတာဝန်များကို မပျက်မကွက် ဆောင်ရွက်ခဲ့သည်။
၂၀ရာစု၏ သံမဏိ အမျိုးသမီး
၁၉၈၃ခုနှစ်၊ ၁၉၈၇ ခုနစ်များတွင် ကွန်ဆာဗေးတစ်ပါတီ ဆက်လက်အောင်ပွဲခံပြီး သက်ချာလည်း သုံးကြိမ်ဆက်တိုင် ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရွေးကောက်ခံရသည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး၊ စီးပွားရေးပိုင်းတွင် အစိုးရ၏အခန်းကဏ္ဍလျော့မှုများကြောင့် ကျော်ကြားကာ၊ တစ်ဖက်တွင်လည်း အာဂျင်တီးနားနှင့် ဖြစ်ပွားခဲ့သည့် ဖောက်ကလန်စစ်ပွဲအတွင်း ရွပ်ရွပ်ချွံချွံ ဦးဆောင်မှုပေးနိုင်ခဲ့သည့် သူမ၏ပုံရိပ်ကို လူထုက အားပေးခဲ့သည်။ ထို့အပြင် ၁၉၈၄-၈၅ ခုနှစ်များတွင် သတ္တုတွင်းလုပ်သားများ သပိတ်မှောက်နေစဉ်ကာလများအတွင်း အလုပ်သမားသမဂ္ဂများနှင့် အကြိတ်အနယ် ဆန့်ကျင်ဖြေရှင်းခဲ့ရခြင်းများကြောင့်လည်း ထင်ရှားခဲ့သည်။ သို့သော် ၁၉၉၀ခုနှစ်တွင် အခွန်စည်းကြပ်ရေးမူဝါဒနှင့် ဥရောပပေါင်းစည်းရေးဆိုင်ရာပြဿနာများအား အငြင်းပွားရာမှ ရာထူးမှ နုတ်ထွက်ခဲ့ရသည်။ ၁၉၉၂တွင် အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်သည်။ အင်္ဂလန်နန်းတွင်းမှ ချီးမြှင့်သည့် ဘယ်ရွန်ဘွဲ့ခံယူရရှိပြီး ဘယ်ရွန်ဘွဲ့ခံ ကက်စတီဗင် သက်ချာ အဖြစ်ခံယူသည်။
သက်ချာ၏ စာပေလက်ရာ
၁၉၉၃ခုနှစ်တွင် ဟာပါကောလင်းစာအုပ်တိုက်မှ မာဂရက်သက်ချာ၏လက်ရာဖြစ်သည့် ဒေါင်းနင်းလမ်းနှစ်ကာလများ (The Downing Streets) ပထမတွဲကို ထုတ်ဝေခဲ့သည်။
ဘ၀နိဂုံး
ယူကေ၏ဝန်ကြီးချုပ်အဖြစ် ၁၁နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သော မာဂရက်သက်ချာသည် ဧပြီလ ၈ရက်၂၀၁၃ခုနှစ်တွင် လန်ဒန်မြို့၌ သွေးခဲရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်၈၇နှစ် ရှိပြီဖြစ်သည်။