မူဆလင်

ကမ္ဘာ၏ ၅ပုံ ၁ပုံမျှသော သူများသည် အစ္စလာမ် သာသနာဝင်များဖြစ်ကြပြီး လူမျိုးအသီးသီး နိုင်ငံအသီးသီး နှင့် ကမ္ဘာအရပ်ရပ်ရှိ ယဉ်ကျေးမှုအဖုံဖုံတို့မှလူများပါဝင်ကြပါသည်။ ဖိလစ်ပိုင်တောင်ဘက်ပိုင်းမှသည် နိုင်ဂျီးရီးယား ထိတိုင်အောင်ပင်ရှိ၏။ ထိုသူတို့အားလုံးသည် တူညီသော အစ္စလာမ်သာသနာအားဖြင့် တူညီသော ယုံကြည်ချက် ခံယူချက်များ ရှိကြ၏။ အာရပ်တိုင်းပြည်များတွင် ၁၈%သော မူဆလင်များရှိပြီး အင်ဒိုနီးရှားသည် ကမ္ဘာတွင် မူစလင် အများဆုံးသော နိုင်ငံဖြစ်သည်။ အာရှ နှင့် အာဖရိက တွင် မူဆလင် အတော်များများနေထိုင်ကြသည်။ ရုရှားတရုတ်အမေရိကန် တောင်နှင့် မြောက်ပိုင်း၊ ဥရောပတို့တွင် မူဆလင် လူနည်းစုနေထိုင်ကြပါသည်။

မူဆလင်

ခရစ်ယာန်ဘာသာတွင် ကက်သလစ်နှင့် အရှေ့-အောက်သဒေါက်ခ်ဟူသော ဘာသာရေးဂိုဏ်းကြီး နှစ်ဂိုဏ်းကွဲခဲ့ပြီး ထိုမှတဆင့် ပရိုတက်စတင့် ကဲ့သို့ဂိုဏ်းများ ထပ်မံကွဲသွားသကဲ့သို့ အစ္စလမ်ဘာသာတွင်လည်း ဆွန်နီမူဆလင်(Sunni)နှင့် ရှီရာမူဆလင်(Shia ) ဟူ၍ ဂိုဏ်းကြီးနှစ်ဂိုဏ်း ကွဲခဲ့ကြသည်။ သို့သော် မတူညီသည့် အချက်မှာ ခရစ်ယာန်ဘာသာ ဂိုဏ်းကွဲမှုသည် ယေရှုခရစ် ကားစင် အတင်ခံရပြီးနောက် နှစ်ရာပေါင်း များစွာကြာမှ အစပြုခဲ့သော်လည်း အစ္စလာမ်ဂိုဏ်းကွဲမှုမှာ တမန်တော် မိုဟာမက် သေဆုံးပြီးပြီးခြင်းပင် အစပြုခဲ့သည်။

ဆွန်နီမူဆလင်

တမန်တော်မြတ်မိုဟမ္မဒ် မရှိတော့သည်နောက် သူ၏အရိုက်အရာအားဆက်ခံမည့် ဘာသာရေးခေါင်းဆောင်အား မူဆလင်များ ရွေးချယ်ရာမှ အဘူဘကရ် စွဒ္ဒိက် (မိုဟာမက်၏တပည့်သာဝကကြီးဖြစ်သလို၊ အစောဆုံးမူဆလင်ဖြစ်လာသူများထဲမှတစ်ဦး) ကို ခေါင်းဆောင်အဖြစ်တင်မြောက်ခဲ့ကြသည်။ထိုသို့ အဘူဘကရ်စွဒ္ဒိက် နှင့် သူ့အားဆက်ခံခဲ့ကြသည့် အခြားခေါင်းဆောင်၃ဦး အုမရ်သခင်၊အွစ်မာန်သခင်၊အလီသခင် (အစ္စလမ်ဘာသာတွင် မှန်ကန်သည့်ခေါင်းဆောင်ကြီး ၄ ဦးဟူ၍ရှိသည်) အား လက်ခံသူ နောက်လိုက်များကို ဆွန်နီမူစလင်ဟုခေါ်ပြီး ကမ္ဘာ့မူစလင်အရေအတွက်၏ ၉၀ရာခိုင်နှုန်းရှိသည်။

ရှီရာမူဆလင်

သို့ရာတွင် Abu-Bakr ၏ ဆက်ခံမှုအား မထောက်ခံသည့် အလီအိုင်ဘင်အဘီတာလိဘ်(Ali-ibn-Abi-Talib) ဦးဆောင်သည့် အုပ်စုကိုမူ ရှီရာဟုခေါ်ကြသည်။ အလီသည် ခေါင်းဆောင်ကြီး ၄ ဦးတွင် စတုတ္ထမြောက်ဆက်ခံသူနေရာအား ရရှိခဲ့သည်။ ဆိုလိုရင်းမှာ Sunni များအတွက် Abu-Bakr သည် မိုဟာမက်နောက် ပထမဆုံး ဆက်ခံသူခေါင်းဆောင်ဖြစ်ပြီး အလီမှာစတုတ္ထမြောက်ဆက်ခံသူဖြစ်သည်။ သို့သော် ရှီရာမူဆလင်များအတွက်တော့ အလီသည် မိုဟာမက်နောက် ပထမဆုံး ဆက်ခံသူဖြစ်သည်။၎င်းတို့သည်အလီကိုတမန်တော်အဖြစ်တင်မြောက်ချင်ကြသူများဖြစ်ကြသည်။

ဆွန်နီ နှင့် ရှီရာတို့သည် ကိုးကွယ်ကျင့်သုံးရာအဖြစ် ကိုရ်အာန်ကျမ်းအား အဓိကအသုံးပြုကြသော်လည်း မတူကွဲပြားခြားနားသော hadiths ခေါ်အစဉ်အလာနှင့် ကိုရ်အာန်အား ပြန်လည်အဓိပ္ပါယ်ဖွင့်ဆိုချက်များကြောင့် ဘာသာရေး စည်းမျဉ်းစည်းကမ်းများ မတူညီကြချေ။ရှီရာတို့သည်ကုရ်ကျမ်းကို ထပ်တိုးထားကြသည်။ အရေအတွက်အရလည်း ဆူနီများသည် ကမ္ဘာအဝှမ်းတွင် လူများစုဖြစ်ပြီး ရှီရာ များမှာ အီရန်နှင့် အီရတ်တွင်သာ လူများစုအဖြစ် တည်ရှိကြသည်။

အာရပ်မွတ်စလင်တို့၏ အမျိုးသားရေးနှင့် နယ်ပယ်ချဲ့ထွင်မှုများ

အာရဗ်မူဆလင်တို့၏ နယ်ပယ်ချဲ့ထွင်မှုပြမြေပုံ

မိုဟာမက်ကိုဘာသာရေးသာမက နိုင်ငံရေး၊အမျိုးသားရေးနှင့် လူမှုရေးတို့တွင်လည်း ဦးဆောင်သူအဖြစ် သတ်မှတ်နိုင်သည်။ အစုစုကွဲပြားနေသည့် အာရပ်မျိုးနွယ်စုတို့ကို ဘာသာရေးဦးဆောင်မှုဖြင့် စုစည်းပေးနိုင်ပြီး မိမိထက်အင်အားခြင်း မယှဉ်နိုင်အောင်များပြားကျယ်ပြန့်သည့် အရှေ့ဖက်မှ ဆက်ဆန်းနစ်(Sassanids)တို့၏ ပါရှန်းအင်ပါယာသစ်(Medo-Persian Empire) နှင့် အနောက်ဖက်မှ အရှေ့ရောမအင်ပါယာ(ခေါ်)ဘိုင်ဇန်တိုင်းအင်ပါယာ (Byzantine Empire)တို့ကို အနိုင်ယူပြီး အယူဝါဒအသစ်ကို ပြန့်ပွားရန်အတွက် လမ်းခင်းပေးခဲ့သည်။ ကိန်းဂဏန်း၊လူဦးရေ အရနှိုင်းယှဉ်လျှင် အာရပ်နှင့် ထိုအင်ပါယာကြီးနှစ်ခုကြားတွင် အလွန့်အလွန်ကွာခြားသည်ဟုဆိုရမည်ဖြစ်သော်လည်း ဘာသာရေးယုံကြည်ချက်ဖြင့် နှိုးဆွထားသည့် အာရပ်တို့အတွက်မူ ထိုကွာခြားမှုတို့ကို မမှုတော့ပေ။

မိုဟာမက်နောက်ဆက်ခံသည့် အဘူဗကရ်နှင့် အုမရ်အိဗနေအယ်လ်ခတ်တဗ် (Umar ibn al-khattab)တို့လက်ထက်များတွင် အာရှမှ အာရပ်တို့ဦးဆောင်သည့် မွတ်စလင်တို့၏ ဘာသာရေးလှုပ်ရှားမှုတစ်ဖြစ်လဲ နယ်ပယ်ချဲ့ထွင်မှုသည် အလွန်သွက်လက်မြန်ဆန်သည်ဟုဆိုရမည်ဖြစ်သည်။ အချိန်တိုအတွင်း မက်ဆိုပိုတေးမီးယား(Metsopoyamia)၊ ဆီးရီးယားနှင့် ပါလက်စတိုင်းဒေသများကို သိမ်းသွင်းပြီး အယူဝါဒသစ်ကို ပြန့်ပွားရန် အားထုတ်ကြသည်။ ၆၄၂တွင် အီဂျစ်ကို ဘိုင်ဇန်တိုင်းအင်ပါယာ လက်မှဖဲ့ယူပြီး အရှေ့ဖက်မှ ပါရှားတပ်များကို ဒီစီယားစစ်ပွဲ(၆၃၇) နှင့် နေဟာဗင်စစ်ပွဲ(၆၄၂)များတွင် အပြီးသတ် အောင်နိုင်သည်။ဂျီဘရော်တာရေလက်ကြားကိုဖြတ်ကာ ဥရောပကုန်းမြေရှိ စပိန်နိုင်ငံထိ သိမ်းယူနိုင်သည်အထိအင်အားကြီးခဲ့သည်။ ဥရောပရှိ မူလခရစ်ယာန်နိုင်ငံများအားလုံး မူဆလင်တို့၏ သိမ်းသွင်းမှုခံရတော့မည့် အနေအထားသို့ ခြိမ်းခြောက်လာသည့်တိုင် ပြင်းထန်လှပေသည်။ သို့သော် ရ၃၂ ခု၊ ပြင်သစ်နိုင်ငံအလယ်ပိုင်းတွင် တိုက်ခိုက်သည့် နာမည်ကျော် တိုး(Tours) စစ်ပွဲတွင် မွတ်စလင်တို့ ရှုံးနှိမ့်ပြီးမှသာ ထိုချဲ့ထွင်မှုရပ်တန့်တော့သည်။ စပိန်အနေဖြင့် နောင်အနှစ် ရ၀၀ကျော်ရုန်းကန်ပြီးမှသာ မွတ်စလင်တို့လက်အောက်မှ လွတ်ထွက်ပြီး ခရစ်ယာန်နိုင်ငံအဖြစ် ပီပီပြင်ပြင်ပြန်လည်ရပ်တည်နိုင်သည်။ ထို့အတူ အာဖရိကမြောက်ပိုင်းဒေသများလည်း ဆက်တိုက်ပင် အာရပ်တို့လက်အောက်မှလွတ်မြောက်သည် ဟုဆိုနိုင်သော်လည်း အာရပ်ယဉ်ကျေးမှုနှင့် အစ္စလာမ်ဘာသာ နှစ်မျိုးလုံးကိုပင် ဆက်လက်ပြီး လက်ခံကျင့်သုံးမြဲ၊ကျင့်သုံးဆဲပင်ဖြစ်သည်။

ရည်ညွှန်းကိုးကား

မူရင်းရေးသားသူ - ဘိုးစိန် Archived 4 June 2009 at the Wayback Machine.

ရည်ညွှန်းကိုးကား - Neatorama, Wikipedia

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.