မဲခေါင်မြစ်

အရှည် ၄,၈၀ဝ ကီလိုမီတာ ရှိသည့် မဲခေါင်မြစ်သည် အရှေ့တောင်အာရှဒေသ၏ ဗဟိုချက်မကို ဖြတ်၍ နိုင်ငံ ၆-ခုကို ဖြတ်သန်းစီးဆင်းလာပါသည်။ ဤမြစ်သည် ဒေသအတွင်းရှိ အရှည်လျားဆုံး မြစ်တစင်းဖြစ်ပြီး၊ ၎င်းမြစ်ဖျားခံရာတိဘက်ဒေသမှ ဗီယက်နမ် မြစ်ဝှမ်းဒေသများအထိ လွှမ်းခြုံမှု ရှိပါသည်။ လူသန်းပေါင်း ၆ဝ ခန့်သည် မဲခေါင်မြစ်နှင့် ၎င်း၏ မြစ်လက်တက်များကိုမှီ၍ အစားအသောက်၊ ရေနှင့် သယ်ယူပို့ဆောင်ရေးကိစ္စများအတွက် မြစ်ကို အသုံးပြုနေကြရပါသည်။ ထို့အပြင် မြစ်ကိုမှီ၍ နေ့စဉ် သက်မွေးဝမ်းကြောင်းကိစ္စအများကို ဆောင်ရွက်နေကြရပြီး၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာအရလည်း အထူးအရေးပါသည့် မြစ်ဖြစ်ပါသည်။ ထို့အပြင် မဲခေါင်မြစ်သည် ကမ္ဘာပေါ်တွင် မျိုးစိတ်အကွဲပြားဆုံး ငါးများရရှိစေပြီး တံငါလုပ်ငန်းကိုလည်း အထောက်အကူပြုပါသည်။ ဘရာဇီးနိုင်ငံရှိ အမေဇုံမြစ်ပြီးလျှင် မဲခေါင်မြစ်သည် ငါးမျိုးစိတ် အစုံလင်ဆုံးသော မြစ်တစင်း ဖြစ်ပါသည်။

မဲခေါင်မြစ် တစ်နေရာမှ ဆည်းဆာရှုခင်း


မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံအကြားတွင် မဲခေါင်မြစ်က နယ်နိမိတ်အဖြစ် ကီလိုမီတာ ၂၃၄ အရှည် ဖြတ်သန်း စီးဆင်းသွားပါသည်။ ဤဒေသတွင် "ရွှေတြိဂံဒေသ" လည်း အပါအဝင်ဖြစ်ပြီး မြန်မာ-ထိုင်း- လာအို ၃-နိုင်ငံ ပေါင်းဆုံရာ ဒေသ ဖြစ်ပါသည်။ ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှုကြောင့် လူသိများလှသည့် ဒေသလည်း ဖြစ်သည်။ မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ မြန်မာနိုင်ငံ၏ တောင်တန်းများပေါ်၌ ဌာနေတိုင်းရင်းသား ၂၂,၀⁠၀ဝ ခန့် မှီတင်းနေထိုင်လျှက် ရှိပါသည်။ ဤနေရာများမှာ ဝေးလံခေါင်သီလှပြီး အခါ၊ ရှမ်း၊ လားဟူ၊ လွယ်လ (ဆမ်တောင်)၊ တရုတ်နှင့် အင်းတိုင်းရင်းသားများ နေထိုင်လျှက် ရှိသည်။

မဲခေါင်မြစ်သည် တရုတ်လူမျိုးများကဲ့သို့ပင်၊ လားဟူလူမျိုးများအတွက်လည်း အထူးအရေးပါလှပါသည်။ သူတို့က မဲခေါင် မြစ်ကို လန်ကန်း (Lancang) ဟု ခေါ်ကြပါသည်။ ရှေးရိုးရာပုံပြင်များအရ ရှေးဦးလားဟူလူမျိုးများသည် ဤမြစ်ဖျားခံရာ ဒေသမှ ဆင်းသက်လာကြသည်ဟု ဆိုကြပြီး၊ ရိုးရာ သီချင်းများ၊ ပုံပြင်များက ဤမြစ်ကို ကိုးကား၍ ဖော်ပြပြောဆိုလေ့ ရှိ ကြပါသည်။[1]

မဲခေါင်မြစ်ဝှမ်းဒေသ

မဲခေါင်မြစ်

မဲခေါင်မြစ်သည် အာရှတိုက်တွင် စီးဆင်းသော မြစ်ကြီး တစ်သွယ် ဖြစ်သည်။ မိုင်ပေါင်း ၂၈ဝဝ မျှ ရှိ၍အာရှတိုက်တွင် ရှည်လျားသော မြစ်ကြီးများ စာရင်းဝင်ဖြစ်သည် မဲခေါင်မြစ်သည် တိဗက်ကုန်းပြင်မြင့်တွင် မြစ်ဖျားခံသည်။ သံလွင်မြစ်၏ မြစ်ဖျား ခံရာနေရာနှင့် များစွာ မဝေးလှပေ။ အဦးအစ စီးဆင်းသည်မှစ၍ အထက်ပိုင်းတွင် အနောက်ဘက်ရှိ သံလွင်မြစ်နှင့် လည်းကောင်း၊ အရှေ့ဖက်ရှိ ယန်စီမြစ်တို့နှင့် လည်းကောင်း မျဉ်းပြိုင်ဆိုသလို စီးဆင်းသည်။ မိုင်ပေါင်း ၁၂ဝဝ မျှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တွင်း စီးဆင်းပြီးနောက် မြန်မာနိုင်ငံဖြစ်သော ရှမ်းပြည် ကျိုင်းတုံနယ်စပ်တစ်လျှောက် ဝိုက်သန်းစီးဆင်း၍ တစ်စိတ် တစ်ဒေသအားဖြင့် လာအိုနိုင်ငံနှင့် နယ်နိမိတ် ပိုင်းခြား သတ်မှတ်လိုက်သည်။ ထိုနောက် လာအိုနိုင်ငံတွင်းသို့ ဖြတ်သန်းစီးဝင်ပြီးလျှင် ထိုင်းနိုင်ငံ၏ အရှေ့ဖက် နယ်စပ် တစ်လျှောက် ပတ်သန်းစီးဆင်း၏။ ထိုမှတစ်ဖန် ကမ္ဗောဒီးယားနိုင်ငံ ကို ဖြတ်သန်းစီးဆင်းပြီးသောအခါ ဗီယက်နမ် နိုင်ငံတွင်းသို့ စီးဝင်ပြီးလျှင် ဆိုင်ဂွန်မြို့အနီးတွင် တောင် တရုတ်ပင်လယ်တွင်းသို့ စီးဝင်သည်။ ထိုကြောင့် မဲခေါင်မြစ်သည် တိဗက်ကုန်းပြင်မြင့်မှ စတင်စီးဆင်းပြီးလျှင် နိုင်ငံ ၆ ခုတွင်းသို့ ဖြတ်သန်းစီးဝင်သည်။ သို့ဖြစ်၍လည်း အရပ်ဒေသကိုလိုက်၍ အမည်အမျိုးမျိုးတွင်သည်။ မဲခေါင်မြစ်သည် တိဗက်ပြည် ဒဇနတ်လွန်မွန်တောင်ခြေမှ စတင်စီးဆင်းသည်ဟု ယူဆရသည်။ ထိုဒေသကား ပင်လယ်ပြင် အထက် အမြင့်ပေ ၁၆၇ဝဝ ခန့်တွင်တည်ရှိသည်။ တိဗက်ပြည်တွင် ဒဇချူဟုတွင်သည်။ မြစ်ဖျားခံရာမှ အရှေ့တောင်ဘက် ချီယမ်ဒိုသို့ စီးဆင်းသည်။ ထိုဒေသကား ပင်လယ်ပြင်အထက် အမြင့်ပေ ၁ဝယ ဝ⁠ဝဝ ခန့်တွင် တည်ရှိသည်။ ဆက်လက်၍ တောင်ဘက်သို့မထင်ရှားသော တောကြို တောင် ကြား တစ်လျှောက်စီးဆင်းသည်။ လတ္တီတွဒ် ၂၉ ဒီဂရီ ရှိ ဒါယူမှ လွန်သောအခါ လန်ဆန်ကျန်ဟူ၍ တရုတ်အမည်ဖြင့် တွင်သည်။ မိုင်ပေါင်း ၃ဝဝ မျှ မထင်မရှား မြင့်မားသော တောင်စောင်း ကျောက်ကမ်းပါးများ အကြားတွင် အဟုန်ပြင်းစွာ စီးဆင်းသည်။ တရုတ်နိုင်ငံမှ လွန်သောအခါ မြစ်သည် ကိုက် ၃ဝ⁠ဝ၊ ၄ဝဝ ခန့် ကျယ်လာသည်။ ရှေးအခါက ဗန်းမော်မှတာလီဖူးသို့ သွားသောလှည်းဝန်တင် လမ်းသည် မဲခေါင်မြစ်ကို ကြိုးတံတားဖြင့် ဖြတ်ကျော်ရသည်။ မဲခေါင်မြစ်သည် ယင်းဖြတ်သွားရသော တောင်ထုကြီး များအလိုက်၊ လမ်းကြောင်းပြောင်း၍ စီးဆင်းသည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံတို့ကို ပိုင်းခြားသော နယ်နိမိတ် သဖွယ်လည်း ဖြစ်၏။ ယိုးဒယားနိုင်ငံ ချီအင်ဆန်းမြို့နှင့် လူအန်ပရဗန်တို့ အကြားတွင် အရေးပါသော မြစ်လက်တက်များ စီးဝင်သည်။ မဲခေါင်မြစ်တွင် ရေမော် ၄ တန်ရှိသည်။ မြောက်လတ္တီတွဒ် ၁၆ဒီဂရီရှိ ကေမာရတ်တွင်ရှိသော ရေမော်သည် မိုင် ၆ဝ မျှ ရှည်ကာ အဟုန်ပြင်းထန်၏။ စတုတ္ထ ရေမော်လည်း ဖြစ်၏။ နောက်ဆုံးရေမော်သည် ခွန်တွင် ရှိသည်။ ယင်းနေရာမှ သည် တောင်တရုတ်ပင်လယ်တွင်းသို့ မစီးဝင်မီ မိုင် ၄ဝဝ မျှကွေ့ကောက်စီးဆင်းသည်။

ကမ္ဗောဒီးယားနိုင်ငံတွင်းသို့ စီးဝင်ပြီးနောက်ဗီယက်နမ်နိုင်ငံ တွင်းသို့ ရောက်လျှင် မြစ်သည် ၃ ကြောင်းကွဲကာ တောင်တရုတ်ပင်လယ်တွင်းသို့ စီးဝင်သည်။ မဲခေါင်မြစ်သည် မြေပြန့်နှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် ရေကြီးတတ်သည်။ ကမ္ဗောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ သည် မဲခေါင်မြစ်ကြောင့် မြေဩဇာကောင်းမွန်ကြသည်။ မဲခေါင်မြစ် တစ်လျှောက်တွင် လှေသင်္ဘောများ သွားလာနိုင်အောင် ပြင်သစ်တို့ကများစွာ ကြိုးပမ်းပြုပြင်ခဲ့သည်။ ယခုအခါတွင်လည်း အမေရိကန်နှင့် အာရှတိုင်းရင်းသားတို့သည် မဲခေါင်မြစ်အကြောင်းကို ပိုမိုသိရှိနိုင်ရန် လေ့လာစုံးစမ်းလျက်ရှိ၍၊ တိုးတက်ရေး လမ်းစများကို ရှာဖွေနေကြပေပြီ။ မဲခေါင်မြစ်ပေါ်တွင် တည်ရှိသော မြို့များအနက် ထင်ရှားသည်တို့ကား လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းမြို့နှင့် ကမ္ဗောဒီးယားနိုင်ငံ၏မြို့တော် ဖနွမ်းပင်မြို့တို့ ဖြစ်ကြ ၏။[2]

ကိုးကား

  1. © 2009 မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက် (BRN)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.