မျောက်ချော
မျောက်ချောပင်သည် ဆမ္မီဒေးစီအီးမျိုးရင်း (Samydaceae; ယခုအခါတွင် Salicaceae)တွင် ပါဝင်၍ ရုက္ခဗေဒအလိုအားဖြင့် ယင်းကို ဟုမ္မာလီယမ် တိုမင်တိုဆမ်(Homalium tomentosum)ဟုခေါ်သည်။ မျောက်ချာပင်သည် မြင့်သော တောသစ်ပင်မျိုးဖြစ်၍ အထက်အောက် မြန်မာနိုင်ငံ သစ်တောများ၌ အနှံ့အပြား တွေ့ရသည်။အပင်ဖျား၌သာ အကိုင်းအခက် အရွက်များ ဝေဝေဆာဆာ တွေ့ရပြီးလျှင် အပင်၏ အောက်ပိုင်းနှင့် အလယ်ပိုင်း ပေ ၅ဝ အမြင့်အထိပင်စည်တွင် အကိုင်းအခက် အရွက်ဟူ၍ ဘာမျှ မရှိဘဲ ပြောင်ချော၍ နေသည်။ မျောက်ချောပင်၏ အခေါက်သည် အလွန် ချောမွတ်သဖြင့် မျောက်များပင် လွယ်လွယ်ကူကူနှင့် မတက်နိုင်ဘဲ လျှောကျတတ်သောကြောင့် မျောက်ချောပင်ခေါ်သည်ဟု ဆိုသည်။
Homalium tomentosum | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
(unranked): | Angiosperms |
(unranked): | Eudicots |
(unranked): | Rosids |
မျိုးစဉ်: | Malpighiales |
မျိုးရင်း: | Salicaceae |
မျိုးစု: | Homalium |
မျိုးစိတ်: | H. tomentosum |
ဒွိနာမ | |
Homalium tomentosum | |
အသုံးပြုပုံ
မြန်မာနိုင်ငံတွင် မျောက်ချောသားနှင့် ပင်လယ် ကနစိုသားတို့သည် မီးဆိုက်ရန် အကောင်းဆုံး ထင်းများဖြစ်သည်။ မျောက်ချောသားမီးသွေးသည်လည်း ပထမတန်းစား မီးသွေးဖြစ်၏။ မျောက်ချောသားနှင့် ပင်လယ်ကနစိုသားကို နယ်များမှ ရန်ကုန်မြို့သို့ထင်းအဖြစ် အမြောက်အမြား တင်ပို့ရသည်။
မျောက်ချောသားသည် ဝါကြန့်ကြန့် အရောင်ရှိ၍ မာသည်။ အသားကျစ်သည်။ သို့သော်လည်း အသားသေအောင် ပြုလုပ်ထားစဉ် ကောက်လိမ်ကွဲအက်တတ်သည်။ ထွန်သွားများနှင့် လှည်းသန်များပြုလုပ်ရာ၌ မျောက်ချောသားကို အသုံးပြုကြသည်။ လှေရွက်တိုင် ၊ ရွက်လက်တို့ ပြုလုပ်ရန် သင့်တော်သော သစ်သားဖြစ်သည်။ မျောက်ချောပင်ကို မျောက်ငိုပင်ဟု အချို့ကခေါ်ကြသည်။ မျောက်ချောပင်ကို သင်းသတ်၍ မရချေ။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)