မြကေတု
မြကေတု | |
မွေးသက္ကရာဇ် | ၁၉၀၈ ခု နိုဝင်ဘာ ၂၃ ရက် |
အမည်ရင်း | ချမ်းမြ |
နို်င်ငံ | |
မိဘအမည် | ဦးဘိုးရင် + ဒေါ်စိန်း |
ကိုးကွယ်သည့်ဘာသာ | ခရစ်ယာန်ဘာသာ
(ဘာသာပေါင်းစုံလက်ခံသူဟုလည်းဆိုကြသည်) |
ကလောင် အမည်ခွဲများ | ယုဇန၊ ဦးချမ်းမြ |
အလုပ်အကိုင် | စာရေးဆရာ၊ |
မွေးဖွားရာဒေသ | တောင်ငူ မြို့ |
ထင်ရှားကျော်ကြားမှု |
မြကေတု [၁၉၀၈ - ၁၉၉၇]
တောင်ငူ မြို့၌ အဖ ကုန်သည်ကြီး ဦးဘိုးရင်၊ အမိ ဒေါ်စိန်း တို့က ၁၉၀၈ ခု နိုဝင်ဘာ ၂၃ ရက် (သုတေသန စာစဉ် သမိုင်းတွင် ၁၉၁၂ ခု ဒီဇင်ဘာ ၁၈ ရက်ဟု ဖော်ပြ) နေ့တွင် ဖွားမြင် ခဲ့သည်။ အမည်ရင်းမှာ ဦးချမ်းမြ ဖြစ်သည်။
တောင်ငူမြို့ စံကျောင်း ဆရာတော် ထံတွင် စတင် ပညာ သင်ယူ ခဲ့သည်။ ၁၉၃ဝ ပြည့်နှစ်တွင် ဆယ်တန်း စာမေးပွဲကို ရာဇဝင် ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင် ခဲ့သည်။ ၁၉၃၅ ခု မတ်လတွင် မြန်မာစာ ဂုဏ်ထူးတန်းကို ပထမဆင့် ဒုတိယတန်းမှ အောင်မြင် ခဲ့သည်။ ၁၉၃၇ တွင် မဟာ ဝိဇ္ဇာတန်းကို ဂုဏ်ထူးဖြင့် အောင်မြင် ခဲ့ပြန်သည်။
၁၉၃၅ တွင် ဝိဇ္ဇာဂုဏ် ထူးတန်း အောင်မြင် ပြီးနောက် ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာနတွင် ချိန်ဝက် နည်းပြ ဆရာ အဖြစ် စတင် အမှု ထမ်းခဲ့သည်။ နည်းပြ ဆရာ (၁၉၃၇)၊ ဂန္ဓလောက မဂ္ဂဇင်း မြန်မာစာပိုင်း အယ်ဒီတာ (၁၉၃၈)၊ သထုံ အဆောင်မှူး (၁၉၄၂)၊ စေတနာ့ ဝန်ထမ်း တက္ကသိုလ် လေကြောင်း အချက်ပေး ဝါဒင် (၁၉၃၃ - ၄၂)၊ မန္တလေး တက္ကသိုလ် မြန်မာစာဌာန ကထိက (၁၉၅၁)၊ ၁၉၅၈ တွင် မန္တလေး တက္ကသိုလ် မြန်စာဌာန ပါမောက္ခ ဖြစ်ခဲ့ပြီး ၁၉၇၃ တွင် အငြိမ်းစား ယူခဲ့သည်။
၁၉၃ဝ ပြည့်လွန် နှစ်များ ကတည်းက 'မြကေတု' ကလောင် အမည်ဖြင့် ကဗျာ၊ ဆောင်းပါးများ စတင် ရေးခဲ့သည်။ တောင်ငူ ရာဇဝင် အကျဉ်းချုပ်နှင့် ဘုရား သမိုင်း (၁၉၆၂)၊ ယုဇနမာလာ ကဗျာများ (၁၉၆၅)၊ နန်းဓလေ့ မှတ်တမ်း (၁၉၆၆)၊ စာပေ တန်ဆောင် (၁၉၆၇)၊ အချုပ်တန်း ဆရာဖေ (၁၉၇၇)၊ သီလရှင် ထိပ်သား (၁၉၇၉)၊ နတ်ရှင်နောင် ဘဝနှင့် ပတ်ဝန်းကျင် (၁၉၈၅)၊ တက္ကသိုလ် စာပေ တန်ဆောင် (၁၉၉၄)၊ နှောင်းခေတ် တက္ကသိုလ် မှတ်တမ်းများ (၁၉၉၅) စသည် တို့ကို ရေးသား ခဲ့သည်။
'ဦးချမ်းမြ' အမည်ရင်းဖြင့် မြန်မာနိုင်ငံ သုတေသန အသင်း အတွက် နတ်ရှင်နောင် ရတုများ (၁၉၄ဝ)၊ ဦးယာ၏ ဆယ့်နှစ် ရာသီ လူးတား (၁၉၄၁)၊ ကဗျာယဉ် စာယဉ် လက်ရွေးစင် (၁၉၅၈ - ၁၉၆၁) စာအုပ် များကို တည်းဖြတ် ပြုစု ခဲ့သည်။ သခင်ထွေး ဧချင်းကို တည်းဖြတ် ပြီးခဲ့ သော်လည်း ပုံနှိပ်တိုက်တွင် စာမူ ပျောက်ဆုံး ခဲ့သောကြောင့် စာအုပ် မဖြစ်မြောက် ခဲ့ပေ။
ကလောင် အမည်ခွဲ တခုမှာ 'ယုဇန' ဖြစ်၏။ ၁၉၈၁ တွင် နိုင်ငံ့ ဂုဏ်ရည်ဘွဲ့ (ဒုတိယဆင့်) ရရှိ ခဲ့သည်။
စာညွှန်း
- နေထွတ်။ မန္တလေး အဘိဓာန်။ စာ ၄၈ - ၄၉။
- မလိခ။ မြန်မာ စာပေ အဘိဓာန်(၁)။ စာ ၂၆နှင့် ၂၃ဝ။
- မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၉၈)။ စာ ၁၉၇။
- သုတေသန စာစဉ် သမိုင်း၊ သုတေသန စာစဉ် စာရင်း၊ သုတေသန စာစဉ် စာတည်းများ။ စာ ၅၁-၅၂။
- မန္တလေးနှင့် စာပေ ခရီး (၁၉၉၈)၊ စာ ၅၇ - ၅၈။
ကိုးကား
- ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်သော '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်'(၂ဝဝ၅ ခု၊ ဇူလိုင်)