မြင့်၊ ဆရာ (ဒါရိုက်တာ)

၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

ဒါရိုက်တာဆရာမြင့်


ဒါရိုက်တာ ဆရာမြင့် [၁၈၉၈ - ၁၉၇ဝ]


တွံတေးမြို့၌ အဖ ကုန်သည်ကြီး ဦးသာဗျော၊ အမိ ဒေါ်ရွှေဦး တို့က ၁၈၉၈ ခုနှစ် ဧပြီလ ၁၉ ရက် အင်္ဂါနေ့တွင် ဖွားမြင်သည်။ ငယ်မည်မှာ မောင်စံမြင့်၊ အမည်ရင်းမှာ ဦးမြင့် ဖြစ်၍ ကလောင် အမည်မှာ ဒါရိုက်တာ ဆရာမြင့် ဖြစ်သည်။


တွံတေးမြို့ လွှစင်ပိုင်း ဦးစောလှိုင် ကျောင်းမှ ခုနစ်တန်း အောင်မြင် ပြီးနောက် ရန်ကုန်မြို့ ကူရှင် ကျောင်းတွင် ဆက်လက် ပညာ သင်ယူသည်။ ငယ်စဉ်ကပင် အနုပညာ ဝါသနာ ထုံခဲ့ပြီး အစ်မ ဝမ်းကွဲ မိန်းမ မင်းသား ဒေါ်စိန်မိုး ဇာတ်သဘင်သို့ ဝင်ကာ လက်ထောက် မင်းသား ဘဝမှ အပျိုတော် မင်းသမီး အထိ သင်ယူ လေ့လာ ခဲ့ဖူးသည်။ ကဗျာ လင်္ကာ ဆရာကြီး ဘိုကလေး ဦးသက်ရှည် ထံတွင် ကဗျာ လင်္ကာ ဆည်းပူး ခဲ့သည်။ ၁၉၂၃ ၌ ရွှေဥဒေါင်း ရုပ်ရှင် ကုမ္ပဏီတွင် ဒါရိုက်တာ အဖြစ် လုပ်ကိုင် ခဲ့သည်။ ၁၉၂၉ တွင် မန္တလေး တိုင်းချစ် သတင်းစာ၌ လက်ထောက် အယ်ဒီတာနှင့် မန္တလေး မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ၊ ၁၉၃ဝ - ၃၁ တွင် သီပေါမြို့မှ ၁၅ ရက် တကြိမ်ထုတ် ရတနာသီဟ ဂျာနယ် အယ်ဒီတာ၊ ၁၉၃၃ ခုတွင် ဗြိတိသျှ ဘားမား ရုပ်ရှင် စသည် တို့၌ လုပ်ကိုင် ခဲ့သည်။ ၁၉၃၈ - ၃၉ ခုနှစ်တွင် တရုတ် - မြန်မာ လမ်းမကြီး ဖောက်လုပ်စဉ် မြန်မာ့ အလင်း သတင်းစာ၏ နယ်ခြား ခရီးသွား သတင်းထောက် အဖြစ် တာဝန် ယူခဲ့၏။ ၁၉၄ဝ ပြည့်နှစ်တွင် ပဲရော့ ကုမ္ပဏီ၌ ဒါရိုက်တာ လုပ်ခဲ့သည် ရုပ်ရှင် လောကတွင် ရှိစဉ် "ရဂုံဗွေ"၊ "ငွေတောင်သူ" စသည့် ရှမ်းပြည်နယ် နောက်ခံ ဇာတ်ကား များကို ရိုက်ကူး ခဲ့သည်။


ဒုတိယ ကမ္ဘာ့စစ်ကြီး အတွင်းတွင် မြန်မာ့အလင်း၊ သူရိယ၊ ဗမာ့ခေတ် သတင်းစာများ အတွက် ဖျာပုံ သတင်းထောက် လုပ်ခဲ့သည်။ စစ်အပြီး ၁၉၄၅ ခုနှစ်တွင် ရန်ကုန်သို့ တက်လာ၍ မြိုင်ပြဇာတ် အဖွဲ့၌ ဒါရိုက်တာ လုပ်သည်။ နောက်ဆုံးတွင်မူ စာပေ နယ်မြေသို့ ကွယ်လွန်သည် အထိ ပြည်လည် ခြေဦး လှည့်ခဲ့သည်။


၁၉၂၁ - ၂၂ ခုနှစ် တမတ်တန် ဝတ္ထု ခေတ်တွင် စတင် ရေးသား ခဲ့သည်။ ဒါရိုက်တာ ဆရာမြင့် ကလောင် အမည် အပြင် ဦးတိုင်းလုံးကျော် (ဦးတိုင်းကျော်)၊ ဟံသမြင့် အစ ရှိသည့် ကလောင် အမည်များ ဖြင့်လည်း ရေးသား ခဲ့သည်။ လူပျို့ အိတ်အောင် [ဦးတိုင်းလုံးကျော် ကလောင် အမည်နှင့်] (၁၉၄၁)၊ အပျိုချော့နည်း နိဿရည်း [လူပျို့ အိတ်ဆောင် စာအုပ်ကို ဒုတိယ အကြိမ် ချဲ့ထွင် ပြင်ဆင် အမည် ပြောင်း၍ ဦးတိုင်းလုံးကျော် ကလောင် အမည်နှင့်] (၁၉၄၁)၊ နတ်နှင့် ဝိဇ္ဇာ (၁၉၄၁)၊ တို့လူမျိုး (၁၉၄၆)၊ နတ်ပေါင်းစုံ (၁၉၆၁)၊ ရှမ်းပြည် ကြေးမုံ (၁၉၆၅)၊ မြေမြင့်ဆီမှ သွေးချင်းများ (၁၉၆၆) တို့မှာ ထင်ရှားသည်။ ငွေတာရီ၊ စန္ဒာ၊ ဆန်းသစ်ဦး၊ မြဝတီ၊ မြန်မာ့ ရုပ်ရှင် မဂ္ဂဇင်း၊ ယဉ်ကျေးမှု စာစောင်၊ ရှုမဝ၊ သွေးသောက်၊ စာပေဗိမာန် မဂ္ဂဇင်း၊ ပေးဖူးလွှာ၊ လင်းရောင် စာပေ မဂ္ဂဇင်း တို့တွင် ဆောင်းပါးပေါင်း (၇၅) ပုဒ်ကျော် ရေးခဲ့သည်။ နောက်ဆုံး လက်ရာ ဆောင်းပါးမှာ ၁၉၇ဝ ပြည့်နှစ် မတ်လ စန္ဒာ မဂ္ဂဇင်းမှာ ပါဝင်သည့် "ရွှေပလောင် ငွေပလောင်" ဖြစ်သည်။ ရှမ်းပြည် ကြေးမုံ စာအုပ်ဖြင့် ၁၉၆၃ ခုနှစ် အနုပညာ စာပေ ဆိုင်ရာဆု၊ မြန်မာ့ ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာ စာပေ စတုတ္ထဆု ရရှိ ခဲ့သည်။


၁၉၇ဝ ပြည့်နှစ် မေလ ၂ဝ ရက်နေ့တွင် ရန်ကုန်မြို့ ကျောက်မြောင်းရပ် နေအိမ်၌ ကွယ်လွန် ခဲ့သည်။

စာညွှန်း။ ။

  1. ဒဂုန်ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၁၅၈ - ၁၅၉။
  2. စံပြတင်ဦး။ မြန်မာစာ ရေးဆရာများ အဘိဓာန်။ စာ ၂၃၈ - ၂၄ဝ။
  3. နန်းကြေးမုံ။ ဆရာမြင့် စာပေါင်းစု၊ ငွေတာရီ (ဇွန် ၁၉၇၁)။ စာ ၄၁ - ၄၄။]
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.