မြတ်လေးနွယ်၊ ဒဂုန်
၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။
ဒဂုန် မြတ်လေးနွယ် [၁၉၁၁ - ၁၉၉၁]
ပဲခူးတိုင်း မင်းလှမြို့၌ အဖ ကုန်သည် ဦးမြဂဲ၊ အမိ ဒေါ်စောရင် တို့က ၁၉၁၁ ခု အောက်တိုဘာ ၅ ရက်နေ့တွင် မွေးဖွား ခဲ့သည်။ ရန်ကုန် ကြည့်မြင်တိုင် အိုးဘို ရပ်ကွက်တွင် ကြီးပြင်း ခဲ့သည်။ မွေးချင်း ငါးယောက်တွင် တတိယ မြောက်သား ဖြစ်သည်။ အမည်ရင်းမှာ ဦးအေးငွေ ဖြစ်သည်။
ကြည့်မြင်တိုင် အေဘီအမ် ကျောင်းတွင် မူလတန်း ပညာ သင်ကြား ခဲ့သည်။ အထက်တန်း ပညာ ကိုမူ အမျိုးသား အထက်တန်း ကျောင်း [ယခု အထမ (၁) လမ်းမတော်] တွင် ဆည်းပူး ခဲ့သည်။ ၁၉၃၁ တွင် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက် ပညာ သင်ယူ ခဲ့သည်။ ၁၉၃၆ ခု တက္ကသိုလ် ကျောင်းသား သပိတ်တွင် သပိတ်မှောက် ကျောင်းသား ဧည့်ခံ ကြိုဆိုရေး အဖွဲ့ဝင် အဖြစ် ပါဝင် ခဲ့သည်။ ၁၉၃၇ တွင် ဝိဇ္ဇာဘွဲ့ ရရှိ ခဲ့သည်။
၁၉၃၇ တွင် မန္ဈလေး ရဲတပ် ကျောင်းသို့ တက်ခဲ့သည်။ ရာဇဝတ်အုပ် အဖြစ် တာဝန် ထမ်းဆောင်ရင်း ရဲတပ်ဖွဲ့ ဘောလုံး အသင်းတွင် ပါဝင် ကစား ခဲ့သည်။ ရဲတပ်ဖွဲ့မှ နုတ်ထွက် ပြီးနောက် လူငယ်များ စာရိတ္တ ပြုပြင်ရေး ဂေဟာတွင် ကျောင်းအုပ် အဖြစ် တာဝန် ယူခဲ့သည်။ ထို့နောက် ပြင်ဦးလွင် ဗိုလ်သင်တန်းကျောင်း တက်ခဲ့ရာ၊ ၁၉၄ဝ တွင် ဒုတိယဗိုလ် ဖြစ်လာ ခဲ့သည်။ ၁၉၄၂ တွင် ဘီအိုင်အေသို့ ဗိုလ် အဆင့်ဖြင့်ဝင်ခဲ့သည်။ ဘီဒီအေတွင် စစ်ဌာနချုပ် ရုံးအုပ် ဗိုလ်ကြီး ဖြစ်လာခဲ့၏။ ပျဉ်းမနား တပ်းရင်း ၆ တပ်ခွဲမှူး၊ ဗိုလ်မှူး ဗထူး တပ်ရင်းမှူး အဖြစ် တာဝန် ယူသော စက်မှုလက်မှု တပ်ရင်း (၁) တွင် ဒုတပ်မှူး အဖြစ် တာဝန် ယူပြီး အင်ဖာသို့ ချီတက် ခဲ့သည်။
၁၉၄၃ - ၄၄ တွင် ဂျပန် နိုင်ငံ၌ မြန်မာ အစိုးရ၏ တွဲဖက် စစ်သံမှူး အဖြစ် တာဝန် ယူ၍ ပထမ သုတ်နှင့် ဒုတိယ သုတ် စစ်ပညာသင်များ၊ လေတပ် စစ်ပညာသင် များကို အုပ်ချုပ် ခဲ့ရသည်။ ပြည်သူ့ရဲဘော် အဖွဲ့ ပြန်ကြားရေး ဌာနမှူးနှင့် ပြည်သူ့ရဲဘော် ဂျာနယ် ဦးစီး အယ်ဒီတာ (၁၉၄၅ - ၄၇)၊ သောင်းကျန်းသူ နှိမ်နင်းရေး တပ်ရင်း (၁) တပ်ရင်းမှူး (၁၉၄၇)၊ မြဝတီ မဂ္ဂဇင်း တည်ထောင်သူနှင့်အယ်ဒီတာချုပ် (၁၉၅၂)၊ ဩစတြေးလျ နိုင်ငံ ဆိုင်ရာ မြန်မာ စစ်သံမှူး (၁၉၅၃ - ၅၆)၊ ဗထူး စစ်သင်တန်းမှူး (၁၉၅၆) စသည် အမှု ထမ်းခဲ့ပြီး ၁၉၅၈ တွင် တပ်မတော်မှ အငြိမ်းစား ယူခဲ့သည်။
ပြည်တွင်း ရေကြောင်း သယ်ယူ ပို့ဆောင်ရေး အဖွဲ့ စုံစမ်း စစ်ဆေးရေးနှင့် သွားလာ ပို့ဆောင်ရေး အရာရှိချုပ် (၁၉၅၈ - ၅၉)၊ ပြည်သူ့ ဖိနပ် စက်ရုံ [ယခု တပ်မတော် ဖိနပ် စက်ရုံ] တည်ထောင်သူနှင့် အုပ်ချုပ်သူ (၁၉၆၁ - ၆၂)၊ အင်းဝ စာအုပ်တိုက် တွဲဖက် အုပ်ချုပ်သူ (၁၉၆၃)၊ မြန်မာ နိုင်ငံ စစ်ပြန် စစ်မှု ထမ်းဟောင်း အဖွဲ့ တည်ထောင်သူနှင့် ဒုတိယ ဥက္ကဋ္ဌ (၁၉၆၆ - ၆၇)၊ တဖန် ဥက္ကဋ္ဌ တာဝန်နှင့် ပြည်သူ့ ကြယ်ဂျာနယ် အယ်ဒီတာချုပ် (၁၉၆၈ - ၇၃)၊ ကြည့်မြင်တိုင် မြို့နယ် စစ်မှု ထမ်းဟောင်း အဖွဲ့ နာယက၊ စစ်ပြန် မဂ္ဂဇင်း အယ်ဒီတာချုပ် မှသည် ဦးစီး နာယက အဖြစ် သို့တိုင် ကွယ်လွန်ချိန်ထိ ဆောင်ရွက် ခဲ့သည်။
၁၉၃ဝ ပြည့် ဝန်းကျင်မှ စ၍ ကဝိ မျက်မှန် မဂ္ဂဇင်းတွင် ဝတ္ထုတို များကို 'မြတ်လေးနွယ်' ကလောင် အမည်ဖြင့် စ ရေးခဲ့သည်။ ၁၉၃၁ တွင် ဒဂုန် မဂ္ဂဇင်း၌ 'မမေ့နိုင်' ဝတ္ထုတိုကို 'ဒဂုန် မြတ်လေးနွယ်' ကလောင် အမည်ခံ၍ ရေးခဲ့သည်။ ထို့နောက် ဒဂုန် မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ဝင် ဖြစ်လာသည်။ ပထမဆုံး လုံးချင်း ဝတ္ထုမှာ ဂုဏ်လောက (၁၉၃၁) ဖြစ်သည်။ ချစ်တေးသံ (၁၉၃၅) ကို ခရေနှင့် နှင်းဆီ (၁၉၆၆) အမည်ပြောင်း ထုတ်သည့် စာအုပ်၊ မြားနတ်မောင်နှင့် သမိုင်း တကွေ့ ဖြစ်ရပ် မှတ်တမ်း တို့မှာ ထင်းရှားသည်။ မြဝတီ မဂ္ဂဇင်းတွင် ဘာသာရေးနှင့် ခရီးသွား ဆောင်းပါး များကို 'ဗိုလ်မှူး သက်ရှည်' အမည်ဖြင့် လည်းကောင်း၊ စစ်ပြန် မဂ္ဂဇင်းတွင် "အရှေ့မှ အရှေ့သို့" ဆောင်းပါး ရှည်ကြီးကို 'အငြိမ်းစား ဗိုလ်မှူး အေးငွေ' အမည်ဖြင့် လည်းကောင်း ရေးခဲ့သည်။
ဒုတိယ ကမ္ဘာစစ် မတိုင်မီက 'နီလာရောင်'၊ 'မြဂနိုင်'၊ 'ခေတ်ဆန်းချိန်' စသော ရုပ်ရှင် ဇာတ်ညွှန်းများ ရေးခဲ့သည်။ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းတွင် 'တနေဝင်သော်'၊ 'မြ' စသော ရုပ်ရှင် ဇာတ်ကား များကို ကိုယ်တိုင် ဇာတ်ညွွှန်း ရေးသားပြီး ဒါရိုက်တာ အဖြစ် ရိုက်ကူး ခဲ့သည်။
၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင် အိုးဘိုလမ်း နေအိမ်၌ ကွယ်လွန် ခဲ့သည်။
ကိုးကား
- မလိခ။ မြန်မာစာပေ အဘိဓာန် (၃)။ စာ ၁၃၉-၁၄၁။
- မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၉၂)။ စာ ၂၂၈-၂၂၉။
- စစ်မှုထမ်းဟောင်း အဖွဲ့ (ဗဟို) နှင့် ရိုးရာ ပန်းပညာရှင်များ ကောင်စီ (ဗဟို) ဆွေးနွေးပွဲ၊ ပန် (ဩဂုတ် ၁၉၈၇)။ စာ ၆၃-၆၆။
- ဘဝနိဂုံး၊ မိုးဂျာနယ် (ဖေဖော်ဝါရီ ၁၉၉၁)။ စာ ၇၇။]