မြန်မာပြည်သိန်းတန်

သိန်းတန် (မြန်မာပြည်) သည် မြန်မာနိုင်ငံသား တေးရေး၊ တေးဆို၊ ဂီတမှူး တစ်ဦးဖြစ်သည်။

ကိုယ်ရေးအကျဉ်း

ဦးသိန်းတန်(မြန်မာပြည်) သည် အင်းဝဇာတိဖြစ်၍ ၁၉၄၅ ခုနှစ်၊ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်မွေးဖွားခဲ့သည်။ မိသားစုမျိုးရိုးထဲတွင် ဂီတလောကကိုဝါသနာပါသူတစ်ဦးတစ်ယောက်မှမရှိသော်လည်း ဦးသိန်းတန် အသက် ၁၃ နှစ်အရွယ်တွင် ကမ္ဘာကျော်ရော့ခ်ဘုရင် အဲလ်ဗစ်ပရက်စလေ(Elvis Presley) ၏ King Creole ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုပြီးနောက်ပိုင်းတွင် ဦးသိန်းတန်၏ရင်ထဲ၌ ဂီတပိုးစတင်စီးဝင်ခဲ့သည်။ ထိုရလဒ်အဖြစ် ဖခင်ဖြစ်သူက အိမ်ပေါ်မှနှင်ချခြင်းကို ခံခဲ့ရသည်။ နှင်ချခံရပြီးနောက် သူငယ်ချင်းများ၏အိမ်တွင် တစ်လှည့်စီနေထိုင်ရင်း ငယ်ဘဝကုန်ဆုံးခဲ့ရသည်။

အနုပညာလောက

အစောဆုံးကာလများတွင် ဗစ်တာခင်ညိုThe Shades တီးဝိုင်းတွင် လိဒ်ဂစ်တာကို စတင်တီးခတ်ခဲ့သည်။ထိုစဉ်က လျှပ်စစ်ဂစ်တာများ ယခုကဲ့သို့ မပေါများသေးသောကြောင့် ကိုယ်ပိုင်တီထွင်ထုတ်လုပ်သောလျှပ်စစ်ဂစ်တာများဖြင့်သာ တီးခတ်ခဲ့ရသည်။

ထို့နောက်ပိုင်းတွင် ပလေးဘွိုင်းသန်းနိုင်Playboy တေးဂီတအဖွဲ့နှင့်လက်တွဲကာ တေးသီချင်းများစတင်သီဆိုခဲ့ကာ ပထမဦးဆုံးသီဆိုခဲ့သည့်သီချင်းမှာ ဇော်မင်းလေး ရေးသားသီကုံးသည့် "မနောအလှပန်းမောင့်ချစ်သူ" ဖြစ်သည်။

နောက်ပိုင်းတွင် "တောင်ပြာတန်းကမောင့်ချစ်သူ"၊ "စတိတ်ရှိုးနဲ့တိတ်တခိုးအချစ်"၊ "ရွှေဘုံစံမင်းသမီးလေး" ၊ "ရွှေရုပ်ကလေးကောက်ရသူ"၊ "စနေထောင့်မှာပန်းလှူမယ်" ၊ "သူဆိုသူမှချစ်မိခဲ့"၊ "မေတ္တာရေလှိုင်း" စသည့်တေးသီချင်းများကို ဆက်လက်သီဆိုခဲ့ရာ အောင်မြင်မှုတစ်ခုအဖြစ် မှတ်တိုင်စိုက်ထူနိုင်ခဲ့သည်။

၁၉၇၉ ခုနှစ်အရောက်တွင် ကိုယ်တိုင်ဦးဆောင်ကာ L.P.J (Love,Peace & Joy) အမည်ရှိ တီးဝိုင်းကိုထူထောင်ဖွဲ့စည်းခဲ့သည်။ ထို L.P.J တီးဝိုင်းဖြင့်လည်း တေးသီချင်းများနှင့်တေးစီးရီးများ သီဆို၊ တီးခတ်၊ ထုတ်လုပ်ခဲ့ရာ အများစုမှာ လူကြိုက်များအောင်မြင်ခဲ့ကြ၏ ။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.