မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်
ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည် ၁၉၆၂ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့တွင် ကျင်းပခဲ့သော တပ်မတော် တပ်မှူးများ ညီလာခံ၌ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဟူသော နိုင်ငံတည်ဆောက်ရေး လမ်းစဉ်ကြီးတစ်ရပ်ကို ချမှတ်ခဲ့သည်။ ထိုလမ်းစဉ်၏ အနှစ်သာရ၊ အဓိက အသွင်လက္ခဏာရပ်များနှင့် တကွ၊ တော်လှန်ရေးကောင်စီသည် ထိုလမ်းစဉ်ကို အကောင် အထည်ဖော်သောအားဖြင့် မည်သို့ဆောင်ရွက်နေပုံတို့ကိုပါ အောက်တွင် တွေ့မြင်ဖတ်ရှုရပေမည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်
ပြည်ထောင်စုမြန်မာနိုင်ငံ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီသည် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဖွဲ့စည်းဖြစ်ပေါ်လာခဲ့သည်။ တော်လှန်ရေး ကောင်စီသည်ပြည်ထောင်စု မြန်မာနိုင်ငံ၏ ယိုယွင်းလာနေ ခဲ့သော အခြေအနေဆိုးကို ဖျက်သိမ်းရန်နှင့် တိုးတက် ကောင်းမွန်၍ သာယာဝပြောအံ့သော လူ့ဘောင်သစ်ကို တည်ဆောက်ရန်တို့ အတွက် နိုင်ငံတော် အာဏာကို မလွှဲသာပဲ သိမ်းယူခဲ့ရလေသည်။
ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီသည် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြ ကုန်သော တိုင်းရင်းသား လူမျိုးများ အားလုံးပါဝင်သော လုပ်သားပြည်သူ လူထုကြီး တစ်ရပ်လုံး၏ လူမှုရေး အကျိုးစီးပွားကို အခြေခံ သည့် နိုင်ငံတည်ဆောက်ရေး လမ်းစဉ်ကြီး တစ်ရပ်ကို ၁၉၆၂ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့တွင် ကျင်းပခဲ့သော တပ်မတော် တပ်မှူးများ ညီလာခံ၌ အညီအညွတ် အတည်ပြု၍ ချမှတ်ခဲ့ လေသည်။ နိုင်ငံတည်ဆောက်ရေး လမ်းစဉ်၏ အမည်နာမ သည်ကား မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဟူသတည်း။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်၏ အနှစ်သာရသည် ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား လူမျိုးစုံ၊ ဘာသာစုံ ပါဝင်သည့် လုပ်သားပြည်သူလူထုကြီး တစ်ရပ်လုံး၏ စားဝတ်နေရေးနှင့် လူမှုရေး အကျိုးစီးပွား အရပ်ရပ်ကို အစွမ်းဆောင်နိုင်ဆုံးသော နည်းလမ်းဖြင့် ထာဝစဉ်ဆောင်ရွက် နေမည် ဟူသော မွန်မြတ်သော ရည်ရွယ်ချက်ကြီး ဖြစ်ပေ သည်။ ဤရည်ရွယ်ချက်ကြီးသည်ပင်လျှင် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်၏ အခြေခံအကျဆုံးသော လမ်းညွှန်တရား ကြီးဖြစ်ပေသည်။
ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီသည် အဘယ်မည်သော ယုံကြည်ချက်ကို အခြေပြု၍ ဤမည်သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ဆောင်ရွက်ပေသနည်း။ တော်လှန်ရေး ကောင်စီသည် မိမိ၏ ယုံကြည် ချက်ကို ဤသို့ ကြေညာခဲ့ပေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီသည် ဤလောက၌ လူလူချင်း ခေါင်းပုံဖြတ်၍ မတရား အမြတ်ရှာစားသော စီးပွားရေး စနစ်ဆိုးများ တည်ရှိနေသရွေ့ ကာလပတ်လုံး လူအပေါင်းကို လူမှုဒုက္ခများမှ လွတ်မြောက်စေလိမ့်မည်စု မယုံကြည်။ ဤပြည်ထောင်စု မြန်မာနိုင်ငံတွင် လူလူချင်း ခေါင်းပုံဖြတ်ခြင်းကင်း၍ တရား မျှတမှုရှိ သော ဆိုရှယ်လစ်စီးပွားရေး စနစ်ကို တည်ဆောက် နိုင်မှသာလျှင် လူမျိုးမရွေး ဘာသာမရွေး ပြည်သူလူထု အပေါင်းသည် အစားဆင်းရဲခြင်း ဒုက္ခ၊ အဝတ်ဆင်းရဲခြင်း ဒုက္ခ၊ အနေဆင်းရဲခြင်း ဒုက္ခ၊ အူမ မတောင့်သဖြင့် သီလ မစောင့်နိုင်သော ဒုက္ခ အစရှိသည့် လူမှုဒုက္ခ အပေါင်းမှ လွတ်မြောက်ကြလျက်၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြမည့် သာယာဝပြောသော လောကသစ်ကြီးသို့ရောက်ရှိ နိုင်မည်ဟု ယုံကြည်သည်။ သို့ယုံကြည်သည့်အတိုင်း ဆိုရှယ်လစ် လောကသို့ မရောက်ရောက်အောင် ပြည်သူတို့ နှင့်အတူ လက်တွဲချီတက်ကြမည်ဟု အလေးအနက် အဓိဌာန် ပြုသည်။
တော်လှန်ရေး ကောင်စီသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် အရဖြစ်သော ဆိုရှယ်လစ်စီးပွားရေးစနစ်၏ အခြေခံသဘော တရားကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်စာတမ်း၊ စာပိုဒ်အမှတ် ၆၊ ၇၊ ၈၊ ၉၊ ၁ဝ၊ ၁၁၊ ၁၂ တို့တွင် ဤသို့ ဖွင့်ဆိုခဲ့ပေသည်။ ဆိုရှယ်လစ် စီးပွားရေး စနစ်၏ တရားကိုယ်သဘောမှာ အများ ကောင်းကျိုးအတွက် လူတိုင်းပါဝင်သော အများပိုင် လုပ်ငန်း များကို အများက ဝိုင်းလုပ်ပြီး ပေးထွက်လာသည့် အကျိုး စီးပွားများကို အများအားလုံးပင် လုံလုံလောက်လောက်နှင့် ကျေကျေနပ်နပ် ရရှိခံစားနိုင်အပ်သော စီမံမှု သဘောတရား ဖြစ်ပေသည်။ ဆိုရှယ်လစ်စီးပွားရေး စနစ်၏ ရည်ရွယ်ချက်မှာ လူတိုင်းအားစီးပွားရေး ဖူလုံစေပြီး၊ ကိုယ်ကျင့်တရား
ကောင်းလာစေခြင်းဖြင့် ပြည်သူအပေါင်း၏ ငြိမ်းချမ်း သာယာသော လောကသစ်ကြီးကို တည်ဆောက်ရန်ဖြစ်ပေသည်။ ထို့ကြောင့် ဆိုရှယ်လစ် စီးပွားရေး စနစ်သည် လူလူချင်း ခေါင်းပုံဖြတ်၍ ကိုယ်ကျိုးရှာစားသော မည်သည့် စီးပွားရေး စနစ်ဆိုးများကိုမဆို ဆန့်ကျင်သည်။ ဆိုရှယ်လစ် စီးပွားရေး စနစ်သည် လူတစ်စု၊ လူတစ်ဖွဲ့၊ လူတန်းစား တစ်ရပ်နှင့် ပါတီဝင် လူတန်းစား တစ်သိုက်၏ ကျဉ်းမြောင်းသော ကိုယ်ကျိုးများအတွက် မလုပ်ဆောင်ဘဲ၊ တိုင်းသူပြည်သား လူအများ၏ လူ့ဘဝ လိုအင်ဆန္ဒများကို ဖြည့် စွမ်းပေးရန်အတွက်သာလျှင် ရည်ရွယ်ချက်ထားပြီး စီမံဆောင်ရွက်သည်။
ဆိုရှယ်လစ် စီးပွားရေး လုပ်ငန်းသည် တိုင်းပြည်၏ ကုန်ထုတ်စွမ်းအားစုကို စနစ်တကျ စီမံကိန်းချ၍ အချိုးကျ တိုးတက်အောင် ဆောင်ရွက်ပေးသည်။
ကုန်ထုတ်စွမ်းအားစု ဆိုသည်မှာ တိုင်းပြည်တစ်ပြည်ရှိ မြေတွင်း မြေပေးထွက် ဓာတ်သဘာဝ ပစ္စည်းအရင်းအနှီးများ၊ ကုန်ကြမ်းကုန်ရိုင်းများ၊ ကုန်လုပ် ကိရိယာအရင်းအနှီးများ၊ စုဆောင်းမိပြီးသော အရင်းအနှီးများ၊ တောင်သူ လယ်သမား များနှင့် ကုန်ထုတ်အလုပ်သမားများ၊ ပညာသည်များ၊ ကုန်လုပ် ဗဟုသုတအတွေ့အကြုံများနှင့်ကျွမ်းကျင်မှုများ အစရှိသည်တို့ကို စုရုံးသိမ်းကျုံး၍ ခေါ်ဆိုခြင်း ဖြစ်သည်။
ဆိုရှယ်လစ် စီးပွားရေး လုပ်ငန်းသည် တိုင်းပြည်၏ လူဦးရေနှင့် ကုန်ထုတ်စွမ်းအားစုကို အချိုးကျ စီမံကိန်းချ၍ ပြည်သူလူအများအတွက် လူသုံးကုန်ပစ္စည်းများကို လုံလောက်၍ ပေါများလာအောင် ထုတ်လုပ်ပေးသည်။ ပြည်သူလူထု၏ နေထိုင်မှု အဆင့်အတန်းနှင့် ဝယ်နိုင်အားများတိုးပွားလာအောင် ဆောင်ရွက်ရင်း ကုန်ထုတ်လုပ်ငန်းကို တိုးချဲ့လာစေသည်။ ဤနည်းအားဖြင့် အလုပ်လက်မဲ့ မရှိစေတော့ဘဲ၊ လူတိုင်း၏ အသက်မွေးဝမ်းကျောင်းမှုကို လုံခြုံလာစေသည်။
ဆိုရှယ်လစ် စီမံကိန်းများကို ဆောင်ရွက်နိုင်ရန်အတွက် တိုင်းပြည်၏ အသက်သွေးကြောဖြစ်သော ကုန်ထုတ် အရင်း အနှီးများ ( ကုန်ထုတ်လုပ်ငန်း၊ ကုန်စည်ဖြန့်ဖြူးရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်ပ ကုန်သွယ်ရေးလုပ်ငန်း အစရှိသည်များ )ကို နိုင်ငံပိုင် လုပ်ရ မည်သာ ဖြစ်သည်။ တိုင်းပြည်၏ ကုန်ထုတ်အရင်းအနှီးများကို နိုင်ငံတော်ကသော်လည်းကောင်း သမဝါယမနှင့် စုပေါင်းအဖွဲ့ များကသော်လည်းကောင်း၊ ပိုင်ဆိုင်ရမည်။ ယင်းပိုင်ဆိုင်မှု များတွင် နိုင်ငံတော်ပိုင်ဆိုင်မှုသည် ဆိုရှယ်လစ် စီးပွားရေး စနစ်၏ အဓိကအခြေခံဖြစ်ပေသည်။ နိုင်ငံတော် ပိုင်ဆိုင်မှုသည် ပြည်သူတစ်ရပ်လုံး၏ ပိုင်ဆိုင်မှုသည် သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီး၏ ပိုင်ဆိုင်မှုမျှသာဖြစ်သည်။ သို့သော်လည်း အားလုံးသည် ဆိုရှယ်လစ် အမျိုးသားစီမံကိန်း၏ ဘောင်အတွင်း၌သာလျှင် ဆောင်ရွက်ကြရသောကြောင့် အချင်းချင်း ကျေးဇူးပြုကြမည်သာဖြစ်သည်။
ဆိုရှယ်လစ် စီမံကိန်းအရ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ကြသည့်အခါ၊ အလုပ်လုပ်နိုင်သော လူတိုင်း မိမိလုပ်နိုင်သော အလုပ်များကို လုပ်ကြရမည်။ ဖြစ်ထွန်း လာသော အကျိုးစီးပွားများကို အလုပ်လုပ်သော လူတိုင်းသည် မိမိ၏ ကာယ ဉာဏ ဝီရိယ စွမ်းအားအလိုက် ရရှိ၍ ခံစား စေရမည်။
မြန်မာ့ဆိုရှယ်လစ် လောကတွင် လူအားလုံးသည် ညီတူ ညီမျှ မဖြစ်နိုင်ချေ။ လူတစ်ဦးနှင့် လူတစ်ဦးသည် ကာယ ဉာဏ ဝီရိယချင်း မတူညီနိုင်။ ထို့ကြောင့် မတူသော အရည်အချင်းအလိုက် ခြားနားခြင်းများ ရှိပေလိမ့်မည်။ သို့သော်လည်း မြင့်လွန်းသူက မြင့်လွန်းပြီး နိမ့်လွန်းသူက နိမ့်လွန်းခြင်းမျိုး မရှိစေရဘဲ၊ ဆူကြုံနိမ့်မြင့် နည်းနိုင်သမျှ နည်းစေရအောင် နည်းလမ်းမှန်စွာဖြင့် စီမံဆောင်ရွက်ရမည်သာ ဖြစ်သည်။
တော်လှန်ရေး ကောင်စီသည် ဆိုရှယ်လစ် လူနေမှုစနစ်ကို အောင်မြင်စွာ ထူထောင်နိုင်ရန်အတွက် ဆိုရှယ်လစ် ဒီမိုကရေစီ နိုင်ငံတော်ကို ဖွဲ့စည်းတည်ထောင်ရမည်ဟု ကြေညာခဲ့ပေသည်။ ဤအချက်နှင့် စပ်လျဉ်း၍ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်စာတမ်း၊ စာပိုဒ်အမှတ် ၁၃ တွင် ဤသို့ ဖော်ပြထားပေသည်။ ဆိုရှယ်လစ် စီးပွားရေး စနစ်ကို အောင်မြင်စွာ ထူထောင်နိုင်ရန်အတွက် ဆိုရှယ်လစ် ဒီမိုကရေစီ နိုင်ငံတော်ကို ဖွဲ့စည်းတည်ထောင်ရမည်။ ဆိုရှယ်လစ်ဒီမိုကရေစီ နိုင်ငံတော် ဆိုသည်မှာ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို အခြေခံသော၊ ဆိုရှယ်လစ် စီးပွားရေးစနစ်ကိုလည်း ကာကွယ်စောင့်ရှောက် ရမည်ဖြစ်သော ဒီမိုကရေစီ နိုင်ငံတော်မျိုး ဖြစ်သည်။ ဆိုရှယ်လစ် ဒီမိုကရေစီနိုင်ငံတော်ကို ထိန်းသိမ်းရှေ့ဆောင် သွားရမည့် သူများမှာ အဓိကအားဖြင့် တောင်သူလယ်သမား များနှင့် အလုပ်သမားများ ဖြစ်ကြ၍ လူလတ်တန်းစားများနှင့် အများကောင်းစားရေးကို တည်တည် ကြည်ကြည် သစ္စာရှိရှိ လုပ်ဆောင် ကြမည့်သူများလည်း ပါဝင်လက်တွဲလျက် ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။
ဤသည်တို့မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်၏ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ အခြေခံမူများ ဖြစ်ကြပေသည်။ ဤအခြေခံမူများကို အဆိုပြု၍ မြန်မာ့ဆိုရှယ်လစ် လူနေမှုစနစ်ကို တည်ဆောက်ရာတွင် တော်လှန်ရေး ကောင်စီ သည် တိကျပြတ်သားသော အခြေခံသဘောထားကို ခံယူ ကျင့်သုံးလျက် ရှိပေသည်။ ယင်းအခြေခံ သဘောထားကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်စာတမ်း၊ စာပိုဒ် အမှတ် ၂၊ ၃၊ ၄၊ ၅ တို့တွင် အောက်ပါအတိုင်း အထင်အရှား တွေ့ရပေသည်။ နိုင်ငံတော် တော်လှန်ရေး ကောင်စီသည် မိမိ၏ လုပ်ငန်း ရပ်များကို ချမှတ်ရာ၌လည်းကောင်း၊ အကောင်အထည်ဖော်ရာ၌ လည်းကောင်း၊ မြန်မာနိုင်ငံ၏ ရေမြေသဘာဝနှင့် တကယ် ပကတိ တည်ရှိနေသော အဖြစ်မှန် အခြေအနေများကို ယထာ ဘူတကျအောင် လေ့လာသုံးသပ်ပြီး၊ ယင်းသို့ လေ့လာသုံးသပ် ခြင်းမှ ရရှိလာအပ်သော အချက်များကို မူတည်၍ တိုးတက်မှု ဖြစ်စေမည့် နည်းလမ်းများကို ရှာဖွေ ဆောင်ရွက်မည်။
နိုင်ငံတော် တော်လှန်ရေး ကောင်စီသည် မိမိ၏ လုပ်ဆောင်မှုများ
ကို မိမိကိုယ်မိမိ ဝေဖန်စစ်ဆေးသော နည်းအားဖြင့်တိုးတက်
ကောင်းမွန်အောင် ဆောင်ရွက်သွားမည်။။ ကမ္ဘာ့ဖြစ်ရပ်များ
အထဲတွင် လက်ဝဲလက်ယာ သွေဖည်မှုများကို မြင်ဖူး တွေ့ဖူး
ခဲ့ပြီဖြစ်၍ ယင်းလက်ဝဲ လက်ယာ သွေဖည်မှု များမှ လွတ်ကင်း
အောင် သတိတရား လက်ကိုင်ထားပြီး ရှောင်ရှားသွားမည်။
နိုင်ငံတော် တော်လှန်ရေးကောင်စီသည် မည်သည့်
အခြေအနေနှင့် မည်သည့် အခက်အခဲများကို တွေ့တွေ့၊
တိုင်းရင်း ပြည်သူ အပေါင်း၏ အခြေခံ အကျိုးစီးပွားများကို
မျက်ခြည်ပြတ် မခံဘဲ၊ ကာလ ဒေသနှင့် ပြောင်းလဲနေသော
အခြေအနေ များအလျောက် တိုးတက်မှုရှိအောင် ဆောင်ရွက်
သွားမည်သာ ဖြစ်သည်။
နိုင်ငံတော် တော်လှန်ရေးကောင်စီသည် ပြည်သူလူထု အပေါင်း၏ ကောင်းကျိုးချမ်းသာကို လက်တွေ့အားဖြင့် ပေးဆောင်နိုင်စေသော လုပ်ငန်းစဉ်နှင့် နည်းနာနိသယများကို ရှာဖွေ ဆောင်ရွက်မည်။ ထိုသို့ရှာဖွေ ဆောင်ရွက်ရာတွင် တိုင်းပြည် နိုင်ငံမရွေး။ မည်သည့်နိုင်ငံမှပင်မဆို ရယူအပ်သည့် တိုးတက်သော အယူအဆများ။ တိုးတက်သော ကျမ်းစာအုပ် များနှင့် တိုးတက်သော ဘဝအတွေ့အကြုံများ စသည်တို့ကို စိစစ်ဝေဖန်သော စိတ်ဓာတ်ဖြင့် လေ့လာ သုံးသပ်ကာ မြန်မာ နိုင်ငံနှင့် သင့်လျော်အောင် ဆောင်ရွက်သွားမည်သာ ဖြစ်သည်။ တော်လှန်ရေး ကောင်စီသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို အကောင်အထည် ဖော်သောအားဖြင့် အောက်ပါ ဆောင်ရွက်ချက်များကို တစ်ခုပြီးတစ်ခု ပြတ်သားစွာ လုပ်ဆောင်လာခဲ့ပေသည်။ ယင်းတို့မှာ - ၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ရက်နေ့တွင် မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ်ပါတီကို ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း၊ - ၁၉၆၃ ခုနှစ်ဇန္နဝါရီလ ၁၇ ရက်နေ့တွင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ တွေးခေါ် မြော်မြင်ရေး သဘောတရား ဖြစ်သော လူနှင့် ပတ်ဝန်းကျင်တို့၏ အညမညသဘောတရား စာတမ်းကို ထုတ်ပြန်ကြေညာ ခဲ့ခြင်း။
- ၁၉၆၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အမျိုးသား ညီညွတ်ရေးကို ရှေးရှူးအပ်သော လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ခဲ့ခြင်း၊ - ၁၉၆၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ခြင်း။ - တောင်သူ လယ်သမားနှီးနှောဖလှယ်ပွဲ ကြီးများနှင့် အလုပ်သမားနှီးနှော ဖလှယ်ပွဲကြီးများကို နှစ်စဉ် ကျင်းပကာ ဆိုရှယ်လစ် စီးပွားရေးနှင့် လူမှုရေး တည်ဆောက်မှုဆိုင်ရာ ပြသာနာများကို လုပ်သားပြည်သူ လူထုများနှင့် ရင်းရင်း နှီးနှီး ပွင့်ပွင့်လင်းလင်း တိုင်ပင် ဆွေးနွေးခြင်းး၊ ပြည်သူ့ အလုပ်သမားကောင်စီနှင့် ပြည်သူ့ တောင်သူလယ်သမား ကောင်စီတို့ကို ဖွဲ့စည်းးရန် ပြင်ဆင် ဆောင်ရွက်နေခြင်း၊ - ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြ သော တိုင်းရင်းသား လူမျိုးများ၏ စည်းလုံး ညီညွတ်ရေးကို တည်ဆောက်နေခြင်း၊ - ၁၉၆၄ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အမျိုးသား စည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေကို ထုတ်ပြန်ခဲ့ခြင်း၊ - ၁၉၆၃ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ဆိုရှယ်လစ် စီးပွားရေးစနစ် တည်ဆောက်မှုကို ကာကွယ်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း၊ - ၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားနှင့် တိုင်းရင်းသားပိုင် ဘဏ် လုပ်ငန်း ၃၁ ခုကို နိုင်ငံပိုင် ပြုလုပ်ခဲ့ခြင်း၊ - ၁၉၆၃ ခုနှစ် အောကတိုဘာလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ စီးပွားရေ တိုးတက်မှု ကော်ပိုရေးရှင် (ဘီအီးဒီစီ)နှင့် စစ်ဘက် ကုန်စည် ဖြန့်ချိရေးတို့ကို ပြည်သူပိုင် ပြုလုပ်ခဲ့ခြင်း၊ - ၁၉၆၄ မတ်လ ၁၉ ရက်နေ့တွင် ရန်ကုန်နယ်နိမိတ် တွင်လည်းကောင်း၊ ၁၉၆၄ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လည်းကောင်း ကုန်တိုက်ကြီး များ၊ စတိုးဆိုင်ကြီးများ၊ လက္ကားဆိုင်များ၊ ပွဲရုံများ၊ ဂိုဒေါင်များ၊ သမဝါယမ ဆိုင်များနှင့် အထွေထွေ စတိုး ဆိုင်များကို ပြည်သူပိုင် ပြုလုပ်ခဲ့ခြင်း၊ - ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗြိတိသျှ အရင်းရှင်များပိုင်သော ဘီအိုစီ ရေနံ ကုမ္ပဏီလုပ်ငန်း တစ်ရပ်လုံးကို လုံးဝ ပြည်သူပိုင်အဖြစ်သို့ ပြောင်းလွဲ ယူခဲ့ခြင်း၊ - ၁၉၆၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နယ်ချဲ့ အရင်းရှင်ပိုင် ဘားမား ကော်ပိုရေးရှင်း လီမိတက်ကို လုံးဝ ပြည်သူပိုင် အဖြစ် လွဲပြောင်းယူခဲ့ခြင်း၊ - တိုင်းရင်းသား ပုဂ္ဂလိကပိုင် စက်ရုံ အလုပ်ရုံ အချို့ကို ပြည်သူပိုင် ပြုလုပ်ခဲ့ခြင်းနှင့် အချို့တွင် စီမံခန့်ခွဲရေး ကော်မတီများ ခန့်ထား၍ အုပ်ချုပ်ရေးကို လွှဲပြာင်းယူခဲ့ ခြင်း၊
တောင်သူလယ်သမားဘဝ မြှင့်တင်ရေး လုပ်ငန်း ရပ်များ ဖြစ်ကြသည့် ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေကို ပြဋ္ဌာန်းခြင်း၊ ၁၉၆၃ ခုနှစ် သီးစား ချထားရေး ဥပဒေကို ပြဋ္ဌာန်းခြင်း၊ စိုက်ပျိုးရေး စရိတ် ချေးငွေများကို ထုတ်ပေးခြင်း၊ စပါး ကြိုတင်ရောင်းဝယ်ရေး စနစ်ကို ဆောင်ရွက်ခြင်း၊ မြေယာ ကော်မတီ ဖွဲ့စည်းခြင်း၊ လယ်ယာ နှင့် လုပ်ငန်းပေါင်းစုံ သမဝါယမ အသင်းများ ဖွဲ့စည်းခြင်း၊ ကျေးရွာဘဏ်များ ဖွဲ့စည်းခြင်း၊ သီးစားခစနစ်ဖျက်သိမ်းခြင်း၊ သမဝါယမ ကျေးရွာနှင့် ပြည်သူ့စိုက်ပျိုးကွင်းများ ထူထောင်ခြင်း စသည်တို့ အဆက်မပြတ် ဆောင်ရွက်နေခြင်း။ - အလုပ်သမားများ၏ ဘဝမြှင့်တင်ရေး လုပ်ငန်းရပ် များဖြစ်ကြသည့် ၁၉၆၄ ခုနှစ် ပြည်သူအလုပ်သမားများ၏ အခြေခံ ရပိုင်ခွင့်နှင့် တာဝန်များ ပြဋ္ဌာန်းသည့် ဥပဒေကို ၁၉၆၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ပြဋ္ဌာန်းကြေညာခြင်း၊ အလုပ်သမားများ၏ အတိတ်ကာလ နစ်နာမှုများအတွက် ရသင့်ရထိုက်သော အခွင့်အရေးများကို ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေပေးရေး ဌာနများ ဖွင့်လှစ်ခြင်း၊ အလုပ်သမားများ အတွက် လူမှုဖူလုံရေး စီမံကိန်းကို တိုးချဲ့ဆောင်ရွက်ခြင်း၊ အလုပ်သမားရုံးများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ အလုပ်ရုံ စက်ရုံ ပိတ်မှု စုံစမ်းရေး ကော်မတီများ ဖွဲ့စည်းပေးခြင်း၊ အလုပ်သမား သက်သာချောင်ချိရေးအတွက် အခြေခံ စားသုံးကုန်များကို အကြွေးစနစ်ဖြင့် ရောင်းချပေးခြင်း၊ ကာယ ဉာဏလုပ်သား သင်တန်းများ ဖွင့်လှစ်ခြင်း၊ လုပ်သားများ တက္ကသိုလ်ကျောင်း များ ဖွင့်လှစ်ခြင်း၊ လုပ်သားများနှင့် သားသမီးများ ပညာသင်ကြားနိုင်ရန် ညကျောင်းများ ဖွင့်လှစ်ခြင်း၊ အလုပ် သမားများကို ခေါင်းပုံဖြတ်သော ပုဂ္ဂလိက ကန်ထရိုက်လုပ်ငန်းကို ရပ်ဆိုင်းပစ်ခြင်း၊ ၁၉၆၅ ခုနှစ် ဆိုရှယ်လစ်စီးပွားရေး စနစ် တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များ အပ်နှင်းသည့် ဥပဒေကို ထုတ်ပြန်ခြင်း၊ - တရားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာများတွင် တိုးတက် သော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခြင်း၊ - ပညာရေးတွင် စနစ်သစ်ပညာရေးကို ချမှတ်၍ လက်တွေ့အားဖြင့် တိုးတက်အောင် ဆောင်ရွက်နေခြင်း၊ အခြား သော လူမှုရေးများဖြစ်သည့် အမျိုးသား ကျန်းမာရေး တိုးတက်မှုကို ထိရောက်စွာ တိုးချဲ့၍ ဆောင်ရွက်နေခြင်း၊ နိုင်ငံ ခြားမှ သရုတ်ပျက်သော ယဉ်ကျေးမှုများ မဝင်ရောက် မလွှမ်းမိုးရအောင် ကာကွယ်လျက်ရှိခြင်း၊ လူမှုဝန်ထမ်းလုပ်ငန်းရပ်များကို တိုးချဲ့ဆောင်ရွက်နေခြင်း။ ဤသည်တို့ကား ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်နေခဲ့ပြီး၊ ဆောင်ရွက် နေဆဲလည်းဖြစ်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဆိုင်ရာ လုပ်ငန်းရပ်များပေတည်း။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်သည် ပြီးစီးခြင်းသို့ မရောက်ရှိသေးပေ။ ဘယ်အခါတွင် ပြီးပြည့်စုံခြင်းသို့ ရောက်လိမ့်မည် ဟူ၍လည်း စက်ယန္တယားဆန်ဆန် တရားသေဝါဒဖြင့် ကန့်သတ်၍ မရေပေ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်၏ ပြီးမြောက် အောင်မြင်ရေးသည် မြန်မာ တိုင်းရင်းသား လုပ်သားပြည်သူ အပေါင်း၏ နိုးကြားသော လုပ်ကိုင်ဆောင်ရွက်မှုများအပေါ်တွင် တည်မီလျက် ရှိနေ ပေသည်။ မည်သို့ဖြစ်စေ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်သည် မိမိ၏ ထူးခြားသောဝိသေသ လက္ခဏာရပ်များနှင့်အညီ မလွဲမသေ တိုးတက်ဖြစ်ပေါ်ရပေတော့မည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်၏ အောင်ပွဲကို မည်သည့်ဆန့်ကျင်ဘက်မျှ တားဆီး ပိတ်ပင်နိုင်တော့မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်သည် လူ့ဘဝသာယာဝပြောမှုကို လိုလားကြကုန်သော (ဝါ) တိုးတက်လိုကြသော မြန်မာ တိုင်းရင်းသား ပြည်သူ အပေါင်း၏ မြော်မှန်းချက်များကို မှန်ကန်စွာ ဖော်ပြသောကြောင့်ပေတည်း။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်သည် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြကုန်သော တိုင်းရင်းသား လူမျိုးစုံဘာသာစုံ ပါဝင် သည့် လုပ်သား ပြည်သူလူထုကြီး တစ်ရပ်လုံး၏ အခြေခံ အကျိုးစီးပွားအရပ်ရပ်ကို ထာဝစဉ်သာပင် ဆောင်ရွက်လျက် ရှိနေမည် ဖြစ်ရကား မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏ အနှစ်သာရ သည် ထာဝစဉ်ပင် ရှင်သန်နေမည် ဖြစ်ပေသတည်း။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)