ယာဆာ အာရဖတ်

အာရဖတ်၊ ယာဆာ (ခရစ် ၁၉၂၉ ဖွား)

ပယ်လက်စတိုင် လွတ်မြောက်ရေး အဖွဲ့ (ပီအယ်အို) ၏ ဥက္ကဋ္ဌဖြစ်သူ ယာဆာအာရဖတ်ကို ဂျရူးဆလမ်းမြို့တွင် ၁၉၂၉ ခုနှစ်ကဖွားမြင်သည်။ ကုန်သည်ကြီးတစ်ဦး၏ သားဖြစ်၍ အထင်ရှားဆုံးဖြစ်သည့် ဟူစိန်ရီမျိုးနွယ်ဝင် တစ်ဦးလည်းဖြစ်သည်။ အမည်ရင်းမှာ မိုဟာမက်အာ ဗက်အာရှာရဖတ် ဖြစ်သည်။ ကိုင်ရိုတက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ရသည်။ ထိုအတွင်း ဒေသဆိုင်ရာပယ် လက်စတိုင်ကျောင်းသားများ အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရ၏။

အာရဖတ်သည် ၁၉၄၇-၄၈ ခုနှစ်၌ ဖြစ်ပွားခဲ့သော အာရပ်အဇ္ဇရီယယ်စစ်ပွဲတွင် လူငယ်တစ်ယောက် အနေဖြင့် ပါဝင်ပြီး၊ မိဘများ ဂါဇာဒေသသို့ ထွက်ပြေးတိမ်းရှောင်ကြသဖြင့် သူသည်စစ်ပြေးဒုက္ခသည် တစ်ဦး ဖြစ်ခဲ့ရသေးသည်။ ၁၉၅ဝ ပြည့်နှစ်တွင် အာရဖတ်သည် ပယ်လက်စတိုင် ကျောင်းသား များအဖွဲ့၌ အမှုဆောင်ကော်မတီ ဝင်ဖြစ်ပြီး ၁၉၅၂-၅၆ ခုနှစ်များတွင်မူ ဥက္ကဋ္ဌဖြစ်လာသည်။ ၁၉၅၆ ခုနှစ်တွင် အီဂျစ်တပ်မတော်၌ ပါဝင်အမှု ထမ်းသည်။ ထို့နောက်ကူဝိတ်သို့ ပြောင်းရွှေ့ကာ ပြည်သူ့လုပ်ငန်းဝန်ကြီးဌာနတွင် အလုပ်ဝင်လုပ်သည်။ယင်းအလုပ်မှ ၁၉၆၄ ခုနှစ်တွင်ထွက်ခဲ့ပြီး အယ်ဖာတာပြောက်ကျား အဖွဲ့ကို အခြားသူများနှင့် ပူးတွဲ၍တည်ထောင်သည်။ ၁၉၆၈-ခုနှစ် ဇွန်လမှစ၍ ပီအယ်အို အမှုဆောင် ကော်မတီတွင် ဥက္ကဋ္ဌဖြစ်လာသည်။

သူသည် အာရပ်အဝတ်အစားကို ဝတ်ဆင်လျက် ဖြူနက်ကျား တဘက် ခေါင်းဆောင်ကို အမြဲဆောင်း တက်သည်။ နေကာမျက်မှန်မည်းကို တပ်ဆင်လေ့ရှိသည်။ စကားပြောရာတွင်ပွင့်လင်းရိုးသားသည်။ အာရ ဖတ်သည် အရက်သေစာကို မဆိုထားဘိ၊ ဆေးလိပ်ပင် သောက်သူမဟုတ်။ အမြဲနေထိုင်သော အိုးအိမ်ဟူ၍ လည်းသူ့မှာမရှိချေ။ သူဘယ်ရောက်၍ နောက်ထပ်ဘ ယ်စခန်းသို့ပေါက်မည်ကို သူ့ကိုယ်ရံတော်များပင်တစ်ခါ တစ်ရံ ကောင်းစွာမသိလိုက်ပေ၊၊ စင်စစ်သူသည် အဖွဲ့အတွက် ရန်ပုံငွေနှင့်ထောက်ခံ အားပေးမှု တို့ကို ရရှိရန် အတွက် ဒမက်စကတ်မြို့သို့ သွားလိုက်၊ အယ်လဂျီးယားနိုင်ငံဘက်သို့ ထွက်လိုက်၊ ကိုင်ရိုသို့ ရောက်လိုက် စသည်ဖြင့် ဗီရွတ်မြို့မှ မကြာခဏ ထွက်ခွာရလေ့ ရှိသည်။

အလွန်လျှင် အေးချမ်းငြိမ်သက်စွာ နေထိုင်သူအာရဖတ်သ ည်သူ၏အကြောင်းကိုသော်၎င်း၊ပုဂ္ဂိုလ်ရေး ထိပ်တန်းတင်မှုကိုသော်၎င်း၊ ထုတ်ဖော်လိုစိတ် မရှိခဲ့ချေ။ အစည်းအဝေးဆိုလျှင်မည်သူတင်ပြသည့် အယူ အဆပင်ဖြစ်စေ သူဂရုတစိုက်နားထောင်ပြီး လက်ခံဆွေးနွေးတက်သည်။ မိမိ အမျိုးသားများ၏အသေးအမွှား လူမှုရေးကိစ္စကိုပင်အချိန်ယူ၍ စီစဉ်ပေးသူက ဖြစ်သည်။ ဤအရည်အသွေးများကြောင့် ပင်လောမသိ၊ အာရ ဖတ်သည် နိုင်ငံရေးအယူအဆခံယူချက်ခြင်းမတူသော ပြောက်ကျားအဖွဲ့အစည်းများကိုတစ်စည်းတစ်လုံးတည်း ဖြစ်အောင်အချိန်ရှည် ဦးဆောင်လာရင်း အာရပ်လောက၏ အထင်ရှားဆုံးသော ခေါင်းဆောင်တစ်ဦး ဖြစ်နေသည်။ ၁၉၇၃ ခုနှစ်၌ အစပြု၍ ပယ်လက်စတိုင် တော်လှန်ရေးတပ်ဖွဲ့များ၏ တပ်မှူးဗိုလ်ချုပ်ကြီးအဖြစ် ဆောင်ရွက်လျက်ရှိသည်။

သို့သော် အာရဖတ်သည် လေယာဉ် အနုကြမ်းစီးခြင်း၊ လူသတ်ခြင်း၊ ရက်စက်စွာ ဂလဲ့စားချေခြင်း၊ စသော အကြမ်းဖက်မှုများကို လုံးဝ ဆန့်ကျင်သည်။ အဖွဲ့ချုပ်လက်အောက်ရှိ ပြောက်ကျားအဖွဲ့ချို့ အကြမ်းဖက် ကြသည့် အမှုများကိုပင် အတိအလင်း ထုတ်ဖော်ရှု တ်ချခဲ့လေသည်။ ငြိမ်းချမ်းသော မဇ္ဈိမပဋိပဒါ လမ်းကို နှစ်သက်သော အာရဖတ်၌ ပီအယ်အိုအဖွဲ့ကို စတင်တည်ထောင် ခဲ့သူ အာမက်ရှူကာရီ၏ ဂျူးများ (အဇ္ဇရီ ယာယ်)တို့ကိုပင်လယ်ထဲအရောက် မောင်းထုတ်ရန် ဟူသည့် ခံယူချက်မျိုးမရှိတော့ပြီဖြစ်၍ ၁၉၇၄ ခုနှစ် နိုဝင်ဘာလတွင် ပြောက်ကျားဗိုလ်ဖြစ်ပါလျက်နှင့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်မိန့်ခွန်း ပြောခွင့်ရခဲ့သည်။ အာရဖတ်သည် အိမ်ထောင်မပြု၊ ပယ်လက်စတိုင် ပြည်တည်ထော င်ရေးသည်သာ သူ့အသက်၊သူ့ဘဝ အဖြစ် ခံယူထားသူ ဖြစ်သည်။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.