ယေးလ်တက္ကသိုလ်

ယေးလ်တက္ကသိုလ် (Yale University) သည် အမေရိကန်ပြည်ထောင်စု ကွန်နက်တီကက်ပြည်နယ် နျူးဟယ်ဗင်တွင် တည်ရှိသည့် ပုဂ္ဂလိကပိုင် တက္ကသိုလ်ကျောင်း ဖြစ်သည်။ ၁၇၀၁ ခုနှစ်တွင် ကနက်တစ်ကက် ကိုလိုနီနယ်၌ တည်ထောင်ခဲ့သည့် ယင်းတက္ကသိုလ်သည် အမေရိကန် တက္ကသိုလ် များအနက် တတိယမြောက် သက်တမ်းအရှည်ဆုံး ကျောင်းဖြစ်သည်။

ယေးလ်တက္ကသိုလ်
Yale University
Universitas Yalensis
Light and truth
אורים ותמים (ဟီဘရူး)
Lux et veritas (လက်တင်)

တည်ထောင်ခုနှစ် ၁၇၀၁
တည်နေရာ နယူးဟေးဗင်းမြို့၊ ကွန်နက်တီကတ်ပြည်နယ်
 အမေရိကန်
ပိုင်ဆိုင်မှု ဒေါ်လာ ၂၃.၉ ဘီလီယံ[1]
အထိမ်းအမှတ်အရောင်      Yale Blue[2]
အထိမ်းအမှတ်သတ္တဝါ Handsome Dan
အားကစားအသင်း National Collegiate Athletic Association
Ivy League
ဝဘ်ဆိုတ် Yale.edu

ခရစ်ယာန် ဘုန်းတော်ကြီများက ၁၇ ရာစုနှစ်တွင် ‘ကောလိပ်ကျောင်း’ အမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ကိုလိုနီနယ်အတွက် ခရစ်ယာန် ဘုန်းတော်ကြီးများနှင့် နိုင်ငံရေး ခေါင်းဆောင်များ ပျိုးထောင်ပေးရန် ရည်ရွယ်ခဲ့သည်။ ၁၇၁၈ ခုနှစ်တွင် ဗြိတိသျှ အရှေ့အိန္ဒိယ ကုမ္ပဏီ အကြီးအကဲ အယ်လီဟူ ယေးလ် (Elihu Yale) အား ဂုဏ်ပြုသည့်အနေဖြင့် ယေးလ်ကောလိပ်ဟု အမည်ပြောင်းခဲ့သည်။ ၁၈၆၁ ခုနှစ်တွင် မဟာ ဝိဇ္ဇာသိပ္ပံဌာနသည် အမေရိကန်တွင် ပထမဦးဆုံး ပါရဂူဘွဲ့အပ်နှင်းသည့် ကျောင်းတစ်ကျောင်း ဖြစ်လာသည်။[3]

၁၉၃၀ ပြည့်လွန်နှစ်များတွင် ကျောင်းသားများ အဆောင်နေစနစ်ကို စတင်ကျင့်သုံးခဲ့ရာမှ ယေးလ်ကောလိပ်သည် အသွင် ပြောင်းလဲ လာသည်။ လက်ရှိတွင် အဆောင် ၁၂ ခု ရှိပြီး နောက် ၂ ခု ဆက်လက် တည်ထောင်ရန် လျာထားသည်။ ယေးလ်တက္ကသိုလ်တွင် ဆရာ ၁၁၀၀၊ တက္ကသိုလ်ကျောင်းသား ၅၃၀၀၊ မဟာတန်းကျောင်းသားနှင့် ဆေးပညာ၊ ဆေးဝါးပညာ၊ သူနာပြု၊ ဥပဒေနှင့် စက်မှုကျောင်းသား ၆၁၀၀ ခန့်ရှိသည်။ တက္ကသိုလ် ကျောင်းသားများအတွက် နှစ်စဉ် ဘာသာရပ်ဆိုင်ရာ အတန်း ၂၀၀၀ ကျော် ဖွင့်လှစ်လေ့ရှိသည်။[4]

ယေးလ်တက္ကသိုလ်တွင် စာအုပ်ပေါင်း ၁၂.၅ သန်းကျော် သိမ်းဆည်းထားသည့် စာကြည့်တိုက်ပေါင်း ၂၀ ကျော်ရှိကာ ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး တက္ကသိုလ် စာကြည့်တိုက် ဖြစ်သည်။[5] ယေးလ်တက္ကသိုလ်မှ အမေရိကန် သမ္မတ ၅ ဦး၊ အမေရိကန် တရားရုံးချုပ် တရားသူကြီး ၁၉ ဦးနှင့် နိုင်ငံခြားတိုင်းပြည်မှ ခေါင်းဆောင် အတော်များများကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်သည်။

ကိုးကား

  1. Investment return of 20.2% brings Yale endowment value to $23.9 billion | YaleNews
  2. Yale University – Identity Guidelines Yale.edu။ December 4, 2011 တွင် ပြန်စစ်ပြီး။
  3. Academic programs | Yale Yale.edu။ 2009-09-16 တွင် ပြန်စစ်ပြီး။
  4. YaleDailyNews.com 17 December 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 December 2010 တွင် ပြန်စစ်ပြီး။
  5. Yale University Library: Libraries & Collections A-Z Library.yale.edu (2006-07-10)။ 2009-09-16 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.