ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာ

ကျွန်တော်သည် ဆရာတော်အသျှင်ဉာဏိဿရ၏မေးခွန်းများအပေါ် ဆရာကြီးဦးဦးသာထွန်း (ရခိုင်မြန်မာပဏ္ဍိတ) မှ ဖြေကြားချက်များအနက် မိန်းခွန်းနံပါတ် (၁၉) ၏ ဖြေကြားရှင်းလင်းချက်ကို ၁၉၉၆ ခုနှစ် ထုတ်ဝေသော ရခိုင်သဟာယအသင်း မဂ္ဂဇင်းအမှတ် (၃) တွင် ရေးသားဖော်ပြပြီးဖြစ်ပါသည်။ ယခုဆရာတော်၏ မေးမြန်းသော ကျန်မေးခွန်း (၅) ခုအပေါ် ဆရာကြီး၏ဖြေကြားရှင်းလင်းချက်များကို အပြည့်အစုံ ဖော်ပြရေးသားလိုက်ပါသည်။

မေးခွန်းနံပါတ် (၂) ဗုဒ္ဓ၏ပါဠိတော်အဋ္ဌကထာများတွင်မပါရှိဘဲ မြတ်စွာဘုရားသည် ဓညဝတီပြည်သို့ ကြွရောက်ပြီး ကျောက်တော်တောင်၌တန့်ရပ်သည်ဟု ရေးသားပြောဆိုကြသည်။ ဤအကြောင်းကိုလည်း ရှင်းလင်းပေးပါ။ မေးခွန်းနံပါတ် (၃) ဗုဒ္ဓ၏ပါဠိတော်အဋ္ဌကထာစသည်တို့၌မပါရှိဘဲ မြတ်စွာဘုရားသည် စန္ဒသူရိယမင်းကြီးနှင့်တွေ့ဆုံပြီး မဟာမုနိဘုရားကိုသွန်းလုပ်ခဲ့သည်ဟု ရေးသားပြောဆိုကြသည်။ ဤအကြောင်းကိုလည်း ဖြေရှင်းပေးပါ။

အသျှင်ဘုရား၏မေးခွန်းနံပါတ် (၂) နှင့် (၃) ကို တစ်ပေါင်းတည်းဖြေကြားလိုပါသည်။ မေးခွန်းများမှာ တစ်သဘောတည်း ဖြစ်နေခြင်းကြောင့်ပါဘုရား။ တပည့်တော်သည် ရခိုင်ပြည်သို့ ဗုဒ္ဓဘာသာရောက်လာခဲ့ပုံကို နံပါတ် (၁) မေးခွန်းအပေါ် အသေးစိတ်ရှင်းလင်းလျှောက်ထားပြီးဖြစ်ပါသည်ဘုရား။ နောက်ထပ် လျှောက်ထားပါမည်ဘုရား။ တပည့်တော်တို့ ရခိုင်ပြည်တွင် ယခုကိုးကွယ်နေသော ဗုဒ္ဓဘာသာမှာ မြောက်ဦးခေတ် ဘုရင်များ အုပ်စိုးခဲ့သောကာလမှ ဆက်ခံယူထားသော ဗုဒ္ဓအယူဝါဒဖြစ်ပါသည်။

မြောက်ဦးခေတ်မတိုင်မီ လောင်းကြက်မြို့ရှိခဲ့ပါသည်။ ထိုမြို့ကိုအုပ်စိုးသောဘုရင်များမှာလည်း ဗုဒ္ဓဘာသာမင်းများဖြစ်ပါ၍ သာသနိကအဆောက်အဦးများစွာ တည်ထားခဲ့ပါသည်။ ရဟန်းပညာရှိများ ထွန်းကားခဲ့ပါသည်။ ဤလောင်းကြက်ဘုရင်များသည် ဗုဒ္ဓဘာသာကို နေရဉ္စရာမြို့တွင်အုပ်စိုးခဲ့သော ဘုရင်များမှတဆင့် လက်ခံယူခြင်းဖြစ်ပါသည်။ နေရဉ္စရာမြို့တွင် ထွန်းကားခဲ့သော ဗုဒ္ဓသာသနာမှာ ပုရိန်မြို့မှဆင်းသက်သော ဗုဒ္ဓသာသနာဖြစ်ပါသည်။ ပရိန်မြို့တွင်အုပ်စိုးခဲ့သောဘုရင်များသည် ပဉ္စမြို့မှ ဗုဒ္ဓသာသနာကို တဆင့်လက်ခံယူလာခဲ့ပါသည်။ ပဉ္စာမြို့ ဗုဒ္ဓသာသနာမှာလည်း ဝေသာလီမြို့မှ ဆင်းသက်လာခြင်းဖြစ်ပါသည်။ ဝေသာလီမြို့ကို စတင်တည်ထောင်သော မဟာတိုင်းစန္ဒြားမင်းကြီးသည် မဟာမုနိဘုရားတွင် ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ပါသည်။ သိမ်တော်နှင့်ပလ္လင်တော်များကို အသစ်တဖန်တည်ကြောင်း သမိုင်းမှတ်တမ်းများ၌ တွေ့ရပါသည်။

တပည့်တော် ရှေ့ကလျောက်ထားခဲ့သည့်အတိုင်း ထိုမင်းကြီးကုသိုလ်ကောင်းမှုပြုခဲ့သည်ကို မဟာမုနိဘုရားကုန်းတော် ဒုတိယအဆင့် အရှေ့တောင်ထောင့် ယက္ခသေနာပတိပနာဒရုပ်ထုတွင် စာရေးထိုးခဲ့ပါသည်။

အမှန်တည်ရှိခဲ့သောမြို့

ဤကဲ့သို့ မဟာတိုင်စန္ဒြမင်းကြီးသည် မဟာမုနိသိမ်တော်ကို အသစ်တဖန်တည်ဆောက်သည်ဟုဆိုသဖြင့် မဟာတိုင်းစန္ဒြမင်းကြီးမတိုင်မှီကပင် သိမ်တော်အဟောင်းနှင့် မဟာမုနိရုပ်သျှင်တော်မှာ ရှိနှင့်‌နေပြီးဖြစ်ကြောင်း သိရပါသည်ဘုရား။ ယင်းသို့ဖြစ်လျင် ဝေသာလီခေတ်မတိုင်မီ မည်သည့်ခေတ်ရှိခဲ့သည်ကို ‌ခြေရာကောက်အတိုင်းလိုက်ပါလျှင် ဓညဝတီမြို့တော်မှာ စိတ်ကူးယဉ်ပြီး ရေးခဲ့သော မြို့တော်မဟုတ်ကြောင်း ‌လေယာဉ်မှရိုက်ကူးထားသော ဓာတ်ပုံကိုကြည့်ခြင်းဖြင့် သိနိုင်ပါသည်။ အမှန်တကယ်ရှိခဲ့သော မြို့ဖြစ်ကြောင်း ပြည်တွင်းပြည်ပသမိုင်းပညာရှင်င်များက ယုံကြည်လက်ခံပါသည်ဘုရား။

သပ္ပဒါနပကာရနကျမ်းမှာရှိ

တပည့်တော်တို့၏သမိုင်းများတွင်လည်း တတိယဓညဝတီမြို့တော်ကို စန္ဒသူရိယမင်းတည်ကြောင်း ဖတ်ရပါသည်။ ဤစန္ဒသူရိယဘုရင် ဓညဝတီ၌ အုပ်စိုးစဉ်ကာလမှာ မြတ်စွာဘုရားရှင် အနောက်မဇ္ဈိမဒေသ၌ ရှိနေချိန်ဖြစ်ပါသည်။ တပည့်တော်လက်ထဲတွင်ရှိနေသော သပ္ပဒါနပကာရနကျမ်းတွင် စန္ဒသူရိယမင်းလက်ထက် ဘုရားရှင်ကိုယ်တော်တိုင် ဓညဝတီသို့ကြွရောက်ပြီး မဟာမုနိရုပ်ရှင်တော်ကိုသွန်းကြောင်း အသေးစိတ် ရေးထားပါသည်။

ကျောက်စာက သက်သေခံ

၎င်းပြင် တောင်ပေါက်ကြီးကျောက်စာကလည်း သက်သေခံနေပါသည်ဘုရား။ မြတ်စွာဘုရားသည် စန္ဒသူရိယမင်းအား ဓမ္မစကြာတရားတော်နှင့် ရုပ်တုဆင်းတုတော်များကို တည်ထားကိုးကွယ်ခြင်းဖြင့်ရအပ်သော အကျိုးတရားများကို သတ္တုဗိမ္ဗပူဇနိယနိသေသသုတ္တန်ဖြင့်ဟောကြားခဲ့ပါသည်။ ဤသုတ္တန်မူရင်းစာပေလည်း ရှိပါသည် အရှင်ဘုရား။

ဂုဏ်ပြုထားသည့်ရုပ်တု

စန္ဒသူရိယမင်းအား မြတ်စွာဘုရား ဓမ္မစကြာတရားတော်ကိုဟောကြားနေဟန် ထုလုပ်ထားသော ကျောက်ပြားတချပ်ကိုလည်း တွေ့ရပါသည်။ ဝေသာလီမဟာတိုင်း၊ စန္ဒြမင်းကြီးက စန္ဒသူရိယမင်းအား ဂုဏ်ပြုထုလုပ်ထားသော ရုပ်တုဖြစ်ဟန်တူပါသည်။

မြတ်စွာဘုရားရှင်သည် ရခိုင်ပြည်ဓညဝတီကို ကြွရောက်စဉ်က သေလာဂီရိတောင်ပေါ်၌ရပ်တန့်ပြီး ဗျာဒိတ်တော်ပေးကြောင်း သပ္ပဒါနပကာရနကျမ်းတွင် အသေအချာဖော်ပြထားပါသည်။ ချစ်သားအာနန္ဒာ၊ ငါသည် ဘုရားဖြစ်ရန်အတွက် ဆယ်ပါးသောပါရမီတော်နှင့် သုံးဆယ်သောပါရမီတော်ငယ်များကို ဖြည့်ဆည်းခဲ့ရသောကာလ၌ ဤဓညဝတီပြည်တွင် အလီလီလူအဖြစ်ကျင်လည်ဖူးခဲ့သည်။ ယခုငါရပ်တန့်နေသော သေလာဂီရိတောင်၏အနီးပတ်ဝန်းကျင်တွင် ပန်းပွတ်သမားအဖြစ်နှင့် ငါနေထိုင်ခဲ့သည်။ ငါဘုရား ပရိဗ္ဗာန်စံလွန်ပြီး နောက်ကာလ၌ ငါ၏ကြောရိုးတော်ဓာတ်ကို ဌာပနာ၍ စေတီတည်လတ္တံ့။ ကြောရိုးတော်ဓာတ်စေတီ တွင်လတ္တံဟု ဗျာဒိတ်ပေးခဲ့ပါသည်။ ထိုဓာတ်တော်ကို နောက်ကာလတွင် ကျောက်တော်ဓာတ်စေတီဟု ခေါ်တွင်ပါသည်။ ထိုနာမည်ကို အစွဲပြု၍ မြစ်တဖက်ရှိမြို့ကိုလည်း ကျောက်တော်မြို့ဟု ခေါ်တွင်ပါသည်။

ရုပ်ရှင်တော်သွန်းကြောင်းယုံကြည်

ဤကဲ့သို့ ဘုရားဗျာဒိတ်ဝင် ဓာတ်တော်စေတီ (၂၄၈) ဆူရှိပါသည်။ ဤဓာတ်တော်စေတီများကို ဝေသာလီပြည့်ရှင် မဟာတိုင်းစန္ဒြမင်းကြီးသည် ပြန်လည်ပြုပြင်ကြောင်း သမိုင်းမှတ်တမ်းအရ သိရပါသည်။ ဤအကြောင်းကိုထောက်၍လည်း ထိုဓာတ်တော်စေတီများမှာ ဝေသာလီခေတ်မတိုင်မီကပင် ရှိနှင့်ပြီးဖြစ်ကြောင်း သိနိုင်ပါသည်။ ရခိုင်သမိုင်းစာပေနှင့်လည်းကောင်း၊ ရုပ်ဝတ္တုသက်သေဖြင့်လည်းကောင်း ကိုက်ညီနေပါ၍ စန္ဒသူရိယမင်းလက်ထက် မြတ်စွာဘုရားရှင် ဓညဝတီသို့ကြွရောက်ပြီး မဟာမုနိရုပ်ရှင်တော်ကို သွန်းလုပ်ကြောင်း ယုံကြည်ပါသည်ဘုရား။

မန္တလေးမဟာမုနိ ဘယ်ကရလာသလဲ

နောက်တစ်ချက်က ဆရာတော်တို့မန္တလေးမြို့တွင်ရှိနေသော မဟာမုနိဘုရားကို ဘယ်ကရယူခဲ့ပါသလဲဘုရား။ ဤမဟာမုနိဘုရားကို ဘိုးတော်ဘုရား၏သားတော်ကြီးဥပရာဇာသည် ရခိုင်ပြည်မှပင့်ယူခဲ့ခြင်း မဟုတ်ပါလားဘုရား။ ဤဘုရားကြီးသမိုင်းမှာလည်း ရခိုင်ပြည်ဓညဝတီပြည်သျှင် စန္ဒသူရိယမင်းသွန်းလုပ်ကြောင်း ရေးထားပါသည်ဘုရား။ သမိုင်းအစောင်စောင်၌လည်း မဟာမုနိဘုရားကို စန္ဒသူရိယမင်းသွန်းလုပ်ကြောင်း တညီတညွတ်တည်းဖော်ပြထားပါသည်ဘုရား။ ယင်းမြတ်စွာဘုရား ကိုယ်တော်တိုင် ရခိုင်ပြည်သို့ကြွရောက်၍ သေလာဂီရိတောင်ပေါ်၌ တစ်ထောက်ရပ်တန့်ပြီး စန္ဒသူရိယမင်းလျှောက်ထားသဖြင့် နန်းတော်သို့ကြွရောက်သီတင်းသုံးပြီး မဟာမုနိရုပ်ရှင်တော်ကို သွန်းလုပ်သည်မှာ မှန်ကန်ကြောင်း ဖြေကြားလိုပါသည် ဘုရား။

မေးခွန်းနံပါတ် (၄) သင်္ဂါယနာခြောက်တန်၌ မပါဘဲလျက် ရခိုင်ပြည်ဝေသာလီ ရွှေတောင်ကြီး၌ စတုတ္ထသင်္ဂါယနာကို တင်သည်ဟု ရေးသားပြောဆိုကြသည်။ ဤအကြောင်းကိုလည်း ဖြေရှင်းပါ။

ဤမေးခွန်းနှင့်ပတ်သက်၍ တပည့်တော်အရှည်ဖြေကြားရမည်ဖြစ်ပါသည်ဘုရား။ ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်ပြီးမကြာမြင့်မီကာလတွင် အဇာတသတ်မင်းကြီးသည် ပထမအကြိမ် သင်္ဂါယနာတင်ပါသည်ဘုရား။ တင်ရသောအကြောင်းရင်း၊ တင်ခဲ့သောနေရာနှင့်တိုင်းပြည်၊ တင်ရာ၌အားပေးအားမြှောက်ပေးသောဘုရင်၊ တင်ရာ၌ပါဝင်သောရဟန္တာများ၊ ဦးဆောင်သောရဟန္တာ၊ ရည်ညွှန်းသောဂါထာပုဒ်၊ ပါဠိတော်စသည်အားဖြင့် အင်္ဂါဆယ်တန်နှင့်ပြီးအောင်တင်ခဲ့ကြောင်း ဖတ်ရပါသည်ဘုရား။

ပဉ္စမသင်္ဂါယနာတင်

တပည့်တော်တို့ ရခိုင်ပြည်ဖက်ကစာပေတွေမှာ သင်္ဂါယနာအကြောင်းနှင့်ပတ်သက်၍ သင်္ဂါယနာကြီး၊ သင်္ဂါယနာချေ (ငယ်) ဟူ၍ နှစ်မျိုးနှစ်စားတွေ့ရပါသည်။ သဂါင်္ယနာကြီးများကို နံပါတ်စဉ်အတိုင်းရေတွက်ပြီးလျှင် သင်္ဂါယနာငယ်များကိုတော့ မိမိတို၏တိုင်းပြည်အတွင်း၌ နံပါတ်စဉ်တပ်ထားခဲ့ပါသည်။ လေးမြို့ခေတ်ပဉ္စာမြို့၌ ဘုရင်မင်းရင်ဖြူသည် ဧကဒဿမမြောက်သင်္ဂါယနာကိုတင်၏ဟူ၍ ရေးထားချက်ကိုတွေ့ရပြီးလျှင် ၎င်းမင်းသည် ပဉ္စမမြောက်သင်္ဂါယနာကိုလည်း တင်၏ဟုလည်း တွေ့ရပါသည်။ ဘုရင်တပါးတည်း သင်္ဂါယနာနှစ်ကြိမ်တင်ကြောင်း သိရပါသည်။ ဤသို့ဖြစ်လျှင် မင်းရင်ဖြူသည် သင်္ဂါယနာကြီးကို ပဉ္စမအကြိမ်တင်ပြီးလျှင် သင်္ဂါယနာငယ်ကို တစ်ဆယ့်တစ်ကြိမ်မြောက်တင်သည်ဟု မှတ်သားရပါသည်ဘုရား။

သမိုင်းမှတ်တမ်းမှာ

တပည့်တော် သင်္ဂါယနာတင်ခြင်းဆိုင်ရာ ရခိုင်ပြည်သို့စီးဆင်းလာသော ရေစီးကြောင်းကိုရာ လျှောက်ထားပါသည်ဘုရား။ တပည့်တော်ရှေ့က လျှောက်ထားသည့်အတိုင်း တပည့်တော်တို့ရခိုင်တွင် မိမိတို့၏ သာသနာဆိုင်ရာ ဆင်းသက်ပုံသည် လည်းကောင်း၊ မိမိလူမျိုးဆင်းသက်ရာ၎င်း၊ မြို့ပြအုပ်ချုပ်ရေး ဘုရင်မင်းဆက်များ စဉ်ဆက်ဆင်းသက်လာပုံကို သီးခြားတွေ့ရပါသည်။ ဤအကြောင်းများကို မိမိတို့၏သမိုင်း မှတ်တမ်းများမှာ တွေ့ရမည်ဖြစ်ပါသည် ဘုရား။

မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်ပြီးနောက် မကြာမီကာလတွင် ပထမအကြိမ်သင်္ဂါယနာကို ရာဇဂြိုဟ်၌ကျင်းပပြုလုပ်ပါသည်။ အဇာတသတ်မင်းကြီးက အထောက်အကူပြုပြီး အရှင်မဟာကဿပ ဦးဆောင်ပါသည်။ အသျှင်မဟာကဿပမေးသမျှ အရှင်အာနန္ဒာကဖြေကြားပြီး နှုတ်တိုက်ရွတ်၍ သင်္ဂါယနာတင်ခဲ့ပါသည်။ အဘယ်ကြောင့် သင်္ဂါယနာတင်သည်ဆိုပါသော် မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်သောအခါ ဘုရားရှင်ရုပ်ကလာပ်တော်ကို နံ့သာထင်းများစုပုံပြီး မီးသင်္ဂြိုဟ်ရန်အတွက် မီးရှို့သော်လည်း ထင်းများမှာ မီးမလောင်ပါဘုရား။ အဘယ်ကြောင့်ဆိုသော် ဘုရားရှင်၏တပည့်ကြီးဖြစ်သော အရှင်မဟာကဿပ မရောက်သေး၍ဖြစ်ပါသည်ဘုရား။ တပည့်ငါးရာဖြင့် လမ်းခရီးမှာ ရှိနေပါသေးသည်။ အသျှင်မဟာကဿပ၏ တပည့်ရဟန်းများမှာ ပုထုဇဉ်များဖြစ်ကြသည့်အတွက် ဘုရားရှင်ပရိနိဗ္ဗာန်စံလွန်ပြီး ကြွင်းကျန်ရစ်သော ဓာတ်တော်များကိုမြင်ရလျှင် ဘုရား၏ကိုယ်ကာယမှဖြစ်သော ဓာတ်တော်များကို ယုံမှားသံသယဖြစ်ဖွယ်ရှိပါသည်ဘုရား။ မိမိမျက်မြင် ကိုယ်တွေ့မှ မြတ်စွာဘုရား၏ ကိုယ်ကာယတော်မှ ဓာတ်တော်များကြွင်းသည်ကို ယုံကြည်မည်ဖြစ်ပါသည်ဘုရား။ နောက်တစ်ချက်က ရဟန်းတော်များသည် မြတ်စွာဘုရားကို အသက်ရှင်စဉ် မဖူးမြော်ရသော်လည်း ပရိနိဗ္ဗာန်စံလွန်သော ရုပ်ကလာပ်တော်ကို ဖူးမြော်ရလျှင်လည်း ဘုရားရှင်အပေါ် ပိုမိုကြည်ညိုသဒ္ဓါပွားများစေရန်အတွက် မီးမလောင်ခြင်းဖြစ်ပါသည်ဘုရား။

အရှင်မဟာကဿပနှင့်ရဟန်းများ ကုဿိနာရုံပြည်သို့လာရာလမ်းတွင် တစ်ခုသောသစ်ပင်ရင်း၌ နားတော်မူပါသည်။ ထိုအချိန်၌ တက္ကတွန်းတစ်ယောက်သည် မန္ဒာရဝနတ်ပန်းကိုထီးလုပ်၍ဆောင်းပြီးလျှင် ကုဿိနာရုံပြည်ဖက်မှ ပါဝါပြည်ဘက်သို့ လာနေသည်ကို အရှင်မဟာကဿပမြင်ပါသည်။ ထိုတက္ကတွန်း၏ပြောချက်အရ မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်ကြောင်း ကြားသိရပါသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်ကြောင်းကြားသိရသောအခါ အသျှင်မဟာကသပနှင့်ပါလာသော သုဘဒ္ဒရဟန်းသည် ဘုရားပရိနိဗ္ဗာန်စံလွန်သဖြင့် ငိုကျွေးနေသောရဟန်ုးတို့အား မငိုကျွေးရန်ပြောပြီး ဂေါတမမြတ်စွာဘုရားသည် ရဟန်းများကို ဤသည်သောအရပ်ကို မလားရ၊ ဤသည်သောအကျင့်ကို မကျင့်ရ၊ စသည်ဖြင့် ငါတို့ကိုချုပ်ချယ်သည်၊ ယခုပြုလိုရာ ပြုနိုင်ပြီဟုဆိုပါသည်။

ပထမသင်္ဂါယနာတင်

ထိုသုဘဒ္ဒရဟန်း၏စကားကိုကြားမိသော အသျှင်မဟာကဿပသည် များစွာတုန်လှုပ်မိပါသည်။ မြတ်စွာဘုရားသျှင်ပရိနိဗ္ဗာန်စံလွန်သည်မှာ ခုနှစ်ရက်တစ်ပတ်သာရှိသေးသည်။ ဘုရားဟောတရားတော်များနှင့် ဝိနည်းတော်များကို မျက်ကွယ်ပြုမည့် အရိပ်အရောင်ပေါ်လာပြီ။ သာသနာတော်ဆုတ်ယုတ်ရန်အကြောင်းများ ဖြစ်သည်ဟု စိတ်၌မှတ်သားမိပါသည်ဘုရား။ ယင်းကြောင့် ဘုရားရှင်ဟောသမျှကို ရဟန်းသံဃာတော်များမှစုပေါင်း၍ ပြန်လည်ရွှတ်ဆို သင်္ဂါယနာတင်ရန် အကြံဖြစ်ပါသည်ဘုရား။ ယင်းကြောင့် အရှင်မဟာကဿပအမှူးပြုသော ရဟန္တာငါးရာတို့သည် ပထမသင်္ဂါယနာကို တင်သည်မဟုတ်ပါလား ဘုရား။

ဒုတိယ သင်္ဂါယနာတင်

မြတ်စွာဘုရားပရိနိဗ္ဗာန်စံ၍ နှစ်ပေါင်းတစ်ရာကြာသောအခါ ဝိဇ္ဇီတိုင်းသားရဟန်ုးတို့သည် ဝိနည်းသိက္ခာပုဒ်တော်များ၌ ပြင်ဆင်ချက် (၁၀) ချက်ကိုပြုလုပ်ပါသည်။ ဘုရားရှင်၏ဝိနည်းတော်ကို ဖီဆန်လာကြသည်။ ယင်းကြောင့် ဝေသာလီပြည်တွင် ကာလသောကမင်းက ဒကာပြု၍ အရှင်မဟာကဿပအမှူးပြုကာ ရဟန္တာခုနှစ်ရာ (၇၀ဝ) တို့သည် ဒုတိယအကြိမ်သင်္ဂါယနာတင်ပါသည် ဘုရား။

တတိယသင်္ဂါယနာတင်

တတိယအကြိမ်သင်္ဂါယနာကို ပါဋလိပုတ်ပြည့်ရှင် အသောကမင်းကြီးက ဒကာပြု၍ ရဟန္တာအရှင် မောဂ္ဂလိပုတ္တတိဿမထေရ်ကြီးအမှူးပြုလျက် ရဟန်းတထောင်ဖြင့်တင်ပါသည်။ ဤသည်တို့မှာ မဇ္ဗျိမဒေသ၌ တင်ခဲါသောသင်္ဂါယနာ သုံးတန်ဖြစ်ပါသည်။

စတုတ္ထသင်္ဂါယနာတင်

တပည့်တော်တို့ ရခိုင်ဝေသာလီတွင် စတုတ္ထအကြိမ်သင်္ဂါယနာတင်ကြောင်းကို လျှောက်ထားပါမည်ဘုရား။ ဝေသာလီခေတ်သည် အေဒီ (၄) ရာစုမှ (၉) ရာစုအထိ ထွန်းကားသောခေတ်ဖြစ်ပါသည်။ ထိုဝေသာလီမင်းများသည် ထေရဝါဒဗုဒ္ဓဘာသာဝင်များဖြစ်သဖြင့် သီဟိုဠ်နိုင်ငံနှင့် လူမှုရေးအရသော်၎င်း ဘာသာရေးအရသော်၎င်း၊ ဆက်ဆံမှုရှိပါသည်။ ယင်းကြောင့် ဝေသာလီဘုရင် သီရိစန္ဒြမင်း (သီရိသုဓမ္မဝိဇယမင်း) သည် သိဟိုဠ်မှ ရဟန်းသံဃာတထောင်ကိုပင့်ဆောင်ပြီး ရခိုင်ပြည်မှ ရဟန်းသံဃာတထောင် သံဃာနှစ်ထောင်တို့ဖြင့် ဝေသာလီရွှေတောင်ကြီးတွင် သင်္ဂါယနာတင်ခဲ့ပါသည်။

မေဓပညာမော်ကွန်းမှာ

အကြီးအမှူးပြုသောပုဂ္ဂိုလ်မှာ စူဠရေဝတရဟန္တာမထေရ်ကြီးဖြစ်ပါသည်။ သုံးနှစ်ကြာအောင် ကြေးပြားငါးထောင်ပေါ်တွင်ရေးသားပြီး သင်္ဂါယနာတင်ကြောင်း မေဓပညာမော်ကွန်းစာတွင် တွေ့ရပါသည်ဘုရား။ သံဃာတော်များ သီတင်းသုံးနိုင်ရန်အတွက် ရွှေတောင်ကျောင်းကြီးကို ညီစွာညှိပြီး ကျောင်းတော်ကြီးငါးဆောင်ဆောက်လုပ်ကြောင်း ထိုမော်ကွန်းအရသိရပါသည်။ ကနိတိုင် ကျောင်းတော်ရာများကို တွေ့နိုင်ပါသည်။ မဇ္ဈိမဒေသတွင် အသောကမင်းကြီး တင်ခဲ့သောသင်္ဂါယနာမှာ တတိယအကြိမ်ဖြစ်သဖြင့် ထိုတတိယအကြိမ်မှဆက်လက်ရေတွက်သောကြောင့် ဝေသာလီ၌တင်သော သင်္ဂါယနာမှာ စတုတ္ထအကြိမ်ဖြစ်ပါသည် ဘုရား။

သင်္ဂါယနာကြီး

သင်္ဂါယနာတင်ရာတွင် ဘုရား၏ပိဋကတ်တော်များကိုသိကျွမ်းကျင်သော ရဟန္တာများပါဝင်မှရာ အထမြောက်ကြောင်း သိရပါသည်ဘုရား။ ယင်းကဲ့သို့ ရဟန္တာများပါဝင်၍တင်ခဲ့သော သင်္ဂါယနာများကို ရခိုင်တို့က သင်္ဂါယနာကြီးဟုခေါ်ပါသည်။ ဝေသာလီတွင်တင်သော သင်္ဂါယနာနှင့် ရခိုင်ပြည်မှ ဝိပဿနာဓူရ ရဟန်းငါးရာ၊ ဂန္ဓာဓူရ ရဟန်းငါးရာပါဝင်ပြီး သီဟိုဠ်က လည်းထိုအတိုင်းပါဝင်ကြောင်း မော်ကွန်းအရသိရပါသည်။ ဤအကြောင်းများကို တပည့်တော်တို့ ဆင်းရဲမွဲတေနေ၍ ပုံနှိပ်ဖို့ မတတ်နိုင်သေးလို့ပါဘုရား။ ထုတ်ဝေပေးဖို့ပုဂ္ဂိုလ်လည်း မရှိသေးပါ။ ရေးနိုင်သောပုဂ္ဂိုလ်များ ရှိပါသေးသည် ဘုရား။ ယင်းကဲ့သို့ စာပုံနှိပ်ပြီး မထုတ်ဝေနိုင်သဖြင့် သိသူနည်းပါးနေပါသည်။ ရှိလျက်နှင့်နည်းနေခြင်းသာဖြစ်ပါသည်။ တစ်ချိန်ချိန်မှာ ထွက်ပေါ်လာပါလိမ့်မည်။

သင်္ဂါယနာတင်သည့်ကိစ္စနှင့် တပည့်တော်တစ်ခုလျှောက်ထားလိုပါသည်။ သင်္ဂါယနာတင်ခြင်းမှာ မြတ်စွာဘုရား သဗ္ဗညုတရွှေညာဏ်တော်ရသည်မှစပြီး ဝါဆိုလကပင် ပရိနိဗ္ဗာန်စံသည့်ကာလအထိ လေးဆယ့်ငါးဝါအတွင်းဟောကြားခဲ့သော ပိဋကတ်တော်များကို သင်္ဂါယနာတင်ပါသလား။ (သို့မဟုတ်) သီရိဓမ္မာသောကမင်းကြီးလက်ထက် ဗုဒ္ဓသာသနာတော်ကိုသန့်စင်ခဲ့သည့် အကြောင်းများကိုပါ တတိယအကြိမ် သင်္ဂါယနာတင်သည်မှာ ထည့်သွင်းခဲ့ပါသလား။ ထိုနည်းတူသီဟိုဠ်တွင် စတုတ္ထသင်္ဂါယနာတင်ခဲ့သော ဝဋ္ဋဂါမဏိမင်းကြီး၏ဆောင်ရွက်ချက်များကိုပါ စတုတ္ထသင်္ဂါယနာတွင် ရေးသားမှတ်တမ်းတင်ခဲ့ပါသလား။ တပည့်တော်တို့ ဝေသာလီတွင်တင်ခဲ့သော သင်္ဂါယနာအကြောင်းကို စာပေများ၌လည်းကောင်း၊ သမိုင်းရုပ်ကြွင်း အထောက်အထားများဖြင့်လည်းကောင်း တွေ့ရပါသည်။ တပည့်တော်တို့နှင့်တကွ နိုင်ငံခြားသုတေသီတို့ လက်ခံထားပါသည်ဘုရား။

မိန်းခွန်းနံပါတ် (၅) ရခိုင်ပြည်ရှိ ဓာတ်တော်များကို ကျောက်ရိုးတော်ဓာတ်၊ ဦးရာဇ်တော်ဓာတ်၊ လိုင်ရိုးတော် ဓာတ်စသည့်ဖြင့် အမျိုးမျိုးအမည်ပေးထားကြသည်။ ဤအကြောင်းကိုလည်း ပါဠိတော်အဋ္ဌကထာ၌ မတွေ့ရ၍ ဖြေရှင်းပေးပါ။

ဘုရားရှင်ပရိနိဗ္ဗာန်စံလွန်၍ မီးလောင်ကျွမ်းသောအခါ ဓာတ်တော်မွေတော်နှစ်မျိုး ကြွင်းကျန်ပါသည်။ တမျိုးမှာ အသမွိန္နဓာတ်တော်နှင့် သမွိန္ဒဓာတ်တော်များဖြစ်ပါသည်။ အသမ္ဗိန္နဓာတ်တော်များမှာ နဖူးသင်းကျစ်တော်တဆူ၊ ညှပ်ရိုးတော်နှစ်ဆူ၊ စွယ်တော်လေးဆူဖြစ်ပါသည်။ သမ္ဗိန္နဓာတ်တော်များမှာ အရောင်သုံးမျိုးနှင့် အရွယ်အစားသုံးမျိုးကြွင်းကြောင်း ရခိုင်ဓာတုဝင်ကျမ်း၌ ရေးထားပါသည်။ မြတ်စွာဘုရား၏တစ်ကိုယ်လုံးမှ ဓာတ်တော်ပေါင်း သျှစ်စရွက်ကြွင်းပါသည်။ ကွမ်းစားအားဖြင့် တဆယ့်ခြောက်ကွမ်းစားဖြစ်ပါသည်။ အရောင်အဆင်းအားဖြင့် ရွှေရောင်၊ ပွတ်သစ်စခရုသင်းရောင်၊ ချရားစိအရောင်ရို့ဖြစ်ပါသည်။ ဘုရားရှင်၏ ကိုယ်မှကြွင်းကျန်ရစ်သောဓာတ်တော်များကို နှစ်ပြည်ထောင်မင်းတို့အား ဒေါနပုဏ္ဏားက ဝေပေးပါသည်။ မိမိတို့အရပ်ဒေသများတွင် ကိုးကွယ်ကြပါသည်။ ထိုဓာတ်တော်များကို မကြာမီ အဇာတသတ်မင်းတိုက်ယူပြီး ရာဇဂြိုဟ်ပြည်မှာ ‌မြေထဲစေတီတည်၍ထားကိုးကွယ်ပါသည်။ ဓာတ်တော်အကြောင်း ဤနီရာတွင်ဆုံးနေပါပြီ။ ဤသည်ကား ပေါင်တော်ဓာတ်၊ မျက်လုံးတော်ဓာတ်၊ လိုင်ရိုးတော်ဓာတ်စသည်ဖြင့် အဋ္ဌကထာ၌ မပါရှိပါ။

ဓာတ်တော်များရောက်ရှိပုံ

သို့သော် ထိုဓာတ်တော်များမှာ ယနေ့ထိ ရခိုင်ပြည်၌ အမည်နာမနှင့်တကွ တည်ရှိပါသေးသည်။ ဤဓာတ်တော်များ ရခိုင်ပြည်သို့ မည်ကဲ့သို့ရောက်လာသည်ကို ရှင်းလင်းလျှောက်ထားပါမည်။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်ပြီး နှစ်ပေါင်းနှစ်ရာတစ်ဆယ့်ရှစ်နှစ် အကြာတွင် ပါဋလိပုတ်ပြည်၌ သီရိဓမ္မာသောကမင်းကြီး ထီးနန်းစိုးစံပါသည်။ ထိုမင်းကြီးသည် ဓမ္မာခန္ဓာပေါင်း သျှစ်သောင်းလေးထောင်ကိုရည်စူးပြီး စေတီတည်လိုသဖြင့် မြတ်စွာဘုရား၏ဓာတ်မွေတော်များကို ရှာဖွေပါသည်။ အဇာတသတ်မင်းပြုထားခဲ့သောဓာတ်တော်များကို တူးဖော်ယူပါသည်။ ထိုဓာတ်တော်များမှာ ရွှေပန်းကန်တွင် အားလုံးတစုတပေါင်းတည်းဖြစ်နီပါသည်။ ထိုဓာတ်တော်များကို အသျှင်မောဂ္ဂလိပုတ္တတိဿမထေရ်သည် အသားမှဖြစ်သောဓာတ်၊ အရိုးမှဖြစ်သောဓာတ်၊ အသွီးမှဖြစ်သောဓာတ်စသည်ဖြင့် ခွဲခြားပါသည်။ အသေးစိတ်အားဖြင့် ဦးခေါင်းတော်ဓာတ်၊ ဦးနှောက်တော်ဓာတ်၊ မျက်လုံးတော်ဓာတ်စသည်ဖြင့် မြတ်စွာဘုရား၏အင်္ဂါကြီးငယ်မှဖြစ်သောဓာတ်တော်များကို တခုချင်းခွဲခြမ်းပြီး သီရိဓမ္မသောကမင်းအား ပေးသနားပါသည်။

သီရိဓမ္မသောကမင်းကြီးသည် ဓာတ်တော်များကိုရဟိသောအခါ ဌာပနာသည်။ ဤစေတီတည်ရမည့် နေရာဒေသများကို အရှင်မောဂ္ဂလိပုတ္တတိဿအား မိန်းလျှောက်ပါသည်။ ထိုအခါ အရှင်မောဂ္ဂလိပုတ္တတိဿက ဒကာတော်မင်းကြီး ဤဓာတ်တော်များကို ဌာပနာပြီး စေတီတည်ရန်နေရာဒေသများမှာ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် ဗျာဒိတ်တော်ပေးခဲ့သော နေရာတိုင်းတွင် စေတီတည်ရမည်ဟု ပြောပါသည်။ ထိုနေရာများသို့ စေတီတည်ရန်အတွက် ဓာတ်တော်များပို့ဆောင်ရမည်ဖြစ်ကြောင်း မိန့်မြွက်ပါသည်။ ထိုအခါ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်သည် အသျှင်ဗာဟုလမထေရ်နှင့် အသျှင်တိဿမထေရ်ရို့အား မြတ်စွာဘုရားဗျာဒိတ်တော်ပေးတော်မူခဲ့သည့် ရခိုင်ပြည်အနှံ့နေရာများတွင် စေတီတည်ထားရန် ဓာတ်တော်များကို ပို့စေပါသည်။

သူရိယစက္ကမင်းလက်ထက်မှာ

ထိုအရှင်တို့သည် ကောင်းကင်ခရီးဖြင့် ရခိုင်ပြည်သို့ ကြွရောက်ပါသည်။ ယင်းအချိန်တွင် ရခိုင်ပြည်ဓညဝတီတွင် သူရိယစက္ကမင်ကြီးမင်းပြုလျက်ရှိပါသည်။ ထိုဓာတ်တော်များကို အရှင်နှစ်ပါးသည် သူရိယစက္ကမင်းကြီးအား ပေးအပ်ပြီး စေတီတည်မည့် အရပ်များကို ပြောကြားပါသည်။ သူရိယစက္ကမင်းကြီးသည် ဓာတ်တော်များလက်ခံယူပြီး မှူးကြီးမတ်ကြီးစစ်သူကြီးများကို စေတီတည်ရန်အတွက် ဓာတ်တော်များပေးအပ်ပြီး မြတ်စွာဘုရား ဗျာဒိတ်တော်မြွက်ဆိုခဲ့သည့် နေရာတိုင်းသို့ လာရောက်၍စေတီတည်စေပါသည်။ မြတ်စွာဘုရား ရခိုင်ပြည်သို့ ကြွရောက်သောအခါ ရပ်တန့်တော်မူပြီး ဗျာဒိတ်ပေးခဲ့သော သေလာဂီရိတောင်တော်၌ ကျောက်ရိုးတော်ဓာတ်ကို ဌာပနာပြီး စေတီတည်ပါသည်။ မဉ္စူပဗ္ဗတတောင်တွင် ချက်တော်ဓာတ်ကို ဌာပနာ၍ စေတီတည်ပါသည်။ မိဂပဗ္ဗတတောင်၌ သင်းကျစ်တော်ဓာတ်ကို ဌာပနာ၍ စေတီတည်ပါသည်။

တစ်ပြည်လုံးမှာ

ဤသို့ဖြင့် ရခိုင်ပြည်တခုလုံးတွင် ဗျာဒိတ်ဝင်စေတီ (၂၄၈) ဆူကို တည်ထားကိုးကွယ်ခဲ့ပါသည်။ ဓာတ်စေတီများကို မြတ်စွာဘုရားပရိနိဗ္ဗန်စံလွန်ပြီးမှ တည်ထားခြင်းဖြစ်သောကြောင့် မြတ်စွာဘုရားသည် ဓာတ်တော်များကို ဤသည်က ဦးခေါင်းတော်ဓာတ်၊ ဤသည်ကား ဦးနှောက်တော်ဓာတ်၊ ပေါင်တော်ဓာတ်၊ ခြေသလုံးတော်ဓာတ်စသည်ဖြင့် ခွဲခြမ်းဟောကြားခြင်းကို မပြုနိုင်တော့ပါဘုရား၊ ယင်းကြောင့် ဘုရားဟောပါဠိတော် အဋ္ဌကထာစသည်ရို့မှာ မပါရှိခြင်းဖြစ်ပါသည် ဘုရား။

အမှန်တည်သောဓာတ်တော်များ

အဋ္ဌကထာစသည်ရို့မှာမပါရှိသော်လည်း ယနေ့ထက်တိုင် ကျောက်ရိုးတော်ဓာတ်၊ လိုင်ရိုးတော်ဓာတ်၊ ချက်တော်ဓာတ်၊ လျှာတော်ဓာတ်စသည်ဖြင့် တည်ရှိနေပါသည်။ ဤဓာတ်တော်အမည်များကိုလည်း ဓညဝတီခေတ်မှစပြီး ခေတ်အဆက်ဆက် ဘုရင်များ ပြန်လည်ပြုပြင်ခဲ့သည်ကို ကမ္ဗည်းကျောက်စာ ထိုးခဲ့ပါသည်ဘုရား။ ယင်းကြောင့် ဘုရားဟောပါဠိတော် အဋ္ဌကထာစသည်တို့မှာ မပါသော်လည်း အမှန်စင်စစ်တည်ရှိသော ဓာတ်မွေတော်များဖြစ်ကြောင်း လျှောက်ထားပါသည် ဘုရား။ ဓာတ်မွေတော်စေတီများမှာ ကစ္ဆပနဒီခေါ်ကုလားတန်မြစ်၏ ဝဲယာတစ်လျှောက်၌လည်းကောင်း၊ အဉ္စနနဒီ ခေါ် လေးမြို့မြစ်၏ ဝဲယာတစ်လျှောက်၌ လည်းကောင်း၊ သရီရနဒီခေါ်သရီချောင်း၏ ဝဲယာတစ်လျှောက်၌လည်းကောင်း၊ ရန္ဓနဒီခေါ် ရမ်းချောင်း၏ ဝဲယာတစ်လျှောက်၌လည်းကောင်း၊ ရမ်းဗြဲကျွန်း၊ ဖရုံကာကျွန်း၊ သံတွဲစသော နေရာဒေသအနှံ့ ရခိုင်တစ်ပြည်လုံးတွင် မြတ်စွာဘုရား၏ ဓာတ်တော်များတည်ထားခဲ့ပါသည်။ ဗုဒ္ဓ၏ဓာတ်တော်နိုင်ငံဟုလည်း ခေါ်သင့်ပါသည်။

မိန်းခွန်းနံပါတ် (၆) ရခိုင်ပြည်တွင်အသုံးပြုသောပါဠိတော်များမှာ မြန်မာမူဖြစ်သလော၊ မည်သည့်မူနည်း။ သင်္ဂါယနာခြောက်တန်တွင်ပါသောမူ ဖြစ်သလော၊ ဖြေရှင်းပေးပါ။

တပည့်တော်တို့ ရခိုင်ပြည်တွင် အသုံးပြုခဲ့သော ပိဋကတ်ကို ကြိုးတန်းပိဋကတ်တော်ဟု ခေါ်ပါသည်။ မြန်မာနိုင်ငံကိုရောက်ရှိသော ပိဋကတ်တော်မှာ သထုံကတဆင့် အနော်ရထာမင်းယူခဲ့သော ပိဋကတ်ဖြစ်ကြောင်း သိရပါသည်။ သထုံပိဋကတ်မှာလည်း သီဟိုဠ်မှတဆင့်ရောက်လာသော ပိဋကတ်ဖြစ်၍ သီဟိုဠ်ပိဋကတ်ခေါ်ကြောင်း သိရပါသည်ဘုရား။ သီဟိုဠ်မှာလည်း သျှင်မဟာဗုဒ္ဓဃောသပိဋကတ်နှင့် သီဟိုဠ်နိုင်ငံသားရို့အခေါ် စရိယပိဋကတ်ဟူ၍ ဟိပါသည်ဘုရား။ ထိုင်း၊ ဗီယက်နမ်၊ လာအိုရို့မှာဟိသောပိဋကတ်ကို ဇင်းမယ်ပဏ္ဏာသပိဋကတ်တော်ဟုခေါ်ကြောင်း သိရပါသည်။

ကြိုးတန်းပိဋကတ်

တပည့်တော်တို့ ရခိုင်ပိဋကတ်ကို အဘယ်အကြောင်းကြောင့် ကြိုးတန်းပိဋကတ်ဟုခေါ်ရခြင်းကို ရှင်းပြပါမည်ဘုရား။ ပထမအကြိမ် သင်္ဂါယနာမူအတိုင်း ဒုတိယအကြိမ် သင်္ဂါယနာတင်ပါသည်။ ဒုတိယအကြိမ် သင်္ဂါယနာတင်မူအတိုင်း တတိယအကြိမ် သင်္ဂါယနာတင်ပါသည်။ ရခိုင်ပြည်တွင်လည်း စတုတ္ထအကြိမ်သင်္ဂါယနာတွင် တတိယအကြိမ်ကမူအတိုင်း သင်္ဂါယနာတင်ပါသည်။ ဤကဲ့သို့ မူရင်းအတိုင်း အဆင့်ဆင့် စတုတ္ထအကြိမ်ထိ ဆင်းသက်လာသော်လည်း ပိဋကတ်တော်များကို ဖြည့်စွက်ခြင်း၊ ပျင်ဆင်ခြင်း၊ နှုတ်ပယ်ခြင်း လုံးဝမပြုဘဲ တသဝေမတိမ်း ရခိုင်အခေါ် စာမျဉ်းအချွတ်ပင်လျှင် မှန်ကန်သော ပိဋကတ်တော်ဖြစ်ပါသည်။ စာမျဉ်းဆိုသည်မှာ မျဉ်းကြောင်းကိုခေါ်ခြင်းဖြစ်ပါသည်။ ရှေးစကားမှာ မျဉ်းကြောင်းကို ကြိုးတန်းဟုခေါ်ပါသည်။ ဥပမာအားဖြင့် သစ်တုံးတတုံးကို လွှဆရာက ဗဟိုခွဲလိုလျှင် သစ်တုံး၏ခေါင်းမှနေ၍ မီးသွေးသုတ်လိမ်းထားသောကြိုးကို အလယ်ကျအောင်ထားပြီး အခြားတဖက်မှ လူတဦးက ကြိုးကိုတင်းအောင်ကိုင်၍ ကြိုးကိုဆွဲရိုက်ရပါသည် ထိုအခါ မီးသွေးသုတ်လိမ်းထားသော ကြိုး၏အကြောင်းသည် သစ်တုံးပေါ်၌ ထင်ရှားစွာပေါ်ပါသည်။ လုံးဝကောက်ကွေ့ခြင်းမဟိပါ။ ထိုနည်းတူစွာ ရခိုင်ပြည်ဟိ ပိဋကတ်တော်များမှာလည်း ကြိုးတန်းသည် အကောက်အကွေ့မရှိသကဲ့သို့ ပြုပြင်ခြင်း၊ ပြင်ဆင်ခြင်း၊ နုတ်ပယ်ခြင်းတည်းဟူသော ချို့ယွင်းချက် အကောက်အကွေ့မရှိပါသဖြင့် ကြိုးတန်းပိဋကတ်ဟုခေါ်ပါသည်။

ပိဋကတ်တိုက် လေးဆယ့်ရှစ်ခု

ရှေးရခိုင်ဘုရင်များအုပ်စိုးသောခေတ်က မြောက်ဦးပတ်ဝန်းကျင်တွင် သံဃာတစ်ထောင်ဆံ့သော ကျောင်းတော်ကြီး သုံးဆယ့်ခြောက်ကျောင်းရှိကြောင်း မှတ်သားရပါသည်။ ထိုကျောင်းတော်ကြီးများ၌ ဗုဒ္ဓစာပေကို သင်ကြားသော သံဃာတော်များသည် ကြိုးတန်းပိဋကတ်တော်ကိုစံထား၍ လေ့လာကြပါသည်။ ထိုပိဋကတ်တော်များ ထားရှိရန်အတွက် ပိဋကတ်တိုက်ခေါ်ပုထိုးများကို မြောက်ဦးမြို့နေရာအနှံ့တွင် တွေ့ရပါသည်။ သမိုင်းအဆိုအရ ပိဋကတ်တိုက်ပေါင်း လေးဆယ့်ရှစ်ခုရှိကြောင်း သိရပါသည်။ ယခုအခါ ပြိုပျက်သွားကြသဖြင့် အချို့တဝက်ကိုရာ တွေ့ရပါသည်။ ယခုထက်တိုင် အကောင်းပကတိတွေ့ရသော ပိဋကတ်တိုက်မှာ (ချိန်ကိုက်) ပိဋကတ်တိုက်၊ (ဘက်တော်) ပိဋကတ်တိုက်၊ (မယ်တော်ကူ) ပိဋကတ်တိုက်တို့ ဖြစ်ပါသည်။

ယင်းကြောင့် ရှေးခေတ်ကရေးသားခဲ့သော ပေစာများ၌ ဝေသာလီတွင် သင်္ဂါယနာတင်ခဲ့စဉ်က မူအဖြစ်ထားခဲ့သော ကြိုးတန်းပိဋကတ်တော်မှတဆင့် ရေးကူးခြင်းဖြစ်ကြောင်းကို ပေစာ၏အဆုံး၌ ကြိုးတန်းပိဋကတ်တော်အတိုင်း ရေးကူးခြင်းဖြစ်ပါသည်ဟု ရေးထားသည်ကို ယနေ့တိုင် ပေစာများ၌ တွေ့နိုင်ပါသည် ဘုရား။

တပည့်တော်သည် အရှင်ဘုရား၏မေးခွန်းများကို ရှင်းလင်းဖြေဆိုခဲ့သည်မှာ လေးနာရီခန့်ကြာမြင့်ပါပြီ။ တပည့်တော်၏ရှင်းလင်းဖြေဆိုချက်များကိုလည်း သဘောပေါက်လက်ခံလိမ့်မည် ထင်ပါသည်။ အရှင်ဘုရားတို့မှာ ဘုရား ဖူးရန်လည်း ရှိနေပါသေး၍ တပည့်တော်၏ရှင်းလင်းဖြေဆိုချက်များကို အဆုံးသတ်ခွင့်ပြုပါဘုရား။

ဆရာကြီး၏ဖြေကြားလျှောက်ထားချက်အပေါ် အရှင်ဉာဏိဿရဆရာတော်ကြီးမှ နောက်ထပ် မေးမြန်းခြင်းမပြုတော့ဘဲ ဘုရားဖူးရန်အတွက် ညနေစောင်း (၅) ချက်တီးခန့်တွင် သျှစ်သောင်းပုထိုးတော်ကြီးမှ ကြွသွားတော်မူပါသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.