ရခိုင်မဟာသံဃရာဇာ

ရခိုင်သံဃရာဇာကား ပိဋကတ်ဗေဒင်၌ ကျွမ်းကျင်လိမ်မာတော်မူ၏။ တစ်နေ့သောအခါရခိုင်မင်းသည် သရက်မြို့ကိုလုပ်ကြံ၍ သရက်မြို့စားမင်းရှင်စောကိုသားမယားနှင့်တကွ ရခိုင်ပြည်သို့ ခေါ်လာသည်။ မင်းရှင်စောလည်း ရခိုင်ပြည်သို့ရောက်လျှင် သားတော်သုံးယောက်ကို ရခိုင်ဆရာတော်ထံအပ်နှံ၍ ပညာသင်ကြားစေသည်။ တစ်နေ့သ၌ရခိုင်ဆရာတော်သည် မင်းသားသုံးယောက်တို့တွင်သားကြီးမြင်စိုင်းရွှေနန်းရှင် ကားစမုံရေကိုသောက်၍ကုန်၏။ သားလတ်ပြည်မင်း စောရန်နောင်ကား ဖိုဦးမော်ရေကိုသောက်၍ကုန်၏။ သားငယ် မင်းကြီးစွာဖြစ်မည့်စော်ကဲတရာ့ဖျားကား ဧရာဝတီရေကို သောက်၍ကုန်၏ဟု အိပ်မက်မြင်မက်သဖြင့်အမောင်တို့ သုံးယောက်စစ်ကိုင်း ပင်းယသို့သွားကြလေ၊ မင်းချည်းဖြစ်လိမ့်မည်။ မင်းဖြစ်လျှင်ငါ့ကိုမမေ့ကြနှင့်ဟု မိန့်ဆိုသည်။

မင်းသားသုံးယောက်တို့လည်း စစ်ကိုင်းပင်းယသို့ သွားကြ၍ သားကြီးကားပင်းယဥစ္စနာ ထံခစား လျှင်ဥစ္စနာက မြင်စိုင်းရွှေနန်းကိုပေး၍စားရသည်။ သားလတ်လည်း ဥစ္စနာထံခစားရာဥစ္စနာနန်းစွန့်၍ ညီတော်ငါးစီးရှင်ကျော်စွာ လက်ထက်ရောက်မှ စောရန်နောင်အမည်ဖြင့် ပြည်မြို့ကို ပေး၍စားရသည်။ သားငယ်ကားစစ်ကိုင်းမင်းဆင်ဖြူရှင် တရာ့ဖျားထံခစားလျှင်အမြင့်မြို့ကိုပေး၍စားရသည်။ သက္ကရာဇ် ရ၃ဝ ပြည့်အင်းဝပြည်တွင်မင်းကြီး စွာစော်ကဲ မင်းအဖြစ်သို့ရောက်ကြောင်း ရခိုင်ဆရာတော် ကြားလျှင် ငါ့ကိုမေ့နေသည်ဟုနှလုံးမသာရှိ၍ ဘုန်းတော်ကြီး၍ သက်တော်ရှည်လိုလျှင်အနောက်တောင်ထောင့်၌ စည်းခုံတည်လေဟု မှာကြားလိုက်လေသည်။ မင်းကြီးစွာလည်း မှာကြားသည့်အတိုင်း ရ၄၅ ခုနှစ်တွင်အင်းဝ၌ စည်းခုံ တည်သည်။ တည်မိလျှင်ပင် အင်းဝပြည်လုံးထိတ်ထိတ်လန့်လန့် ရှိချေသည်။ ထိုအကြောင်းကိုရခိုင်ဆရာတော်ကြားလျှင်ငါကား ရဟန်းသားဖြစ်သည်မသင့်ချေဟု အင်းဝသို့လာပြီးလျှင်ကုက္ကိုပင် ၊ဆင်ကျုံး၊ မော်ကွန်း၊ သရပါတံခါး၊ ရတနာဂူ တည်၍ ရွှေစည်းခုံနှင့်ပြိုင်သောအခါ အထိတ်အလန့်မရှိ ပြေငြိမ်းသွားသည်။ မင်းကြီးစွာလည်း ဆရာတော်အားများ စွာပူဇော်သက္ကာရပြု၍ မဟာသံဃရာဇာဟူသော ဘွဲ့တံဆိပ်ကိုလှူသည်။ ယင်းဆရာတော်ကား မင်းသားသုံးယောက်ကို ပညာသင်စဉ်က စီရင်ရေးသားသော လောကသာရ ဆုံးမစာကိုအင်းဝသို့ယူလာသည်ဟုဆိုကြသည်။[1]


ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.