ရာရှစ်၊ ဦး
ဦးရာရှစ်သည် အိန္ဒိယအမျိုးသား တစ်ဦးဖြစ်သည်။ မြန်မာ တိုင်းရင်းသားအဖြစ် ခံယူထားသူ ဖြစ်၏။ အိန္ဒိယ အမျိုးသား တစ်ဦးအား တကသ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခြင်းသည် သမဂ္ဂ၌ လူမျိုးရေး ခွဲခြားမှု မရှိခြင်း၊ ခေါင်းဆောင် နိုင်သူကို ခေါင်းဆောင် နေရာ၌ ပေးအပ်ခြင်းကို ပြသခြင်း ဖြစ်သည်။ ဆရာကြီး ဦးရာဇတ် သည် မစ္စတာရာရှစ် (ဦးရာရှစ်) စသော ကျောင်းသားခေါင်းဆောင်များကို မြန်မာမျိုးချစ်စိတ်ဓာတ်ကိုသာမက အမျိုးသားစိတ်ဓာတ်ကိုပါ သွတ်သွင်းပေးလေ့ရှိသည်။
ဦးရာရှစ်၏ မွေး သက္ကရာဇ်မှာ ၁၉၁၂ ခုနိုဝင်ဘာလ ၅ ရက်နေ့တွင် အဖ Mr. M. A. Sakur၊ အမိ Ahmadi Begum တို့က အိန္ဒိယနိုင်ငံ Alahabad မြို့မှာ မွေးဖွား ခဲ့သည်။ ရန်ကုန်မြို့ Randaria အထက်တန်း ကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာ သိပ္ပံ ဘွဲ့နှင့် ဥပဒေ ဘွဲ့များကို ရရှိသည်။ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ပထမဆုံး အတွင်းရေးမှူး ဖြစ်၏။ ၁၉၃၅ - ၃၆ ခုတွင် ဦးနုသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်၍ ထိုအချိန်တွင် ကိုအောင်ဆန်းမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးဖြစ်ခဲ့သည်။ ၁၉၃၆ - ၃၇ ခုတွင် ဦးရာရှစ်သည် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။
၁၉၃၆ ခု ကျောင်းသားသပိတ်တွင် ရှေ့တန်း ခေါင်းဆောင်တဦး ဖြစ်၍ ၁၉၃၆ ခုနှစ်တွင် ဖွဲ့စည်းသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ၏ ပထမဆုံးဥက္ကဋ္ဌလည်း ဖြစ်၏။ ပထမဆုံး တကသ ကိုယ်စားလှယ် ကောင်စီလူကြီးအဖြစ် တာဝန်ယူ လုပ်ဆောင် ခဲ့သည်။ ဗိုလ်အောင်ကျော် ကျဆုံးသည့် အမှုတွင် ကျောင်းသားများဘက်မှ ရှေ့နေလိုက်ခဲ့ သူလည်း ဖြစ်သည်။ ဦးရာရှစ်သည် (၁၉၄၀-၄၈) နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု သမိုင်းတွင် မပါဝင်ခဲ့သော်လည်း ဗုဒ္ဓအယူဝါဒ နှင့် မြန်မာ့ယဉ်ကျေးမှုတို့ကို မပစ်ပယ်ချေ။
ဝတ်လုံတော်ရ ရှေ့နေတဦး ဖြစ်သည်။ အလုပ်သမားအဖွဲ့အစည်းများတွင် ခေါင်းဆောင် တာဝန်ယူခဲ့၏။ စစ်ပြီးခေတ်တွင် ဖဆပလ အဖွဲ့၌ ပါဝင်၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲရေး ကော်မတီဝင်၊ အလုပ်သမား ဥပဒေပြု ကော်မတီတွင် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ပြည်သူ့ လွှတ်တော် တွင်၎င်း၊ လူမျိုးစုလွှတ်တော် တွင်၎င်း၊ အမတ်အဖြစ် ပါလီမန်ဒီမိုကရေစီ ခေတ်တွင် အဆက်မပြတ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။ နိုင်ငံတော် အစိုးရ အဖွဲ့ များတွင်၊ ပြည်သူ့ အိုးအိမ်ဆောက်လုပ်ရေးနှင့် အလုပ်သမား ဌာန ဝန်ကြီး (၁၉၅၂)၊ ကုန်သွယ်မှု ဖွံ့ဖြိုးရေးနှင့် အလုပ်သမားဝန်ကြီး (၁၉၅၄)၊ သတ္တုတွင်းဌာန ဝန်ကြီး (၁၉၅၆ - ၅၈)၊ အမျိုးသား စီမံကိန်း ဝန်ကြီးနှင့် စက်မှု၊ သတ္တုနှင့် အလုပ်သမား ဝန်ကြီး (၁၉၆၀) စသည့် တာဝန်များထမ်းရွက် ခဲ့သည်။
အလုပ်သမားနှင့် စပ်ဆိုင်သော ဘုတ်အဖွဲ့ အသီးသီး၊ စုံစမ်းရေး ကော်မတီ အမျိုးမျိုးတွင် သဘာပတိ အဖြစ်၎င်း၊ ပြည်ထောင်စု အလုပ်သမားအဖွဲ့၊ လူမှုဖူလုံရေး အဖွဲ့၊ အမျိုးသား အိုးအိမ်အဖွဲ့၊ လူမှု ဝန်ထမ်းအဖွဲ့နှင့် အမျိုးသား လူငယ်ကောင်စီ များတွင် ဥက္ကဋ္ဌ အဖြစ်၎င်း၊ ပြည်ပသို့ သွားရောက်သော ကိုယ်စားလှယ် အဖွဲ့ အမျိုးမျိုးတွင် ခေါင်းဆောင်အဖြစ် ဖြင့်၎င်း၊ အဖွဲ့ဝင်အဖြစ် ဖြင့်၎င်း၊ လိုက်ပါ ခဲ့ဖူးသည်။ ၁၉၅၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ သရဖူဆု ချီးမြှင့်ခြင်း ခံရသည်။ ၁၉၆၀ ခုနှစ်တွင် ဗမာ့ စက်မှုလက်မှုကောင်စီ သဘာပတိ အဖြစ်၎င်း၊ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ တွင်၎င်း တာဝန် ထမ်းရွက်ခဲ့သည်။
ဒေါ်ဖာတီမာ (ဘီအေ) နှင့် လက်ထပ်ခဲ့ပြီး၊ သားနှစ်ယောက် ထွန်းကားခဲ့သည်။ အမှတ် (၁၆)၊ ရွှေတောင်ကြားလမ်း ရန်ကုန်တွင် နေထိုင်သည်။