ရုပ်ပွားတော်

ရုပ်ပွားတော်ဟူသည် ဘုရားရှင်တို့၏ ရုပ်လက္ခဏာများကို မှန်းဆ၍ ထုဆစ်၊ သွန်းလုပ် ဖန်တီးထားသော ရုပ်တုကို ခေါ်ဆိုသည်။ ဘုရားရှင်တို့သည် လူသာမန်တို့နှင့် မတူကွဲပြားသော လက္ခဏာတော်ကြီး (၃၂)ပါးနှင့် လက္ခဏာတော်ငယ် အပါး(၈ဝ) ရှိသည်။ ဗုဒ္မရုပ်ပွားတော်များကို ရပ်တော်မူ၊ ထိုင်တော်မူ၊ လျောင်းတော်မူ စသဖြင့် ပုံစံအမျိုးမျိုး တွေ့နိုင်သည်။ ဗုဒ္မရုပ်ပွားတော်များသည် ရသဗေဒအရ သာမန်သွန်းထုထားသည့် အနုပညာပစ္စည်း မဟုတ်ချေ။ ကိုးကွယ်ဆည်းကပ်ရာ မည်ကာမတ္တ (Image) မဟုတ်ချေ။ အနုပညာပစ္စည်း တစ်ခုအနေဖြင့် အလှထားသည့် ရုပ်ပြပစ္စည်းလည်း မဟုတ်ချေ။ အမှန်မှာ ရုပ်ပွားတော်များသည် ဗုဒ္မ ဟောကြားတော်မူအပ်သော တရားဓမ္မများကို ကိုယ်စားပြု ထုလုပ်ထားခြင်းဖြစ်၍ ထူးခြားမှုရှိသည်။ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် ဆင့်ပွားမှတ်တမ်းအရ ဗုဒ္မ၏ လက္ခဏာတော်ကြီးငယ်များဖြင့် တိကျတူညီအောင် ပုံတူ သွန်းလုပ် ထုဆစ်ထားခြင်းဖြစ်၍လည်း ဆည်းကပ်ကိုးကွယ်ထိုက်သည်။ (နောင်အခါ ဗုဒ္မရုပ်ပုံလွှာကို မိမိတို့ စိတ်ကူးအရ သွန်းလုပ် ကြည်ညိုကြသည်လည်း ရှိခဲ့သည်။)


မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးသည် ဗုဒ္ဓ၏ လက္ခဏာတော်များဖြင့် သက်ရှိပမာ ထူးခြားစွာ သွန်းလုပ်ထားသော ရုပ်ရှင်တော်မြတ် တစ်ဆူဖြစ်သည်။ ဗုဒ္မမြတ်စွာသက်ရှိထင်ရှားစဉ်က ကိုယ်ငွေ့လှုံ၍ သွန်းလုပ်ခဲ့သည့် သက်တမ်းရှည် ရုပ်ပွားတော်မြတ် တစ်ဆူဖြစ်သည်။ ခရစ်သက္ကရာဇ် ၁၉၅၇−ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သာသနာသက္ကရာဇ် ၂၅၀ဝ−ပြည့် အထိမ်းအမှတ်အဖြစ် သွန်းလုပ်ခဲ့သော ရပ်တော်မူပုံ ဗုဒ္မရုပ်ပွားတော်သည် ရိုးရာ လက္ခဏာတော်များဖြစ်သော ရောင်ခြည်စက်ဝန်း၊ ပြန့်ကားသော နားတော်၊ ပြုံးယောင်သမ်းနေသော နှုတ်ခမ်းတော်နှင့် လက်ယာရစ်လှည့်သော ဆံခွေတော်များ စသည် ဗုဒ္မ၏ထင်ရှားသော လက္ခဏာတော်အချို့တို့ဖြင့် ပါဝင်ထုလုပ်ထားသည်။ ယခုအခါ ဘန်ကောက်အမျိုးသားပြတိုက်တွင် ရှိသည်ဟု သိရပါသည်။


စေတီပုထိုးများသည်လည်း ထို့အတူ ဗုဒ္မနှင့်သက်ဆိုင်သည့် ဝတ္ထုပစ္စည်းများ၊ ဟောကြားတော်မူသော တရားဓမ္မများ၊ ကျမ်းစာများ စသည် ဌာပနာ၍ တည်ထားကိုးကွယ်ထားခြင်း ဖြစ်သည်။

ကိုးကား

    http://www.myworld-phyophyo.com/p/buddha-1-16.html Archived 12 November 2016 at the Wayback Machine.

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.