ရဲလွင် (စာရေးဆရာ)

ကန်တော့ခံ သက်ကြီးစာပေပညာရှင် စာရေးဆရာကြီး သင့်ဘဝဦးရဲလွင်ကို ဦးရွှေအေး၊ ဒေါ်ဖွားခင်တို့က ညောင်တုန်းမြို့ ရွှေဂူခြံ၌ ၁၉၂၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် မွေးဖွားသည်။ ငယ်စဉ်က ညောင်တုန်းမြို့ မင်္ဂလာကျောင်းတိုက် ဘုန်းတော်ကြီးသင်ကျောင်း၌ စတင်ပညာသင် ယူပြီး ညောင်တုန်းမြို့ ဆရာဝှိုက်ကျောင်းနှင့်ဝဲဒေါင့်ကျေးရွာရှိ ဆရာဦးထွန်းတင်ကျောင်းတို့၌ ဆက်လက်ပညာသင်ယူသည်။ အင်္ဂလိပ်စာကို ညောင်တုန်းမြို့ အင်္ဂလိပ် အလွတ်ပညာသင်ကျောင်း၌ ဆည်းပူးသည်။ သင့်ဘဝဦးရဲလွင်သည် ၁၉၄၂ ခုနှစ်တွင် ရဟန်းဝတ်၍ အခြေခံပိဋကတ်စာပေများ သင်ယူသည်။ ၁၉၄၃ ခုနှစ်တွင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာများကို ပခုက္ကူနည်းဖြင့် ကျမ်းကြီးပေါက်သင်ယူပြီး ဦးဉာဏိက (နောင်တွင် မြောင်းမြဆရာတော်) ထံ၌ ပါဠိ၊ ဟိန္ဒီ၊ သက္ကတ၊ မြန်မာကဗျာရေးသားစပ်ဆိုနည်းတို့ကို သင်ယူဆည်းပူးသည်။ ၁၉၄၆ ခုနှစ်တွင် 'သုံးထပ် လက်ျာ' လက်ရေး မဂ္ဂဇင်းကို ဦးစီးထုတ်ဝေသည်။ ၁၉၄၇ ခုနှစ်တွင် ဒဂုန်မဂ္ဂဇင်းနှင့် ဂျာနယ်များ၌ ကဗျာများ စတင်ရေးသားသည်။ ၁၉၅၂ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲကို ပါဠိဘာသာတွဲဖြင့် ဖြေဆိုအောင်မြင်သည်။ ၁၉၅၃ ခုနှစ်တွင် လူဝတ်လဲ၍ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပညာသင်ယူသည်။ ရန်ကုန်တက္ကသိုလ်၌ ဗုဒ္ဓဘာသာအသင်းအမှုဆောင်နှင့် ပါဠိအသင်း အတွင်းရေးမှူး၊ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည်။ ၁၉၅၄ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ပါဠိအသင်းမဂ္ဂဇင်းကို ပါဠိ၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာဖြင့် သုံးတွဲထုတ်ဝေသည်။ ၁၉၅၇ ခုနှစ်တွင် လွင်တက္ကသိုလ်ဝင်ကျောင်းကို ကိုယ်ပိုင်ကျောင်းအဖြစ် ဖွင့်လှစ်ပြီး ကျောင်းအုပ်အဖြစ် ဆောင်ရွက်သည်။ သင့်ဘဝမဂ္ဂဇင်းတာဝန်ခံအယ်ဒီတာ၊ သံဃာ့တက္ကသိုလ် အုပ်ချုပ်ရေးအရာရှိ၊ ကမ္ဘာ့ဗုဒ္ဓဘာသာ မဂ္ဂီသာအဖွဲ့ချုပ် အုပ်ချုပ်ရေးမှူး၊ ချိုတေးသံဂျာနယ် အယ်ဒီတာချုပ်၊ အမေရိကန်သံရုံး ပြန်ကြားရေးဌာန သတင်းဘာသာပြန်နှင့် လင်းရောင်ခြည်မဂ္ဂဇင်း အယ်ဒီတာချုပ် တာဝန်များကို ထမ်းဆောင်သည်။ တက္ကသိုလ် မောင်ရဲလွင်၊ မောင်ဝိုင်း၊ မောင်လူအေး၊ ကြီးကြီးမေ၊ သစ်ဆန်းယဉ်၊ နယ်လှည့်အယ်ဒီတာ၊ မောင်လေ့လာ၊ မောင်သိပ္ပံ၊ ဟာသမောင် စသည့် ကလောင်ခွဲများဖြင့် ဆောင်းပါးအများအပြား ရေးသားသည်။ ကမ္ဘာ့ဗုဒ္ဓဘာသာ မဂ္ဂီသာအဖွဲ့ချုပ် အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်စဉ် နိုင်ငံတကာ ဗုဒ္ဓဘာသာ သတင်းစာ တစ်စောင်ကို အင်္ဂလိပ်ဘာသာဖြင့် လစဉ် ထုတ်ဝေသည်။ ၁၉၈၀ ပြည့်နှစ်မှစ၍ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်၌ ဆောင်းပါးများ ရေးသားသည်။ ဘာသာပြန် စာအုပ်များ၊ ပင်ကိုရေး လုံးချင်းဝတ္ထုများ၊ ဘာသာရေး စာအုပ်များ၊ ထေရုပ္ပတ္တိစာအုပ်များ ရေးသား ထုတ်ဝေသည်။ စာပေကို ကွယ်လွန်ချိန်အထိအဆက်မပြတ်ရေးသားခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ကျောင်းဆရာမ ဒေါ်ခင်မေအေးနှင့် လက်ထပ်သည်။ ကန်တော့ခံသက်ကြီး စာပေပညာရှင် စာရေးဆရာကြီး သင့်ဘဝဦးရဲလွင်သည် ၂၀၁၀ ပြည့်နှစ် ဇူလိုင် လ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် သားတစ်ဦး၊ သမီးနှစ်ဦးနှင့် မြေးသုံးဦးကျန်ရစ်သည်။[1]

ရဲလွင် အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် ရဲလွင် (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

ကိုးကား

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.