ရဲလွင် (မဇ္ဈိမလှိုင်း)

မဇ္ဈိမလှိုင်း ဦးရဲလွင်သည် ငြိမ်းချမ်းရေးလှုပ်ရှားမှုများတွင် တက်တက်ကြွကြွပါဝင်ခဲ့သူ ဂီတသမားတစ်ဦးဖြစ်သည်။

ရဲလွင် အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် ရဲလွင် (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
ဦးရဲလွင် (မဇ္ဈိမလှိုင်း)
ရဲလွင် (မဇ္ဈိမလှိုင်း)
မွေးဖွားဒီဇင်ဘာ ၁၉၄၇
ပေါင်းတည်မြို့ပဲခူးတိုင်း
ကွယ်လွန်၂၀၁၈ (အသက် ၇၀၇၁)
ရန်ကုန်မြို့
အလုပ်အကိုင်တေးရေး၊ တေးဆို
ကျော်ကြားမှုအရင်းခံလွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့သူ

ကိုယ်ရေးရာဇဝင်

ဦးရဲလွင်ကို အဖ ဦးမောင်မောင်(စက်ရှင် တရားသူကြီး) နှင့် အမိ ဒေါ်ကြိုင်တို့မှ ၁၉၄၇-ခုနှစ် ဒီဇင်ဘာလတွင် ပဲခူးတိုင်းပေါင်းတည်မြို့၌ မွေးဖွားခဲ့ကာ မွေးချင်းမောင်နှမ ၁၀ ယောက်တွင် ရှစ်ယောက်မြောက် သားဖြစ်သည်။ ၁၉၆၈ တွင် ရန်ကုန်စက်မှုတက္ကသိုလ်ကို စတင် တက်ရောက်ခဲ့ပြီး တတိယနှစ်အထိ တက်ခဲ့သည်။[1] ရန်ကုန်စက်မှုတက္ကသိုလ် တက်နေစဉ်တွင် E.Machine တီးဝိုင်း၌ ဘေ့စ်ဂစ်တာသမားအဖြစ် ပါဝင်ခဲ့သည်။ ၁၉၈၄ ခုနှစ်၌ အဆိုတော် ခင်မောင်တိုး၊ တေးရေးကိုနေဝင်း၊ ကိုမောင်မောင်(အဉ္စလီ) ပါဝင်သည့် မဇ္ဈိမလှိုင်း ဂီတအဖွဲ့ ဖွဲ့စည်းစဉ်တွင် ပါဝင်ခဲ့သည်။[2] ကိုယ်ပိုင် တေးသီချင်း များစွာကို ဖန်တီး ရေးသားခဲ့ပြီး ပန်းခရမ်းပြာသီချင်းသည် ၁၉၇ဝ/၈ဝ ခုနှစ် ဝန်းကျင်တွင် လူကြိုက်များခဲ့သည်။ သီချင်းပေါင်း အပုဒ် ၂၀၀ နီးပါးရေးသားခဲ့ပြီး သူကိုယ်တိုင်လည်းဆိုသလို ခင်မောင်တိုး၊ ခိုင်ထူး၊ ဂျေမောင်မောင်စသည့် အဆိုတော်များကလည်း သီဆိုခဲ့သည်။ ခွဲခွာခြင်းခဏ၊ ပန်းခရမ်းပြာ၊ နောက်ဆုံးအိပ်မက်၊ နဒီမင်္ဂလာ ၊ အချစ်စစ်ဆိုတာ၊ ကြင်နာသူရဲ့အဝေးဆီ ၊ မင်းသိပါတယ်စသည့်သီချင်းများ ရေးသားခဲ့သည်။

၁၉၈၈-ခုနှစ်တွင် လူထုတော်လှန်ရေး၊ ၂၀၀၇-ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတို့တွင် ထိပ်ဆုံးမှပါဝင်ခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းထောင်တွင် (၂၁)ရက်ကြာ နေထိုင်ခဲ့ရသည်။ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကိုနေဝင်း၊ ကိုသားထွေးတို့နဲ့ အတူ လက်တွဲကာ Vertical Vibration တေးဂီတ အဖွဲ့ကို တည်ထောင်ခဲ့သည်။ ၂၀၁၁-ခုနှစ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) တည်ထောင်ခြင်း ဆယ်နှစ်ပြည့် အထိမ်းအမှတ်အတွက် တေးသီချင်းပေါင်း (၂၀)ကို စီစဉ်ပေးခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် စေတနာ့လုပ်အားပေးအဖြစ် ဝင်ရောက်ခဲ့သည်။

ဦးရဲလွင်သည် ၂၀၁၂ တွင် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ဒေသအသီးသီးတွင် ငြိမ်းချမ်းရေး သီချင်းများ လိုက်လံ သီဆိုပြီး ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဆော်ဩခဲ့သူ ဂီတသမား တစ်ဦးလည်းဖြစ်သည်။ ၂၀၁၃ ခုနှစ်က ပြည်ပ ရောက် မြန်မာတိုင်းရင်းသားများက ဂုဏ်ပြုပေးအပ်သည့် ပြည်သူ့ဂုဏ်ရည် အထူးဆုကို ရရှိခဲ့သည်။[3] ဦးရဲလွင်အား 7Day News က ၂၀၁၃ ခုနှစ်အတွက် 7Day News Hero ဆုရှင်အဖြစ် ရွေးချယ်ခဲ့သည်။

ဘဝနိဂုံး

ဦးရဲလွင်သည် ၂၀၁၈ ဇွန်လ ၅ ရက်နေ့မှစ၍ ရန်ကုန်မြို့ စိန်ဂျွန်းရှိ ကုတင် ၅၀၀ ဆေးရုံ အသည်းကုသဆောင်တွင် ကုသမှု ခံယူနေရင်း ဇူလိုင်လ ၁ဝ ရက် ညနေ လေးနာရီ ဆယ်မိနစ်တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်အထိ လူပျိုဘဝနှင့် နေထိုင်သွားခဲ့သည်။

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.