ရွှေဆံတော်ဘုရား (တွံတေး)

တွံတေးမြို့ရှိ ရွှေဆံတော်ဘုရားကို မဟာသက္ကရာဇ် ၁၁၄ ခုနစ် တန်ဆောင်မုန်းလပြည့်နေ့မှ စတင်၍ ပန္နက်ရိုက်ကာတည်သည်။ ၁၂၃ ခုနှစ် တန်ခူးလပြည့်နေ့တွင် ထီးတော်တင်လှူ ပြီးစီးလေသည်။ ဂေါတမမြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် ၁၁၁ ခုနှစ်တွင် သုဓမ္မပူရတိုင်း၊ မုတ္တမ၊ ဇင်းကျိုက်သို့ ဒေသစာရီ လှည့်လည်ကြွရောက်တော်မူခဲ့စဉ် တွံတေး (ကွမ်းဒေး)မြို့၏ အရှေ့ခြောက်မိုင်အကွာတွင် ယခင်ထိုထိုကျွန်း သီဟိုဠ်မှ ပြောင်းခဲ့ကြ၍ နေထိုင်ရာအတွင်း ခပင်းငယ် ဟုတွင်သော ဒေသမှ ရောက်လာကြသော တိက္ခပညာ၊ သာဂရပညာ ကုန်သည်ညီနောင်တို့နှင့် သုမနထေရ်တို့အား ဆံတော်ရှင် နှစ်ဆူ ပေးသနားတော်မူခဲ့၏။ ထိုသို့ ပေးသနားတော်မူလိုက် သော ဆံတော်နှစ်ဆူကို ဌာပနာလျက် မေရုဒကုန်းတွင် ပေါက္ခရဝတီဘုရင် သမိန်ထောဗညားရံက ရွှေဆံတော်စေတီကို တည်ထားခဲ့သည်။

ထိုစဉ်က တည်ထားခဲ့သော စေတီတော်မှာ ဖိနပ်တော် သံတောင် ၈ဝ နှင့် လေးမိုက်၊ အရပ်တော် သံတောင် ၁၂ဝ ရှိ၍ ထီးဝကိုးတောင်၊ ဘုံခုနစ်ဆင့်၊ ဇွန်ရိုးဆပ်သွားဖူး ၂ဝ၊ ငှက်မြတ်နား တစ်၊ စိန်ဖူးတော် တစ်၊ ထီးဆိုင်းကြိုး ရှစ်၊ ကြေးစလောင်း တစ်၊ ရွှေဆည်းလည်း ၄၂ လုံး၊ ငွေဆည်းလည်း ၁၂ဝ၊ ကြေးဆည်းလည်း ၂ဝဝ ဖြစ်သည်။ စေတီတော်ကို သုံးနှစ်တိုင် တည်လုပ်ရသည်။

သက္ကရာဇ် ၂၃၈ ခုနှစ်တွင် သမိန်ထော ဗညားရံမင်း၏ ညီတော် သမိန်ထောဗညားကောဒေးမင်းသည် သထုံပြည် သီရိမာမင်း ကိုးကွယ်သော ဆံတော်မြတ်လေးဆူကို ရရှိ၍ ရွှေဆံတော်စေတီတွင် ဒုတိယအကြိမ် ထပ်မံ ဌာပနာသွင်းနှံခဲ့လေသည်။

ထိုနောက်တွင် သရေခေတ္တရာ ဒွတ္တဘောင်မင်းကြီးမှ အစပြု၍ မင်းအဆက်ဆက်တို့ အသစ်ပြုပြင်ခြင်း၊ ရွှေချကပ်လှူခြင်းတို့ကို ပြုလုပ်ခဲ့သည်။ သက္ကရာဇ် ၁၁၃ဝ ပြည့်နှစ် ပြာသိုလပြည့်ကျော် ၅ ရက် အင်္ဂါနေ့တွင် ငလျင်ဒဏ်ကြောင့် ရွှေဆံတော်စေတီသည် ရွှေတိဂုံစေတီတော်နှင့် တစ်ပြိုင်နက် ပြိုကျလေရာ ကုန်းဘောင် ဆင်ဖြူရှင်မင်းသည် ၁၁၃၅ ခုနှစ်တွင် ရွှေတိဂုံစေတီတော်ကို အသစ်ပြန်လည်တည်ဆောက် ပေးကာ တွံတေးရွှေဆံတော်ကိုလည်း ရွှေတိဂုံ စေတီပုံအတိုင်း မူလတည်ရင်း ဉာဏ်တော် သံတောင် ၁၂ဝ မှ ၁၆ တောင်မြင့်၍ ၁၃၆ တောင် အမြင့်သို့ အရံစေတီတော်အဆူ ၄ဝ နှင့်တကွ တည်ပေးတော်မူခဲ့သည်။ ယခု ငှက်ပျောဖူးထိပ်တိုင် ၁၃၆ တောင် မြင့်၍ စိန်ဖူးတော်တိုင် ပေ ၂၅ဝ မြင့်သည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.