ရွှေမန်းတင်မောင်

ရွှေမန်းတင်မောင်သည် တချိန်က မြန်မာ့ဇာတ်သဘင်လောကကြီးအား ထူးသည်ထက် ဆန်းလာအောင် လုပ်နိုင်သူ တစ်ဦး ဖြစ်သည်။ လွတ်လပ်ရေးရပြီးစ မြန်မာ့ဇာတ်သဘင်လောကတွင် နာမည်ကျော် လူကြိုက်များခဲ့သော အလင်္ကာကျော်စွာဘွဲ့ရ မင်းသားဖြစ်သည်။ အပြော၊ အဟော ကောင်းသဖြင့် ယခုခေတ်အခါ အပြောကောင်းသူတွေ့လျှင် အပြောကတော့ ရွှေမန်းပဲ ဟု ဆိုစမှတ် ပြုကြလေသည်။

အမျိုးသားကဇာတ်ရုံ အတွင်းရှိ ​​​ရုပ်တု
အလင်္ကာကျော်စွာ
​ရွှေမန်းတင်မောင်
အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်
မွေးဖွားမန္တလေးဗြိတိသျှဘားမား
ကွယ်လွန်၁၉၆၉ ခုနှစ် နိုဝင်ဘာလ ၂၉
အလုပ်အကိုင်​ဇာတ်သဘင်မင်းသား
မိဘ(များ)ဦးပြားနှင့်ဒေါ်မေ
ရရှိသည့်ဆုများအလင်္ကာကျော်စွာဘွဲ့(၁၉၅၃)

ငယ်ဘဝ

ရွှေမန်းတင်မောင်သည် မန္တလေးဇာတိဖြစ်ပြီး အဖမှာ သစ်ဝါးကုန်သည်ကြီး ဦးပြားနှင့် အမိဒေါ်မေတို့မှ မွေးဖွားသော သားသမီး ကိုးယောက်အနက် အထွေးဆုံးသားဖြစ်သည်။ ငယ်အမည် တင်မောင် ဖြစ်သည်။ သူကား သဘင်သည် မျိုးရိုးမဟုတ်ပေ။ ကုန်သည်မျိုးရိုး ဖြစ်သည်။ ကုန်သည်မျိုးရိုးမှ မြန်မာ့ဇာတ်သဘင်ကို ဦးဆောင်လာနိုင်သည်မှာ အံ့မဆုံးအောင်ပင် ရှိလေသည်။ ရွှေမန်းတင်မောင် ရှစ်နှစ်သားကပင် ဖခင်သေဆုံးလေသည်။ မန္တလေးမြို့၊ မိုးကောင်းတိုက်၊ တိုက်ကြပ်ကျောင်းဆရာတော် ဦးနန္ဒဝံသနှင့် ဦးဣန္ဒောတို့ ထံတွင် ပညာရင်နို့ကို သောက်စို့ခဲ့ရသည်။ သူသည် ဆယ်နှစ်သား အရွယ်တွင် သာမဏေပြု၍ လောကုတ္တရာ စာပေတို့ကို လေ့လာခဲ့လေသည်။ သဒ္ဒါသင်္ဂြိုဟ် တို့ကို သင်ကြားခဲ့လေသည်။ သဒ္ဒါသင်္ဂြိုဟ်များကို သံနေ၊ သံထားဖြင့် စည်းဝါးမိ ရွတ်ဆိုနိုင်သဖြင့် ဓမ္မကထိက ဆရာတော် ဖြစ်စေရန် ကြိုးစားခဲ့ကြဘူးသေးသည်ဟု သိရသည်။ (၁၁)နှစ်သား အရွယ်တွင် သာမဏေဘဝမှ ထွက်၍ အရပ်တီးဝိုင်းကလေးများတွင် အပျော်တမ်း အဆိုတော်ဘဝ၌ ကျင်လည်ခဲ့လေသည်။

မန္တလေး အမျိုးသား ကဇာတ်ရုံ ရှေ့ရှိ ရွှေမန်းတင်မောင် ရုပ်ထု

သဘင်သည်ဘဝ

နောင်တွင် ဦးကြီးတော်၏ ရုပ်သေးစင်၌ ဆီးသီးကောက် မင်းသားကလေး အဖြစ် သူငယ်တော်ရုပ်ကလေးနှင့် တွဲဖက်ကာ သီချင်းဆိုခဲ့ရ၏။ သူ့အသံကို ပရိတ်သတ်များက နှစ်သက်လှသောကြောင့် ရုပ်လက္ခဏာကို မြင်လိုကြသည်။ သူ့အား ထွက်ကပြရန် တောင်းပန်လာသဖြင့် ဆီးသီးကောက် မင်းသားငယ်သည် ဇာတ်ခုံကို အခိုင်အမာပြုကာ လူကိုယ်တိုင် ထွက်ပြရလေသည်။

ဘကြီးတော်သူ ဆရာတော်ဦးကေသရ၏ ညွှန်ကြားချက်အရ စိန်ပါတူ ဆိုင်းအဖွဲ့တွင် ဆိုင်းသားကလေး လုပ်လာရသည်။ ထို့နောက် မြခြေချင်း မငွေမြိုင်ထံတွင် သုံးနှစ်ခန့် သဘင်ပညာကို သင်ကြားခဲ့လေသည်။ သူ့အစ်မကြီး၏ ခင်ပွန်း ဦးခင်သက်က ဇာတ်ထောင်ပေးသဖြင့် ဇာတ်မင်းသားဘဝသို့ ရောက်ခဲ့လေသည်။ ထိုအချိန်မှ စ၍ တရှိန်ထိုးနာမည်တက်လာကာ အလင်္ကာကျော်စွာ ဘွဲ့ကိုပင် ရရှိခဲ့ပြီး အထူးကျော်ကြားသော မင်းသားဖြစ်လာလေသည်။

ထူးသမျှ ထိပ်ခေါင်

ရွှေမန်းတင်မောင်သည် လွတ်လပ်ရေးရပြီးစ မြန်မာ့ဇာတ်သဘင်လောကကြီးအား ထူးသည်ထက် ဆန်းလာအောင် လုပ်နိုင်ခဲ့သူ ဖြစ်သည်။ ထိုခေတ်တွင် စီးပွားရေး၊ ကြီးပွားရေး စသော လောကီရေးရာ အဖြာဖြာတွင် အမြင်သစ်တို့ကလည်း ဖွံ့ဖြိုးနေသော အခါလည်း ဖြစ်သည်။ မြန်မာ့ဇာတ်သဘင် သာမက မြန်မာ့ ရုပ်ရှင်လည်း တိုးတက်နေပြီဖြစ်သည်။ ရုပ်ရှင်တစ်ပွဲလျှင် သုံးနာရီကျော်ကျော်မျှသာ ကြာ၏။ ထို့ကြောင့် လူတို့သည် ရုပ်ရှင်ကို ပို၍ အားပေးလာကြသည်။ ဤသည်ကို သိသော ရွှေမန်းတင်မောင်သည် ဇာတ်သဘင်ကို ခေတ်နှင့် အမီလိုက်နိုင်အောင် အမျိုးမျိုး တီထွင်ခဲ့လေသည်။ သူ၏လုပ်သမျှ အောင်မြင်ခဲ့လေသည်။ ရုပ်ရှင်နောက်သို့ လိုက်နေသော လူထုသည် ရွှေမန်းတင်မောင်၏ မြန်မာ့ဇာတ်သဘင်ကို ဦးတည်လာခဲ့လေသည်။ ရွှေမန်းမှ ရွှေမန်းကိုသာ ဖြစ်လာကြလေသည်။

မီးရောင်ခြည်အစ ရွှေမန်းက

အနုမြူရောင်ခြည် ခေါ် စလိုက်မီးများကို စတင်သုံးစွဲ တီထွင်သူမှာ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ပင်ဖြစ်သည်။ ရွှေမန်းတင်မောင် အဖွဲ့ကြီးသည် လူပေါင်း ၈ဝ ကျော်မျှနှင့် မြို့ရွာအသီးသီးသို့ လှည့်လည် ပြသနိုင်ပေသည်။ ရွှေမန်းတင်မောင်သည် မြန်မာ့ဇာတ်သဘင် အဆင့်ကျမသွားလေအောင် သိပ္ပံနည်းဖြင့် တနည်းတဖုံ စီမံထားသော အဝတ်အစားများကို ဝတ်ဆင်၍ ဇာတ်ခုံကို မှောင်ချကာ ကပြလေသည်။ အမှောင်ထဲတွင် တဝင်းဝင်းတောက်လျက် အံ့မဆုံးအောင် ဖြစ်ကြရလေသည်။ ထို့နောက် ဇာတ်ခုံထက်မှ ပိတ်ကားပေါ်တွင် အမှောင်ချ၍ လျှပ်စီးလက်ဟန်၊ မိုးရွာဟန် စသည်တို့ကိုလည်း ဆလိုက်မီးများဖြင့် ပြုလုပ်ပြလေသည်။ လျှပ်စီးလက်လိုက်သော ရောင်ခြည်တန်းကြီးများနှင့် မိုးကြိုးထစ်သံကြီးတို့မှာ တကယ်အလား ထင်မှားကြရလေသည်။ ဤသို့လျှင် ရွှေမန်းတင်မောင်က မီးရောင်ခြည်များကို စထွင်လိုက်သောအခါ ``မီးရောင်ခြည်အစ ရွှေမန်းက´´ ဟူ၍၎င်း၊ ရွှေမန်းတင်မောင်ဟာ မီးနဲ့ ပြုစားနိုင်တယ်၊ ရွှေမန်းတင်မောင်ရဲ့ မီးရောင်ခြည်ကို ရုပ်ရှင် ကင်မရာတောင် လိုက်မမှီဘူး ဟူ၍၎င်း ပြောစမတ်ပြုကြလေသည်။

ညဉ့်ဝက် စနစ်သစ်သဘင်

ရွှေမန်းတင်မောင်သည် ရွက်ထည်ရုံကြီးတွင် ရှေ့ဆုံးမှ နောက်သို့ ၅ကျပ်၊ ၃ကျပ်၊ ၂ကျပ်၊ ၁ကျပ်တန် ထိုင်ခုံများ စီခင်း၍ ရုံသွင်းကပြ ပြန်လေသည်။ ထိုသို့ ရုံသွင်းလာသောအခါ ညဉ့်လုံးပေါက် မကတော့ဘဲ ညဉ့်ဝက်အတောအတွင်းမှာ ရှေ့ပိုင်းတွင် နှစ်ပါးသွား၍ နောက်ပိုင်းတွင် ဂီတရူးတို့ ကဲ့သို့သော ပြဇာတ်မျိုး၊ ကြည့်တိုင်းပင် မရိုးနိုင်ရုံမျှမက စာပေရေး၊ နိုင်ငံရေး စသည့် စိတ်ဓာတ်များကို ပွင့်ဖူးလာစေသော လက်ဝဲသုန္ဒရ စသည့် ဇာတ်တို့ကို ကပြလေသည်။

ရွက်ထည်ရုံကြီးဖြင့် ကုလားထိုင်ခင်းကာ ကပြသော ``ညဉ့်ဝက် စနစ်သစ်သဘင်´´ ရွှေမန်းတင်မောင်က တီထွင်လိုက်သောအခါ အိပ်ရေးပျက် မခံလိုကြသော ပွဲကြည့်ပရိတ်သတ်သည် ဇာတ်ဘက်သို့ ဦးလှည့်လာကြသည်။ မြန်မာ့ရုပ်ရှင်လောက၏ အရှိန်အဝါအောက်ဝယ် နစ်မွန်းလုနီးပါးရှိခဲ့ရသော မြန်မာ့ဇာတ်သဘင်သည် ရွှေမန်းတင်မောင်၏ ညဉ့်ဝက် စနစ်ကြောင့် ပို၍ ဆန်းသစ်လာခဲ့သည်။

ဘဝနိဂုံး

[1]သရက်ခရိုင် မင်းလှမြို့နယ် လက်ပံရွာအနီးက မဟာပိန္နဲဘုရား ပွဲတော်တွင် (၁၉၆၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်) စနေနေ့ည (တစ်ချို့စာစောင်များတွင် ၃၀ ရက် တနင်္ဂနွေနေ့အကူး) ဇာတ်ခုံပေါ်တွင် ကရင်းခုန်ရင်း အသက် (၅၁) နှစ်တွင် ရုတ်တရက် ကွယ်လွန်ခဲ့သည်။ ရောဂါလက္ခဏာပြနေတာတောင် ဇာတ်ခုံရှေ့ကိုဇွတ်ထွက်ကာ ကခုန်နေတာကြောင့် ဘေးလူတွေက ဇွတ်ဆွဲသွင်းရင်း ဝိုင်းဝန်းပြုစုရင်း ဆုံးပါးခဲ့ရခြင်းဖြစ်လေသည်။

ကိုးကား

  1. မောင်သိန်းနိုင်၏ မြန်မာ့ဇာတ်သဘင် သမိုင်း (၁၉၆၈-ခု၊ စာပေဗိမာန်ထုတ်)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.