ရွှေဥဒေါင်းတောင်ဆရာတော်

ဆရာတော် ဘဒ္ဒန္တ ကုမာရ

ကုမာရ၊ ဆရာတော် ဘဒ္ဒန္တ၊ (ရွှေဥဒေါင်းတောင်)(မြန်မာ ၁၂၅၃-၂၃၄၆)

ရွှေဥဒေါင်းတောင် ဆရာတော်ဟု ထင်ရှားတော်မူသော ဆရာတော် ဘဒ္ဒန္တ ကုမာရ ကို ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်၊ တီကျစ်မြို့ အနောက် ၅၆ မိုင်အကွာ ပင်ခင်ကျေး ရွာတွင် ခမည်းတော် ရှမ်းတရဲအမျိုးသား ဦးခိုင်၊ မယ်တော် ပအိုဝ်းအမျိုးသမီး ဒေါ်အွတ်တို့က သက္ကရာဇ် ၁၂၅၃ ခုနှစ် ပြာသိုလဆန်း ၁၃ ရက် တနင်္လာနေ့၌ ဖွားမြင်သည်။

ငယ်စဉ်က ပင်ခင်ရွာကျောင်း ဆရာတော် ဦးသာဂရ ထံတွင် ပညာစတင် သင်ကြားသည်။ ငယ်မည်မှာ မောင်ကြာ အောင်ဖြစ်သည်။ အသက် ၁၂ နှစ်အရွယ်တွင် ပင်ခင်ကျောင်း ဆရာတော်ကို ဥပဇ္ဈာယ် ဆရာပြုလျက် ခမည်းတော်၊ မယ်တော် တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်တော်မူ သည်။ ဘွဲ့တော်မှာ ရှင်ကုမာရ ဖြစ်သည်။

ရှင်သာမဏေ ဘဝမှစ၍ ကစ္စည်းသဒ္ဒါကြီး ပါဠိ၊ အဘိဓမ္မတ္ထသင်္ဂဟပါဠိ၊ ဝိနည်းငယ်လေးစောင် စသော ပါဠိ အခြေခံကျမ်းများကို သင်ကြားခဲ့ဘူးသည်။ ၁၃ နှစ်အရွယ်တွင် ရသေ့ကြီး ဦးခန္တီ အကူအညီဖြင့် မန္တလေးတိုင်း ရမည်းသင်းမြို့ သိမ်ကုန်းကန်ထောင်ကျောင်း ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးစာရွှျိာ ဘိဝံသထံသို့ ရောက်ခဲ့ပြီး ပရိယတ္တိစာပေများ သင်ကြားသည်။ ထိုမှ ရမည်းသင်းအနောက်ဘက် အုန်းတော သက်ကယ်ခြံကျောင်း စာသင်တိုက် ဆရာတော် ဦးပဏ္ဍိတ ဉာဏထံသို့ ပြောင်းရွှေ့၍ ပရိယတ္တိစာပေများ ဆက်လက် ဆည်းပူးခဲ့သည်။ ထိုနောက် ပင်လောင်းနယ် ပင်မှီလယ်ကြား ကျောင်းတိုက် ဆရာတော် ဦးဂုဏထံတွင် စာပေသင်ကြားယင်း တစ်ဝါဆို၍ နေယင်းဇာတိ ပင်ခင်ရွာ ကျောင်းသို့ပြန်ခဲ့သည်။

အသက် ၂ဝ တွင် ခမည်းတော် မယ်တော်များနှင့် အခြား ဒါယကာ လေးဦးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူ၍ ပင်ခင် တောရကျောင်း နန်းနိမ်ဆရာတော် ဦးနန္ဒိယကို ဥပဇ္ဈာယ် ဆရာပြုလျက် ရှင်ကုမာရဘွဲ့မည်ရင်းဖြင့် ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။

ရဟန်းဘဝ၌ တောင်ငူမြို့ လယ်ကလေး စာသင်တိုက် ကျောင်း ဆရာတော်ဦးဉာဏစရထံတွင် သုတ္တန်ပါဠိတော်အဋ္ဌ ကထာ၊ သမ္မောဟဝိနောဒနီအဋ္ဌကထာတို့ကို သင်ကြားတော် မူသည်။ ထိုနောက် သက်တော် ၂၂ နှစ်တွင် မန္တလေးမြို့ တောင်ပြင် ဒက္ခိဏာရာမ ဘုရားကြီးတိုက် အဂ္ဂမဟာ ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော် ဦးဥက္ကံသာဘိဝံသ၊ ဆရာတော်ဦးဝိုင်း၊ ဆရာတော်ဦးပုခန်းနှင့် ဆရာတော်ဦးကြည် တို့ထံ၌ ပိဋကတ် ကျမ်းဂန် များကို ငါးဝါကြာမျှ ဆက်လက် သင်ကြားတော်မူသည်။

၁၂၈၂ ခုနှစ်တွင် မန္တလေးမှ မွေးရပ်မြေ ပင်ခင်ရွာကျောင်း သို့ ပြန်ကြွခဲ့ပြီး ပင်ခင်ကျောင်းနှင့် ပင်လောင်းမြို့ နောင်ကား ကျောင်းတွင် စာဝါများ ပို့ချပေးတော်မူခဲ့သည်။

ထို့နောက် ပင်လောင်းနယ် ဗန်းပြင်ကျောင်းတွင် ပရိယတ္တိ စာပေများကို သင်ကြားပို့ချ ပေးတော်မူခဲ့သည်။ လုံးပိုးကျေးရွာ မှ ဒါယကာ ဒါယိကာမများ၏ ပင့်လျှောက်ချက်အရ ညောင်ရွှေမြို့နယ် ကျားတွန်ကျေးရွာ ကျောင်းသို့ ရွှေ့ပြောင်း သီတင်းသုံးသည်။ ထိုနောက် စာသင်ကျောင်းဖွင့်၍ စာသင် ရဟန်း ၂၅ ပါး၊ ရှင်သာမဏေ ၇ဝ၊ ကျောင်းသား ၆ဝ ကျော်တို့ကို ပရိယတ္တိစာပေများ သင်ကြားပေးတော်မူခဲ့သည်။

ဆရာတော်သည် သက္ကရာဇ် ၁၂၉၂ ခုနှစ်မှစ၍ ညောင်ရွှေ မြို့၌ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့သော ရှမ်းပြည်နယ် လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ စာပြန်ပွဲတော်ကြီး ထိန်းသိမ်းစောင့်ရှောက်ရေး မဟာသံဃနာယကအဖွဲ့ချုပ် မဟာ နာယက ဆရာတော်ကြီး အဖြစ်ဖြင့် လည်းကောင်း၊ အင်းလေးဒေသဆိုင်ရာ ပရိယတ္တိ သဒ္ဓမ္မပါလ စာမေးပွဲ မဟာနာယက ဆရာတော်ကြီးအဖြစ် လည်းကောင်း၊ လွယ်မော ဂိုဏ်းအုပ် ဝိနည်းဓိုရ် ဆရာတော်ကြီး အဖြစ် လည်းကောင်း၊ တောင်ကြီးခရိုင် ဝိနိစ္ဆာယဌာနတာဝန်ခံ ဆရာတော်ကြီးအဖြစ်လည်းကောင်း သာသနာ့ တာဝန်များကို ထမ်းဆောင်တော်မူခဲ့သည်။

သက္ကရာဇ် ၁၃ဝဝ ပြည့်နှစ်တွင် သီးတင်းသုံးနေသည့် ကျားတွန်ကျောင်းနှင့် နှစ်မိုင်ကျော်ဝေးသော ရွှေဥဒေါင်း တောင်ပေါ်သို့ ပြောင်းရွှေ့သီတင်းသုံးတော်မူ၍ ပရိယတ္တိ ပညာစခန်းမှ ပဋိပတ္တိအလုပ်စခန်းသို့ ကူးပြောင်းတော်မူခဲ့သည်။ ထိုအချိန်မှစ၍ ဓုတင် ခုနစ်ပါးဆောင်၍ မေတ္တာကမ္မဋ္ဌာန်း၊ အသုဘကမ္မဋ္ဌာန်း တရားများကို နေ့ညမပြတ် အားထုတ် တော်မူခဲ့သည်။ သက်တော် ၄၇ နှစ်၊ သိက္ခာတော် ၂၇ ဝါရ သည့်နှစ်မှ စလျက် ရွှေဥဒေါင်းတောင် ဆရာတော်အဖြစ် ထင်ရှားတော်မူခဲ့သည်။

သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်ဝတော်မူ သော အင်းလေးရွှေဥဒေါင်းတောင် ဆရာတော်ဟု ထင်ရှားသည့် ဆရာတော် ဘဒ္ဒန္တ ကုမာရသည် ၁၃၄၆ ခုနှစ် ပြာသိုလဆန်း ၁၃ ရက်နေ့တွင် ရွှေဥဒေါင်း တောင်တောရကျောင်းတိုက်၌ ဘဝနတ်ထံ ပျံလွန်တော်မူသည်။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.