ရှမ်းပြည် တပ်မတော်

ရှမ်းပြည် တပ်မတော် (အင်္ဂလိပ်: Shan State Army; အတိုကောက် SSA) သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် မြန်မာစစ်အစိုးရအား ဆန့်ကျင်ခဲ့သည့် အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သည်။ ရှမ်းပြည်တပ်မတော်ကို ၁၉၆၄ ခုနှစ်တွင် ရှမ်းပြည်နယ် လွတ်လပ်ရေးတပ်မတော် နှင့် ရှမ်းအမျိုးသား တပ်ပေါင်းစု တို့ကို ပူးပေါင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ၁၉၇၆ ခုနှစ်တွင် ရှမ်းပြည် တပ်မတော်သည် ရှမ်းပြည်တပ်မတော်-တောင်ပိုင်း နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း ဟူ၍ နှစ်ပိုင်းကွဲသွားခဲ့သည်။

ရှမ်းပြည် တပ်မတော်
ဥက္ကဋ္ဌစောဝ်နန်းဟိန်းခမ်း
တည်ထောင်ခြင်း၁၉၆၄ (၁၉၆၄)
ဖျက်သိမ်းခြင်း၁၉၇၆ အလယ်ပိုင်း
ပူးပေါင်းရှမ်းအမျိုးသား တော်လှန်ရေး တပ်ပေါင်းစု
ရှမ်းပြည်နယ် လွတ်လပ်ရေးတပ်မတော်
နိုင်ငံရေး သဘောတရားလွတ်မြောက်ရေး
ရှမ်းအမျိုးသားရေး
အရောင်အနီ၊ အဝါ နှင့် အစိမ်း
Later formed ရှမ်းပြည်တပ်မတော်-တောင်ပိုင်း
ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း
ပါတီအလံ

ရှမ်းခုခံတိုက်ခိုက်ရေး သမိုင်းကြောင်း

မြန်မာနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သော ရှမ်းပြည်နယ်တွင် ရှမ်းသောင်းကျန်းသူများသည် ၁၉၅၂ ခုနှစ်တွင် စတင်မြစ်ဖျားခံခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် မြန်မာ့မြေပေါ်သို့ ကျူးကျော်ဝင်ရောက်လာသည့် တရုတ်ဖြူများအား တပ်မတော်မှ ၃ နှစ်ကြာမျှ နဂါးနိုင်စစ်ဆင်ရေး၊ ဘုရင့်နောင်စစ်ဆင်ရေးနှင့် ရန်ကြီးအောင်စစ်ဆင်ရေးများဖြင့် တိုက်ခိုက်နှိမ်နင်း ခဲ့သည်။ ထိုသို့တိုက်ခိုက်နေစဉ် စစ်ဆင်ရေးဒေသများ၌ စစ်အုပ်ချုပ်ရေးသဖွယ် တပ်မတော်မှ ချုပ်ကိုင်ခဲ့သည်ကို ပဒေသရာဇ်စော်ဘွားများ၊ မြို့စားများက မခံမရပ်နိုင် ဖြစ်ခဲ့ကြသည်။ ၁၉၅၄ ခုနှစ်တွင် ၁ ကြိမ်၊ ၁၉၅၇ ခုနှစ်တွင် ၁ ကြိမ်၊ မိုင်းရယ်မြို့တွင် စည်းဝေးလျက် ရှမ်းပြည်နယ်ကို ပြည်ထောင်စုမှခွဲထွက်ရန် တောင်းဆိုခဲ့ကြသည်။ ပဒေသရာဇ်စော်ဘွားများသည် ရှမ်းပြည်နယ်ကို ပြည်ထောင်စုမှခွဲထွက်ရန် မြေပေါ်တွင် ထင်ထင်ရှားရှား စည်းရုံးလှုပ်ရှားသကဲ့သို့ အခြားတစ်ဖက်မှလည်း လက်နက်ကိုင်ပုန်ကန်မှုအတွက် နွံစစ်ဟန်၊ တိုင်းနွမ်း၊ တိုင်းလုံ စသည်ဖြင့် လူငယ်အဖွဲ့အစည်းများ လျှို့ဝှက် ဖွဲ့စည်းလှုပ်ရှားစေခဲ့သည်။

ရှမ်းသောင်းကျန်းသူလက်နက်ကိုင်အဖွဲ့အစည်းများဖွဲ့စည်းခြင်း

ရှမ်းစော်ဘွားများသည် ပဒေသရာဇ်အာဏာစွန့်လွှတ်ရမည်ကို စိုးရိမ်ကြသည့်အတွက် ၁၉၅၇ ခုနှစ်၊ နှစ်ဦးပိုင်းမှစ၍ နိုင်ငံရေးဆူပူမှုများ ပြုလုပ်ရန် လှုံ့ဆော်မှု၊ ရှမ်း-ဗမာ မုန်းတီးရေးသွေးခွဲမှုနှင့် ၁ဝ နှစ်ပြည့်လျှင် ပြည်ထောင်စုမှခွဲထွက်ရေး ဦးတည်လှုပ်ရှားမှုများကို စတင်ခဲ့သည်။ ငွေကြေး၊ လူ၊ လက်နက်စုဆောင်းခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်း များကို ပြုလုပ်လာခဲ့ကြသည်။ အထူးသဖြင့် ထိုစဉ်ကတရုတ်ဖြူတပ်များ ဝင်ရောက်အခြေပြုထားသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ကျိုင်းတုံနယ်တွင် စော်ဘွားမျိုးနွယ်များဦးစီး၍ လက်နက်ကိုင်ဆူပူရေးအတွက် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့အသွင်ဖြင့် လူငယ်များကို လေ့ကျင့်ဖွဲ့စည်းလာခဲ့သည်။ သက်ဆိုင်ရာမှ အရေးယူ ထိန်းသိမ်းသောအခါ ကျိုင်းတုံစော်ဘွား၏ ဦးလေးတော်စပ်သူ စိုင်းနွဲ့သည် ထိုင်း-မြန်မာနယ်စပ်သို့တိမ်းရှောင် ကာ လူအင်အားစုဆောင်း ဖွဲ့စည်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

လက်နက်ကိုင်တိုက်ခိုက်လာခြင်း

၁၉၅၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် စိုင်းနွဲ့သည် နွံစစ်ဟန် (ခေါ်) ရဲရင့်သော ရှမ်းလူမျိုးများအဖွဲ့အမည်ဖြင့် ရှမ်းသောင်းကျန်းသူအဖွဲ့တစ်ဖွဲ့ကို ထိုင်း-မြန်မာနယ်စပ် ဟွေပုတော ခန့်မှန်းမြေပုံညွှန်း (အယ်လ်တီ-၈၅၅၆)တွင် ဖွဲ့စည်းခဲ့သည်။ ယင်းသတင်းကို ကြားသိရသောအခါ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ လူငယ်များနှင့် တက္ကသိုလ်ကျောင်းသားများ တစ်သုတ်ပြီးတစ်သုတ် လာရောက် ပူးပေါင်းခဲ့ကြ၍ အင်အား ၄ဝဝ ခန့် စုစည်းမိသောအခါ ဌာနချုပ်ကို ထိုင်းနိုင်ငံအတွင်းရှိ ပန်းတောင်း ခန့်မှန် မြေပုံညွှန်း (အယ်လ်တီ-၉၃၂ဝ)သို့ ပြောင်းရွှေ့ခဲ့ပြီး ဗဟိုဌာနချုပ်တစ်ခုကိုလည်း ကျိုင်းတုံနယ်အတွင်း ထားရှိခဲ့သည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ၎င်းအဖွဲ့သည် ပွဲဦးထွက်အဖြစ် ပုံပါကျင်စခန်းကို တိုက်ခိုက်ခဲ့ရာ ရှမ်းသောင်းကျန်းသူ ၁၈ ဦးသေဆုံးပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့သည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ရှမ်းစော်ဘွားများ အာဏာစွန့်လွှတ်ခဲ့ရပြီးနောက် စော်ဘွားများ၏မကျေနပ်မှု ပိုမိုများပြားလာကာ လှုံ့ဆော် စည်းရုံးခဲ့သဖြင့် ရှမ်းသောင်းကျန်းသူများ ထပ်မံ၍ အင်အားတောင့်တင်းလာခဲ့သည်။ ၁၉၅၉ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စစ်ရဲတပ်မှ ဝ လူမျိုး တပ်စုမှူး ဗိုလ်မောင်နှင့် ရှမ်းသောင်းကျန်းသူများပူးပေါင်းပြီး တန့်ယန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် တပ်မတော်မှ တန့်ယန်းအား ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ရှမ်းသောင်းကျန်းသူအဖွဲ့အစည်းများ ကွဲပြားလာခြင်း

နွံစစ်ဟန်အဖွဲ့အတွင်း၌ လူငယ်နှင့် လူကြီးပိုင်းအကြား သဘောထားကွဲလွဲမှုဖြစ်ပေါ်လာပြီး ၁၉၆ဝ ပြည့်နှစ် လွယ်ပန်းတောင် အစည်းအဝေးတွင် တောခို ရှမ်းတက္ကသိုလ်ကျောင်းသားများ ခွဲထွက်ကာ ခွန်သော်တာ၊ ခွန်ကြာဥ၊ စိုင်းလှအောင်တို့ ဦးစီးသော လွတ်ကျောက်ဆောက် (ခေါ်) ရှမ်းပြည်နယ်လွတ်လပ်ရေးတပ်မတော် (SSIA) ကို ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၁ ခုနှစ်၊ လွယ်ပန်းတောင် အစည်းအဝေးတွင်လည်း ကျိုင်းတုံနယ်မြေမှ ရှမ်းသောင်းကျန်းသူခေါင်းဆောင်များ ခွဲထွက် သွားပြီး ဘုန်းကြီးလူထွက် ဦးကုဏ္ဍလ (ခေါ်) ကျောက်ဝါးခမ်း ဦးစီးသည့် စစ်ဟန်စစ်တိုင်း (ခေါ်) ရှမ်းအမျိုးသား တပ်မတော်ကို ထူထောင်ခဲ့သည်။ အလင်းဝင်ကွန်မြူနစ်ဟောင်းဖြစ်သော မိုးဟိန်းသည် အလင်းဝင်များအတွက် နိုင်ငံတော်အစိုးရ၏ မတည်ထောက်ပံ့ငွေများကို အလွဲသုံးစားပြုကာ တောခိုသွားခဲ့ပြီး စိုင်းနွဲ့ထံမှ ၁၉၆ဝ ပြည့်နှစ် တစ်ဝိုက်တွင် သီးခြားခွဲထွက်ကာ ရှမ်းအမျိုးသား တော်လှန်ရေး တပ်ပေါင်းစု(Shan Nationalities United Revolutionary Front-SNURF) အမည်ဖြင့် မိုင်းကိုင်၊ လဲချားနယ်မြေတွင် လှုပ်ရှားခဲ့သည်။

SSA တည်ထောင်ခြင်း

သတိုးမဟာ သရေစည်သူ စဝ်ရွှေသိုက်၏ ကြင်ယာတော် သျှမ်းပြည်တပ်မတော် အက်စ်အက်စ်အေကို ဦးဆောင် တည်ထောင်ခဲ့သူ မဟာဒေဝီ စောဝ်နန်းဟိန်းခမ်း

၁၉၆၃ ခုနှစ်တွင် တော်လှန်ရေးကောင်စီအစိုးရ ပြုလုပ်သော ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ရှမ်းသောင်းကျန်းသူအဖွဲ့များ လာရောက်ဆွေးနွေးခဲ့သော်လည်း ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်ခွင့် လူမျိုးစုအခွင့်အရေးနှင့် သီးခြားပြည်နယ်ရရှိရေး ဖက်ဒရယ်စတိတ်မူများကိုသာ အသေဆုပ်ကိုင် ဆွေးနွေးခဲ့သဖြင့် ဆွေးနွေးမှုမအောင်မြင်ခဲ့ပေ။ ၁၉၆၄ ခုနှစ်တွင် မဟာဒေဝီ စောဝ်နန်းဟိန်းခမ်းသည် မြဝတီ-မဲဆောက် လမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့သည်။ ၁၉၆၅ ခုနှစ်အစပိုင်းတွင် ရှမ်းပြည်နယ် လွတ်လပ်ရေး တပ်မတော်မှ ခွန်ကြာနု၊ စိုင်းလှအောင်အဖွဲ့နှင့် ရှမ်းအမျိုးသား တော်လှန်ရေး တပ်ပေါင်းစုမှ မိုးဟိန်းအဖွဲ့တို့ပူးပေါင်း၍ မဟာဒေဝီ စောဝ်နန်းဟိန်းခမ်းအား နာယကအဖြစ် တင်မြှောက်ပြီး ရှမ်းပြည်တပ်မတော် (SSA) ကို ဖွဲ့စည်းခဲ့သည်။ မိုးဟိန်းကို စစ်ကောင်စီဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။ စိုင်းလှအောင်၊ ခွန်ကြာနု၊ စိုင်းပန်း၊ ဝါးခမ်းတို့ဦးစီးသော တပ်မဟာ ၄ ခုဖွဲ့စည်းခဲ့ပြီး တပ်ရင်း ၁၂ ရင်း၊ လူအင်အား ၁,၆ဝဝ ခန့် ရှိခဲ့ပါသည်။ SSA ဌာနချုပ်ကို ထိုင်းနိုင်ငံ အတွင်းရှိ ဇင်းမယ်တွင်ထားရှိပြီး တပ်မဟာ များနှင့် တပ်ရင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်-

  1. တပ်မဟာ(၁)။ တပ်မဟာမှူးမှာ စိုင်းလှအောင်ဖြစ်ပြီး လက်အောက်တွင် ပလောင်တပ်ရင်း ၂ ရင်း အပါအဝင် တပ်ရင်း ၃ ရင်းဖြင့် ဖွဲ့စည်းထားသည်။
  2. တပ်မဟာ(၂)။ တပ်မဟာမှူးမှာ စိုင်းပန်ဖြစ်ပြီး တပ်ရင်း ၂ ရင်းဖြင့် ဖွဲ့စည်းထားသည်။
  3. တပ်မဟာ(၃)။ တပ်မဟာမှူးမှာ ခွန်ကြာနုဖြစ်ပြီး တပ်ရင်း ၄ ရင်းဖြင့် ဖွဲ့စည်းထားသည်။
  4. တပ်မဟာ(၄)။ တပ်မဟာမှူးမှာ ဝါးခမ်း(ခ)ဆန်ကြိုင်းဖြစ်ပြီး တပ်ရင်း ၃ ရင်းဖြင့် ဖွဲ့စည်း ထားသည်။

အခြားကြည့်ရန်

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.