လက်ဝဲမင်းညို

လက်ဝဲမင်းညို

လက်ဝဲ မင်းညို(၁၉၁ဝ - ၁၉၉ဝ)

လက်ဝဲမင်းညိုသည် မဟာသရေစည်သူ ဦးချမ်းသာ ဖြစ်သည်။ စာရေးရာတွင် လက်ဝဲမင်းညိုလက်ျာစံထား' ကလောင်အမည်နှစ်မျိုးဖြင့် ရေးသားခဲ့သည်။

ထူးခြားချက်

ယဉ်ကျေးမှု ကဏ္ဍဆိုင်ရာ အကြောင်းအရာများ၊ အနုပညာ၊ စာပေ တို့ကို ရေးသားသည့်အခါ လက်ဝဲ မင်းညို ကလောင်အမည်ဖြင့် ရေးသားသည်။ ကိုယ်တိုင်က ပန်းချီဝါသနာပါ၍ လက်ဝဲ မင်းညို ကလောင်အမည်ဖြင့် ရေးသားသောအခါ ကလောင်အမည်ကို ပုံနှိပ်စာလုံးဖြင့် မရေးဘဲ လက်ရေးမူအတိုင်း လက်မှတ်ရေးထိုးထားသည်ကို တွေ့ရသဖြင့် ထူးခြားမှုရှိနေပါသည်။

ဗေဒင်ပညာ၊ နိုင်ငံရေး သဘောတရားများ၊ အုပ်ချုပ်ရေး အတတ်ပညာများ၊ လူမှု့ဖွဲ့စည်းရေး သဘောတရားများ၊ ကမ္ဘာ့သမိုင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နှင့် ဥပဒေ သဘောတရားများကို ရေးသားသည့်အခါ လက်ျာစံထား ကလောင်အမည်ဖြင့် ရေးသားသည်။ [1]

ငယ်ဘဝ

မင်းဘူးမြို့ ဓာတ်တော်ကုန်း ရပ်၌ အဖ အမိန့်တော်ရ ရှေ့နေကြီး ဦးရွှေလှိုင်၊ အမိ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညို တို့က ၁၉၁ဝ ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက် (မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ်တွင် ၁၉ဝရ ခုနှစ် မေ ၂၇ ရက်ဟု ပြသည်။) တနင်္လာနေ့တွင် ဖွားမြင်သည်။ မွေးချင်းငါးယောက်တွင် စတုတ္ထုမြောက် ဖြစ်၍ တစ်ဦးတည်းသော သားယောက်ျား ဖြစ်သည်။ အမည်ရင်းမှာ မောင်ချမ်းသာ ဖြစ်သည်။

မင်းဘူး ဟိုက်စကူးကျောင်းတွင် ပညာသင်ယူ ခဲ့သည်။ ၁၉၂၆ တွင် ၁ဝ တန်းကို ဂုဏ်ထူး နှစ်ခုဖြင့် အောင်ခဲ့သည်။ ၁၉၂၉ - ၃၁ အတွက် ကောလိပ် စကောလားရှစ်ဆု ရခဲ့သည်။ ၁၉၃၁ တွင် ဝိဇ္ဇာ (ရာဇဝင် ဂုဏ်ထူး) ရရှိ ခဲ့သည်။ ၁၉၃၂ - ၃၄ အတွင်း အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ် နယူးကောလိပ်တွင် အိုင်စီအက်စ် အစမ်းခန့် သင်တန်းတက်ခဲ့သည်။

၁၉၃၄ ခု မြန်မာပြည်သို့ ပြန်ရောက်သော အခါ စစ်ကိုင်းတိုင်း အလုပ်သင် နယ်ပိုင်ဝန်ထောက် အဖြစ် စတင်အမှုထမ်းခဲ့သည်။ ထို့နောက် မန္တလေး အရှေ့ပိုင်း နယ်ပိုင်ဝန်ထောက်၊ ပုသိမ်ခရိုင် ကြေးတိုင်ဝန်ထောက်၊ ပဲခူးနယ်ပိုင် ဝန်ထောက်၊ လယ်သီးစားနှုန်း ကန့်သတ်ရေး ကော်မရှင် အတွင်းရေးမှူး၊ အတွင်းဝန်များရုံး ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုလက်မှု ဌာန လက်ထောက် အတွင်းဝန် (၁၉၄ဝ - ၄၁)၊ ရမည်းသင်း အရေးပိုင်၊ ပြည် အရေးပိုင်၊ ကျောက်ဆည် ခရိုင်ဝန် (၁၉၄၂ - ၄၃)၊ မင်းဘူး ခရိုင်ဝန် (၁၉၄၃ - ၄၅)၊ အစိုးရ နယ်သစ် ဌာန အုပ်ချုပ်ရေး မင်းကြီး၊ ပြည်သူ့ လုပ်ငန်းနှင့် ပြန်လည် ထူထောင်ရေး ဌာန တွဲဖက် အတွင်းဝန်၊ ကူးသန်း ရောင်းဝယ်ရေး ဌာန တွဲဖက် အတွင်းဝန်၊ ပြည်သူ့ ပစ္စည်း ကာကွယ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဌာန အတွင်းဝန်၊ ဝန်ကြီးချုပ်၏ အတွင်းဝန် (၁)၊ စသုံးလုံး အဖွဲ့ နာယက တာဝန်များကို ထမ်းဆောင် ခဲ့ပြီးနောက် ၁၉၅၈ တွင် အငြိမ်းစား ယူခဲ့သည်။

ထို့နောက် သန့်ရှင်း ဖဆပလနှင့် ပြည်ထောင်စုပါတီတို့တွင် အလုပ်အမှုဆောင်၊ မင်းဘူး (တောင်) ပါလီမန် အမတ် (၁၉၆ဝ)၊ အမျိုးသားစီမံကိန်းဌာန ပါလီမန် အတွင်းဝန်နှင့် နိုင်ငံခြားငွေ ရင်းနှီးမြှပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ (၁၉၆ဝ - ၆၂) အဖြစ် ဆောင်ရွက်ခဲ့သည်။ တောင်ဗီယက်နမ် (၁၉၅၆)၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင် (၁၉၆ဝ) နှင့် အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ အင်္ဂလန် တို့တွင် ငွေရင်းနှီး မြှပ်နှံမှုကိစ္စ လေ့လာရန် သွားရောက် ခဲ့သည်။

ဇနီးသည်မှာ ဒေါ်တင်တင်မေ ဖြစ်သည်။

အဆို၊ အတီး၊ အက၊ ပန်းချီ၊ စာပေ တို့တွင် အထူးဝါသနာပါသည်။ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာပြည် ပန်းချီ ဆရာများအသင်းနှင့် စာပေဗိမာန် တို့တွင် ရာသက်ပန်အသင်း ဝင်ခဲ့သည်။

ရရှိခဲ့သောဘွဲ့များ၊ ဆုများ

သရေ စည်သူဘွဲ့ (၁၉၅၈)

မဟာ သရေ စည်သူဘွဲ့ (၁၉၅၈) တို့ကိုလည်း ရရှိ ခဲ့သည်။

ပဒေသာ ရတု များဖြင့် ၁၉၅၈ ခုနှစ် စာပေဗိမာန် ကဗျာဆုကို နုယဉ်နှင့် တွဲဖက် ဆွတ်ခူး ခဲ့သည်။

၁၉၂၄ ခုနှစ်မှ စ၍ ကဗျာ လင်္ကာ ရတုများ ရေးခဲ့သည်။ ဂန္တလောက၊ နဝဒေးနှင့် သင့်ဘဝ၊ စသုံးလုံးမဂ္ဂဇင်း တို့တွင် ကဗျာ၊ ဝတ္ထုတိုနှင့် ဆောင်းပါးများ ရေးခဲ့သည်။

ထင်ရှားသောစာအုပ်အချို့

  1. မေတ္တာနှင့်သစ္စာ(၁၉၅၄)၊
  2. စာရိတ္တ ဂုဏ်ရည် (၁၉၅၅)၊
  3. လူ့ဂုဏ်ရည် (၁၉၅၆) ၊
  4. ပဒေသာ ရတုများ (၁၉၅၇)၊
  5. အနုပညာ ဂုဏ်ရည် (၁၉၅၉)၊
  6. မင်းဘူး ဦးဩဘာသာ၏ ဘဝနှင့် စာပေ (၁၉၈၆)၊
  7. အနုပညာ လင်္ကာကျမ်း (၁၉၈၆)၊
  8. ကျွန်တော် အိုင်စီအက်စ် (၁၉၈၈)

တို့အပြင် စတုသစ္စ ဒဋီကမ္မကထာ ကျမ်း၊ ဒီမိုကရေစီ ဂုဏ်ရည်နှင့် ဒီမိုကရေစီ လူ့ကျင့်ဝတ် တို့ကို ပြုစုခဲ့သည်။


ဘဝနိဂုံး

၁၉၉ဝ ပြည့်နှစ် နိုဝင်ဘာ(၂ဝ)ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။


စာညွှန်း

  1. ဒဂုန်ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ၊ စာ ၇၄-၇၅။
  2. မောင်ဇေယျာ။ မြန်မာ လူကျော် ၁ဝဝ (ပထမတွဲ)။ စာ ၂၄-၃ဝ။
  3. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၉၁)။ စာ ၂ဝ၆-၂ဝ၈။
  4. ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်သည့် ၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း (၂ဝဝ၅ ခု၊ ဇူလိုင်)


စာကိုး

  1. အနုပညာ ဂုဏ်ရည် စာအုပ်-အမှာစာမှ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.