လင်ကောင်ပိုး
လင်ကောင်ပိုး မိန်ငှက်လင်ကောင်ပိုး ဟူ၍ လည်းကောင်း၊ ငှက်ဆိုးဟူ၍ လည်းကောင်း ခေါ်သော မိန်ငှက်သည် တိုင်တိုနီဒီး(Tytonidae) မျိုးရင်းတွင် ပါဝင်၍ ပါဏဗေဒ အလိုအားဖြင့် တိုင်တိုအယ်လဗာ စတာတင်း ဟုခေါ် သည်။ မိန်ငှက်သည် အလျား ၁၃ လက်မခွဲရှိ၍ တီးတုတ်လောက် မကြီးမားလှချေ။ မိန်ငှက်၏ ကိုယ်ထည် တည်ဆောက်ထားပုံမှာ တီးတုတ်ငှက်မျိုးနှင့် တူသယောင်ရှိသော်လည်း မျိုးရင်းချင်းကား မတူ၊ ကွဲပြားကြသည်။
လင်ကောင်ပိုး (Barn Owl) | |
---|---|
Tyto alba alba | |
သဘာဝထိန်းသိမ်းခြင်း အခြေအနေ | |
Least Concern (IUCN 3.1) | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးပေါင်းသေး: | Neornithes |
Infraclass: | Neognathae |
Superorder: | Neoaves |
မျိုးစဉ်: | Strigiformes |
မျိုးရင်း: | Tytonidae |
မျိုးရင်းသေး: | Tytoninae |
မျိုးစု: | Tyto |
မျိုးစိတ်: | T. alba |
ဒွိနာမ | |
Tyto alba (Scopoli, 1769) | |
Global range in green | |
Synonyms | |
Strix alba Scopoli, 1769 |
မိန်ငှက်၏ မျက်နှာအနေအထားသည် မျောက်မျက်နှာကဲ့သို့ဝိုင်း၍ သေးငယ် တောက်ပသော မျက်လုံးများရှိသည်။ မှောင်စပျိုးချိန်၌ ပျံသန်းသွားသောအခါ မိန်ငှက်၏ အရောင်သည် ဖြူဖတ်ဖြူယော်အရောင်ရှိသည်။ ကိုယ်အထက်ပိုင်းသည် အရောင်ခပ်မွဲမွဲရှိ၍ မျက်နှာကား ဆွတ်ဆွတ်ဖြူလျက် အောက်ပိုင်းတွင် အဖြူပေါ်၌ အညိုစက်များ ရှိသည်။ ခြေတံရှည်၍ နားသောအခါ မတ်မတ်နားနိုင်သည်။ နေဝင်ရီတရော အချိန်၌အများအားဖြင့် ပျံသန်းနေသည်ကိုသာ တွေ့ရသည်။
မိန်ငှက်သည် တီးတုတ်၊ ဇီးကွက်ငှက်များကဲ့သို့ ညဉ့်ငှက်သက်သက်ဖြစ်သဖြင့် နေ့အခါတွင် သစ်ခေါင်း၊ လိုဏ်ခေါင်းများ၌အိပ်၍ မှောင်စပျိုးသည့် အချိန်ကျမှ ထွက်ကာ တညဉ့်လုံး လိုက်လံကျက်စားသည်။ ကြွက်များကို မြေကြီးပေါ်မှ ဖမ်းယူစားသောက်သည်။ အခြားတိရစ္ဆာန်ကလေးများနှင့် ငှက်ကလေးများကိုလည်း
ဖမ်း၍ အကောင်လိုက်မျိုချတတ်သည်။ အတန်ကြီးသည့် ငှက်များကိုလည်း ဖမ်း၍ သတ်စားလေ့ ရှိသည်။ မိန်ငှက်သည် အစာများကို တစ်နေရာတည်း၌သာ စား၍ ထိုနေရာ၌ပင် မကြေသော အစာများကို အန်ထုတ်လေ့ရှိသည်။ အမွှေးနှင့် အရိုး စသည့် မကြေနိုင်
သော အစာများသည် ငှက်၏ ပါးစပ်မှ အလုံးကလေးများ အဖြစ်ထွက်လာပြီးလျှင် ခြောက်သွားသည့် တိုင်အောင်ပင် မည်း၍ ပြောင်နေသည်။ မိန်ငှက်သည် ညဉ့်အခါ စူးစူးရှရှ 'ဂစ်' ဟူသော အသံမျိုးနှင့် အော်တတ်ရာ အချို့က လူမမာသေမည့် အတိတ်ဆိုး
နိမိတ်ဆိုးဟု ယူဆသောကြောင့် ယင်းကို ငှက်ဆိုးဟု ခေါ်သည်။ အချို့ကမူ 'ငှက်သူတော်' ဟု ခေါ်ကြသည်။ ထိုငှက်၏ အော်သံကို စက်တင်ဘာလမှ မတ်လအထိ ကြားရ၍ အခြားအချိန်၌ ကြားရခဲသည်။
ဒေသအလိုက် သားပေါက်ချိန် အမျိုးမျိုးရှိသော်လည်း၊ များသောအားဖြင့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလလများတွင် မိန်ငှက်များ သားပေါက်တတ်ကြသည်။ သို့ရာတွင် အသိုက်ကိုတစ်နှစ်ပတ်လုံး အုတ်နံရံခေါင်းတွင် ဖြစ်စေ၊ ရေတွင်းနံရံခေါင်းတွင် ဖြစ်စေ၊သစ်ခေါင်းတွင် ဖြစ်စေ တွေ့နိုင်သည်။ အသိုက်ဟု ဆိုရသော်လည်း စားကြွင်းစားကျန်များ၊ အန်ဖတ်များ စုပုံနေသော နေရာမျှသာဖြစ်သည်။ ကျနစွာ ပြုလုပ်ထားလေ့ မရှိချေ။ တမြုံလျှင် ၄ ဥမှ ၇ ဥအထိ ရှိသည်။ ဥများသည် ဖြူ၍ ချောပြီးလျှင် လုံးသယောင်ယောင်ရှိသည်။ မိန်ငှက်ကို ကမ္ဘာပေါ်ရှိ နေရာအနှံ့
အပြားတွင် တွေ့ရသည်။ မြန်မာနိုင်ငံ၌ကား ကွင်းပြင်များ၌ နေသည်။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)