လင်းမြီးဆွဲငှက်

လင်းမြီးဆွဲငှက် ကို ကျွဲမြီးဆွဲဟူ၍လည်းကောင်း၊ လင်းဆွဲဟူ၍လည်းကောင်း၊ မီးတောင်ဖိုနက်ဟူလည်းကောင်း အမည်အမျိုး မျိုးဖြင့် ခေါ်ဝေါ်ကြသည်။ လင်းမြီးဆွဲသည် ငှက်တော်နှင့်အတူ ဒိုင်ကရူး ရီဒီး မျိုးရင်းတွင်ပါဝင်၍ သတ္တဗေဒ(ပါဏဗေဒ‎) အလိုအားဖြင့် ဒိုင်ကရူးရပ်မာကရိုဆာကပ်(Dicrurus macrocercus) ဟုခေါ်သည်။ အလျား ၁၂ လက်မရှိသည့်အနက် အမြီးတစ်ခုတည်းကပင် ငါးလက်မခွဲရှည်သည်။ တစ်ကိုယ်လုံး သပိတ်ရောင်ထနေအောင် မည်းနက် တောက်ပြောင်နေသော အမွှေးအတောင်များနှင့် ခက်ရင်းခွကဲ့သို့ ရှည်သော အမြီးခွများကြောင့် ထိုငှက်များကို အလွယ်တကူနှင့် ခွဲခြားသိရှိနိုင်သည်။ သို့သော် ငှက်တော်နှင့် ဆင်တူရိုးမှားဖြစ် တတ်သည်။ ငှက်တော်တွင်လည်း အမြီးခွရှိ၍ အရောင်မှာမည်းနက်၏။ သို့သော် အနက်နည်းသည်။ လင်းမြီး ဆွဲအမြီး၌ရှိသည့် အမွှေးကြီးများတွင် အပြင်အမွှေးများသည် အလယ်မွှေးများ ထက် တစ်လက်မခွဲပိုရှည်သည်။ လင်းမြီးဆွဲတို့သည် တစ်နေရာမှ တစ်နေ ရာသို့ ရာသီအလိုက် ရွှေ့ပြောင်းနေထိုင်တတ်ကြသည်။

လင်းမြီးဆွဲငှက် (သို့) ငှက်တော်မြီးရှည်
Nominate race from Kerala
သဘာဝထိန်းသိမ်းခြင်း အခြေအနေ

Least Concern  (IUCN 3.1)[1]
မျိုးရိုးခွဲခြားခြင်း
လောက:
တိရစ္ဆာန်
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
ငှက်
မျိုးစဉ်:
Passeriformes
မျိုးရင်း:
ဒိုင်ကရူးရီဒီး
မျိုးစု:
Dicrurus
မျိုးစိတ်:
D. paradiseus
ဒွိနာမ
Dicrurus paradiseus
Linnaeus, 1766
Synonyms

Dissemurus paradiseus
Dissemuroides paradiseus
Edolius grandis


လင်းမြီးဆွဲသည် မည်းနက်တောက်ပြောင်သော အမွှေးအတောင် နှင့် ရှည်လျားသော အမြီးခွကြောင့် လှပတင့်တယ်သည်။ ကြေးနန်းကြိုး များ၊ သစ်ပင်များပေါ်၌ နားနေ၍ ကျယ်လောင်စွာ ဆူ⁠ဆူညံ⁠ညံ အော်တတ်ကြ သည်။ လင်းမြီးဆွဲသည် ကျီးကန်းမျိုးထဲကမဟုတ်သော်လည်း မိမိ၏ အသိုက်ကို ရဲရင့်စွာကာကွယ်ခြင်းနှင့် တိုက်ခိုက်လိုသော စိတ်ဓာတ်ပြင်းပြ ခြင်းတို့မှာ ကျီးကန်းထက်ပင် သာပေသည်။ တစ်ခါတစ်ရံ ကျီးကန်းတစ် ကောင်ကို လင်းမြီးဆွဲများက လိုက်လံထိုးဆိတ်နေသည်ကို တွေ့ရတတ် သည်။ ပျံသန်းရာ၌ ကျင်လည်၍ လျှင်မြန်သန်စွမ်းသည်။ လင်းမြီးဆွဲကို လွင်တီးပြင်နှင့် ချုံတောများ၊ ကြေးနန်းကြိုးများတွင်တွေ့ရသည်။ သစ်ငုတ် တိုနှင့် အခြားမြင့်မားသော နေရာများတွင်နားနေရင်း လေထဲ၌ပင် ပျံသန်း နေသော ပိုးမွှားများနှင့် မြေပေါ်၌ သွားလာနေသော ပိုးမွှားများကို စောင့်၍ ဖမ်းယူစားသောက်လေ့ရှိသည်။ နားနေချိန်တွင် အမြီးကို နှိမ့်ချည် မြှင့်ချည် လုပ်နေတတ်သည်။ အစာစားနေသော ကျွဲ၊ နွားများပေါ်တွင်နား၍ ကျွဲ၊ နွား များကိုယ်ပေါ်၌ တွယ်ကပ်နေသော ပိုးမွှားများကိုလည်း ဖမ်းယူစားသောက် သည်။ တစ်ခါတစ်ရံ၌မူ အခြားငှက်များ ဖမ်းယူထားသောအစာများကို အဓမ္မလု၍ စားကြသည်။ လင်းမြီးဆွဲသည် ပိုးမွှားများကိုသာ စားသဖြင့် လူတို့၏ အကျိုးဆောင်ငှက်လည်းဖြစ်ပေသည်။


ဥများကို ဧပြီလနှင့်မေလအတွင်း ဥအုကြသည်။ အသိုက်ကို မြေ ပေါ်မှ အတော်မြင့်၍ အပြင်သို့ အလျားလိုက် ထိုးထွက်နေသော သစ်ကိုင်း ခွတွင် တွဲလောင်းပြုလုပ်သည်။ အသိုက်ကို မြက်၊ သစ်ကိုင်းခြောက် စသည်တို့ဖြင့် သပ်ရပ်ခိုင်ခံ့စွာ ပြုလုပ်ထားသည်။ သို့ရာတွင် အသိုက်၏ အောက်ခံမှာပါးသဖြင့် ဥများကို အောက်မှ အတိုင်းသားမြင်နိုင်သည်။ တမြုံ လျှင် နှစ်ဥမှ ငါးဥအထိရှိ၍ အရောင်အမျိုးမျိုးရှိသည်။ သားငယ်များကို အစာကျွေးရာ၌ စားပြီးအစာကို တစ်ဖန် အန်၍ ခွံ့ကျွေးလေ့ရှိသည်။ လင်းမြီးဆွဲကို အရှေ့တိုင်းနိုင်ငံများတွင် အများအပြား တွေ့မြင်ရ သည်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တောင်ခြေနှင့် လွင်ပြင်များတွင် အနှံ့ အပြား တွေ့ရလေသည်။ အချို့လင်းမြီးဆွဲများသည် အမြဲတမ်း နေရာအတည် တကျ နေကြသော်လည်း ကျန်များစွာသော လင်းမြီးဆွဲတို့မှာ နွေရာသီ၌ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများမှ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများ သို့ သားပေါက်ရန် ရွှေ့တတ်ကြသည်။ တစ်ဖန် အောက်တိုဘာလတွင် နေရင်းဒေသများသို့ ပြန်လာကြပြန်သည်။ ဤကဲ့သို့ လင်းမြီးဆွဲအုပ်ကြီးများ ပြန်လာကြသည်ကို အချို့ဒေသတွင် အထင်အရှားတွေ့ရလေသည်။[2]

ပြခန်း

ကိုးကား

  1. BirdLife International (2008). Dicrurus paradiseus. In: IUCN 2008. IUCN Red List of Threatened Species. Retrieved 25 September 2009.
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( ၁၂ )
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.