လာမာကုလားအုပ်

တောင်အမေရိကတိုက် အင်န်ဒီးစ် တောင်တန်း များပေါ်တွင် ကျက်စားသော လာမာကုလားအုပ်သည် ကုလားအုပ်မျိုးနွယ်ထဲ မှပင်ဖြစ်သော်လည်း ဘို့မပါရှိချေ။ အယ်လပါကာကောင်နည်းတူ လာမာ ကုလားအုပ်ကို အတော်အတန် ယဉ်ပါးလာအောင် လူတို့မွေးမြူခဲ့ကြသည်။သို့ရာတွင် လာမာကုလားအုပ်အမွေးမှာ ကြမ်းသဖြင့် ကြိုးသေးများကျစ်ရန်နှင့်အထည်ကြမ်းများ ရက်လုပ်ရန်အတွက်သာ အသုံးကျလေသည်။ သို့ဖြစ်၍ လာမာ ကုလားအုပ်အထီးတို့ကို လှည်းငယ်များဆွဲရန်နှင့် ဝန်တင် ရန်အတွက်အသုံးချ၍ အမများကို နို့စားရန်နှင့် အသားစားရန်အတွက်မွေးမြူကြသည်။လာမာကုလားအုပ်၏ အသားမှာ သိုးသား၊ ဆိတ်သားတို့နှင့်ဆင်ဆင်တူသည်။

လာမာကုလားအုပ်
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
Domesticated
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
မျိုးစဉ်:
Artiodactyla
မျိုးရင်း:
Camelidae
မျိုးစု:
Lama
မျိုးစိတ်:
L. glama
ဒွိနာမ
Lama glama
(Linnaeus, 1758)
domestic llama range

လာမာကုလားအုပ်တို့ကို လူတို့ မွေးမြူခိုင်းစေ၍ရသော်လည်း ယင်းတို့၏ ဘိုးဘွားများဖြစ်သော ဂွာနာကိုတို့မှာ အန်းဒီးတောင်တန်းတစ်လျှောက်တွင် ယနေ့ထက်တိုင် အရိုင်း သက်သက်ပင် ရှိနေကြသေး၏။ လာမာကုလားအုပ်သည် ပခုံးနေရာအထိ သုံးပေခန့်မြင့်၍ကိုယ်တွင်းအမွေးရှည်များ ဖုံးလျက်ရှိသဖြင့် ခြေတံလက်တံရှည်နေသော ထူးဆန်းသည့်သိုးတစ်ကောင်နှင့်တူလေသည်။တစ်ဆယ့်ခြောက်ရာစုနှစ်အတွင်းက စပိန်လူမျိုးတို့သည် တောင်အမေရိကတိုက် ပီရူးနိုင်ငံကို တိုက်ခိုက်သိမ်းယူသည့်အခါ ထိုနယ်ရှိ တိုင်းရင်းသားများဖြစ်သော အင်းကားလူမျိုးတို့သည် လာမာကုလားအုပ်တို့ကို လူများစီးရန်နှင့် ဝန်တင်ရန်အတွက်အသုံးချလျက် ရှိနေကြသည်ကို တွေ့မြင်ရလေသည်။

ဥရောပတိုက်သားတို့သည် အမေရိကတိုက် နှစ်ခုလုံးသို့ရောက်ရှိသွားစဉ်က တိုင်းရင်းသားတို့သည် ခွေးနှင့် လာမာကုလားအုပ် နှစ်မျိုးကိုသာ ယဉ်ပါးအောင် မွေးမြူကြသည်ကို တွေ့ရသည်။ တောင်အမေရိကတိုက်တွင် စစ်အောင်နိုင်ကြသော စပိန်လူမျိုးတို့သည် ပြည်တွင်းပိုင်းရှိ ဘော်တွင်းများမှ ဘော်ကို လာမာကုလားအုပ်တို့ပေါ်တွင် တင်၍တောင်ကြိုတောင်ကြာ့းခရီးလမ်းကြမ်းများဖြင့် ပင်လယ်ကမ်းခြေသို့ သယ်ယူခဲ့ကြလေသည်။ ထိုဝန်တင် လာမာကုလားအုပ် ်တို့ကို တိုင်းရင်းသားတို့အား ကြီးကြပ်၍ မောင်းနှင်စေ၏။

၁၉ ရာစုနှစ် အလယ်ပိုင်းသို့ ရောက်သည်အထိ အန်းဒီးတောင်ပေါ်တွင်ခရီးသွားလာရာ၌ လာမာတို့ကိုသာလျှင် အသုံးချခဲ့ကြလေသည်။ ယနေ့တိုင် အခြားသယ်ယူပို့ဆောင် ်ရေး နည်းများကိုအသုံးမပြုနိုင်အောင် အလှမ်းဝေးနေသော တောင်ကုန်းဒေသများတွင် ယင်းတို့ကိုသာလျှင် အသုံးချလျက်ရှိကြလေသည်။လာမာကုလားအုပ်သည် သန်စွမ်းသော တိရစ္ဆာန်မျိုးဖြစ်၍ အချိန်ပေါင် ၁၂ဝ ကို သယ်ယူလျက် တစ်နေ့လျှင် ၁၂ မိုင်ခရီးကို သက်သက်သာသာဖြင့် ပေါက်ရောက်နိုင်လေသည်။ ကျောက်တုံးကျောက်ခဲများ ထူပြောသည့် တောင်ပေါ်ခရီးကြမ်းများတွင် သွားလာနိုင်ရန်မာကျောသောခွာများရှိသည်။

လာမာကုလားအုပ်ကိုအလိုက်သိစွာဖြင့် ခိုင်းစေမည်ဆိုလျှင်သခင့်အလိုကျ ဆောင်ရွက်ပေးတတ်ကြသော်လည်း တင်နေကျဝန်ချိန်ထက် တစ်ပေါင်စနှစ်ပေါင်စ ပိုလေးလာ သည့်အခါ ကိုယ်ကို လှဲချလိုက်၍ ထိုဝန်ပိုးကို မနှုတ်မချင်းလှဲနေရာမှမထဘဲနေတတ်သော ညဉ်ဆိုးတစ်ခု ရှိလေသည်။ခရီးသွားသည့်အခါတွင် သူ့အလိုကျ ခြေလှမ်းထက် မြန်မြန် လှမ်းစေချင်၍ မရနိုင်ချေ။ တစ်နေ့အတွက် ခရီးတော်တန်ပြီဟု အထင်ရှိလျှင် လာမာကုလားအုပ်သည် ရှေ့ကိုဆက်၍ မသွားတော့ချေ။ဤကဲ့သို့ ပေကတ် ကတ်နေသည့်အခါ မောင်းနှင်သူက အော်ငေါက်ရိုက်နှက် ဆုံးမလိုက်လျှင် ပါးစပ်ထဲမှ အစာလုံးဖြင့်သော်လည်းကောင်း၊ တံတွေးတို့ဖြင့်သော် လည်းကောင်း ဆုံးမသူကို ပြန်၍ ထွေးလေ့ရှိသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.