လုဒ်(စ်)မယ်တော်သခင်မကျောင်း

လုဒ်(စ်)မယ်တော်သခင်မကျောင်းသည် ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့၌ တည်ရှိသည်။

သမိုင်းကြောင်း

လုဒ်(စ်)မြို့သည် ပြင်သစ်နိုင်ငံ အနောက်ဘက်နယ်စပ်မြို့ကလေး တစ်မြို့ဖြစ်သည်။ ဤမြို့တွင် ၁၉၅၈ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့၌ ဆင်းရဲနွမ်းပါးသော ဘေနဒစ်ရိုဘီရူး ညီအစ်မသုံးယောက်ထံ မယ်တော်ထင်ရှားပြခဲ့သည်။ထိုစဉ်က လုဒ်(စ်)သည်အလွန်သေးရွယ်သော ကျေးရွာကလေးမှ ယနေ့အလွန်စည်ကား လှပသော မြို့တစ်မြို့ဖြစ်လာသည်။ ကမ္ဘာ့အနှမ့်အပြားရှိ ကက်သလစ်ဘာသာဝင်များနှင့် ဘာသာဝင်မဟုတ်သော သဒ္ဒါကြည်ညို ဘုရားဖူးများ နှစ်စဉ်မတ်လမှအောက်တိုဘာလအတွင်း သန်းပေါင်းများစွာလာရောက်ဘုရားဖူးကြသော ဘုရားဖူးဒေသ တစ်ခုဖြစ်သည်။

၁၈၉၂-ခုနှစ်မှစတင်၍ ဆရာတော် ဘီဂန်းဒက်က ပဲခူးတိုင်းသို့ သာသနာပြုရန် ဘုန်းတော်ကြီး Perro အား တာဝန်ပေးခဲ့သည်။ ဘုန်းတော်ကြီးPerro ကဒေသခံ ကရင်ဘုန်းတော်ကြီး Andreasနှင့် အတူ ညောင်လေးပင်အနီးရှိ ကျေးရွာများတွင် သာသနာပြုခဲ့သည်။ ၁၈၉၂-ခုနှစ်၊ ဩဂုတ်လ(၃)ရက်နေ့တွင် ဦးပုလု(အသက်၆၀)နှင့် ဇနီးတို့က ကက်သလစ်ဘာသာကို စဝင်ခဲ့သည်။

၁၈၉၂-ခုနှစ်တွင် ဆရာတော် ဘီဂန်းဒက်က ဘုန်းတော်ကြီးMignot(ဦးမီးညို) အားညောင်လေးပင်မြို့၌ အခြေစိုက်၍ သာသနာပြုရန် တာဝန်ပေးခဲ့သည်။ ဘုန်းတော်ကြီးဦးမီးညိုသည် ညောင်လေးပင်မီးရထားဘူတာရှိ အလုပ်သမားများတည်းခိုဆောင်၌ တည်းခို၍ သာသနာလုပ်ငန်းကို စတင်ခဲ့သည်။ ၁၈၉၃-ခုနှစ်တွင် လက်ရှိ ဘုရားကျောင်းမြေပေါ်တွင် ပျဉ်ထောင်(၂)ထပ်ကျောင်းကို ဆောက်လုပ်ခဲ့သည်။ အပေါ်ထပ်ကိုဘုရားကျောင်းအဖြစ် အသုံးပြု၍ အောက်ထပ်တွင် ဘုန်းတော်ကြီးနေထိုင်ခဲ့သည်။ ယင်းဘုရားကျောင်းတွင် လုဒ်မယ်တော်ပုံကို ပင့်ဆောင်၍ ပူဇော်အပ်နှံခဲ့သည်။

ဤကျောင်းသည် မြန်မာနိုင်ငံတွင် လုဒ်(စ်)မယ်တော်အား အပ်နှံခဲ့သော ပထမဆုံး ကျောင်းဖြစ်သည်ဟု သိရှိရပါသည်။ ၁၉၀၀-ပြည့်နှစ်တွင် အနုပညာအလွန်မြောက်သော ကျောင်းကိုဆောက် လုပ်ခဲ့ပြီး ၁၉၀၂ ခုနှစ်၊ဧပြီလ(၃၀)ရက်နေ့တွင် ကျောင်းသစ်ကို ရေစက်ချ၍ လုဒ်(စ်)မယ်တော်ပွဲကို စတင်ခဲ့ပြီး မယ်တော်ပွဲကို မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များ ကွန်ဖရင့်မှ တစ်နိုင်ငံလုံးဆိုင်ရာ ဘုရားဖူးဒေသအဖြစ် သတ်မှတ်ထားသော ဘုရားဖူး ဒေသဖြစ်သည်ဟူ၍ သိရှိပါသည်။

  • ဂျပန်ခေတ်တွင် ဂျပန်စစ်သားများက လုဒ်(စ်)မယ်တော်ရုပ်ပွားတော်နှင့် ကျောင်းနံရံအား ဖျက်ဆီးခဲ့ပါသည်။
  • ၁၉၄၈ ခုနှစ်တွင် လုဒ်(စ်)မယ်တော်သခင်မပွဲတော်အား ညောင်လေးပင်မြို့၌ တစ်ကြိမ်ကျင်းပခဲ့ပါသည်။
  • ထို့နောက်တွင်မှ ၁၉၅၇ ခုနှစ်မှစတင်၍ ညောင်လေးပင်မြို့တွင် ကျင်းပခဲ့ရာ ယနေ့အထိ အစဉ်အဆက် ကျင်းပလာခဲ့ခြင်းဖြစ်သည်။
  • ၁၉၉၃ ခုနှစ်တွင် (၇၅)နှစ်မြောက် စိန်ရတုပွဲ အထိမ်းအမှတ်အဖြစ် ခေါင်းလောင်းစဉ်ကို တည်ဆောက် ခဲ့ပါသည်။
  • ၂၀၀၂ ခုနှစ်တွင် မယ်တော်ရင်ပြင်အားတိုးချဲ့ ဆောက်လုပ်ခဲ့ပါသည်။
  • ဖေဖေါ်ဝါရီလ(၃)ရက်မှ (၁၂)ရက်ထိ လုဒ်(စ်)မယ်တော်သခင်မပွဲတော်အား (၁၀)ရက်တိုင်တိုင် နှစ်စဉ်ကျင်းပလျှက်ရှိပါသည်။
  • ညောင်လေးပင်မြို့ မယ်တော်ပွဲသည် မြန်မာနိုင်ငံကက်သလစ်ဆရာတော်များ ကွန်ဖရင့်မှ တစ်နိုင်ငံလုံး ဆိုင်ရာဘုရားဖူးဒေသအဖြစ် သတ်မှတ်ထားသော ဘုရားဖူးဒေသဖြစ်သည်။

[1]

ကိုးကား

  1. https://bagoregion.gov.mm/ညောင်လေးပင်မြို့၊-ခရစ်ယ/
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.