လူရဟန်းရှင်ရေစာငတ်ကြလိမ့်

လူရဟန်းရှင်ရေစာငတ်ကြလိမ့် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ

ဒါနသည် သံသရာချဲ့ကြောင်း တရားဖြစ်သည်ဟု အချို့ပညာရှိတို့က ဆိုကြသဖြင့် ဦးကျော်လှ၏ အာဘော်ကို သိလိုပါသည်ဟု ပရိသတ်အချို့က တောင်းပန်၍ ဖွဲ့ဆိုသော သံချိုကဗျာ ဖြစ်သည်။

လူရဟန်းရှင်ရေစာငတ်ကြလိမ့်

မာရ်ငါးတွေ ရှောင်သွေကြဉ်တဲ့၊ အောင်မြေပလ္လင်ညောင်ဘွေရိပ်ကယ်က၊ ရွှေစိတ်တော်ဆင်ခြင်လို့၊ ပုထုဇဉ်လူ့ခွင်သားတွေနှင့်၊ သိကြားပါဗြဟ္မာနတ်ကယ်တို့၊ အများသတ္တဝါ တရားမနာတတ်ပေဘု၊ ဘုရား ဘဂဝါ မြတ်ကြံတော်မူ။

သရမဏ် ကမ္ဘာ၏၊ ဒီပံကရာ ထံသာမှောက်တွင်မှ၊ ပန်လျှောက်တင် ဆင်သည့်ဆုနှင့်၊ ရှင်သုမေဓာတာပသံက သာဝကံ အာသဝမ် ကင်းလောက်တဲ့၊ ကျန်ကွင်းသူ ဝေနေများတို့၊ သနားမျှော်ခေါ်လို့၊ တရားတော်ကြားဖော်မြွက်မည်ဟု၊ ဘုရားအဆက်ခံပန်ပတ္ထနာခဲ့၊ အထက်ဗြဟ္မာ သက်လှာလျှောက်ခါမှ၊ ဓမ္မစကြာ ဝဂ္ဂါမြောက်တဲ့၊ ငါးယောက်စဉ် ကောဏ္ဍညောတို့၊ သမင်းတောမှာ ဟောကာစခဲ့၊ လောကသုံးလူ။

မကိုဋ်ပရမေမြိက်ရေကျွေးသော်ကြောင့်၊ သူဋ္ဌေးတွေစေတနာဖြူလို့၊ လေးစတူ ပေးလှူဒါန်းကြ၊ ဆေးဆွမ်းပါ သင်္ဃန်းဝါကျောင်းရယ်နှင့်၊ အသပြာပေါင်း ငွေကုဋေလွန်တဲ့၊ ဇေတဝန် ဝိဟာရောပြင်၊ နိဂြောရုံရှင့်၊ ပုပ္ဇရုံလုပ်ကာဆောက်ကြ၊ ပုဂ္ဂလာအလျှောက်ပင်၊ နော်ကအစဉ်တရားနှင့်၊ ဝင်စားအောင်မြွက်ခါဟောတော့၊ မဂ်သောတာပန်နှင့်၊ သကဒါဂါမ် အနာဂါမ် ရပါသတဲ့၊ သာဝကံတဝကျွတ်တန်သူ၊ အထွဋ်သယမ္ဘူမိန့်ကြား။

အဘိဓမ္မာနှင့်၊ ဝနယာသုတ္တံတရားတို့၊ ဗုဒ္ဓဘုရားငယ်ပစ္စေကော သော်မှ အနတ္တကိုတက်ရာကျ မဟောနိုင်ဘု၊ ဓာတ်သဘာဝေါပင် အစဉ်ကဖြစ်ခဲ့ရင်၊ အပင်အမြစ်ကိုရှာမရလို့၊ ဒါနသီလာနှင့်၊ နိက္ခမာ ရိက္ခာပြတ်တော့၊ စိတ်ပရမတ်တွင် ဆင်ခြင်စရာတို့၊ ထင်မြင်ကာပညာစွမ်းပါလေ၊ မဟာလမ်းမတော် ပေတရာကဲ့သို့၊ ဒေသနာရှိလျက်သားနှင့်၊ ဝိတက်များစရာ ဝါစကဖြင့်၊ ဒါနကိုသီသီကြမ်းသည်ဟု၊ ဤလမ်းကိုဆို့ကာပိတ်ရင်ဖြင့်၊ မြို့နိဗ္ဗူဖိုလ်အမတာထိ၊ ဗိုလ်ပါစုံလိုရာ သို့မကပ်တဲ့ပြင်၊ ဟိုနတ်သံဘယ်သူလှမ်းနိုင်လိမ့်၊ ကမ္မဋ္ဌာန်းတင်စရာလမ်း၊ ပြင်စာပရမတ်ကယ်နှင့်၊ ဆန်းအလင်္ကာမကျွမ်းကျင်သဒ္ဒါက မနပ်ကြတဲ့၊ ကျမ်းအတတ်အများ။

ခက်ဆစ်

၁။ သာရမဏ် = သာရကမ္ဘာ၊ မဏ္ဍကမ္ဘာ။

၂။ ဒီပံကရာ = ဒီပင်္ကရာဘုရား။

၃။ တာပသံ = တာပသ (ပါ)၊ ရသေ့။

၄။ သာဝကံ = ဘုရား၏ တပည့်သားသာဝက။

၅။ အာသဝမ် = အာသဝေါတရား။

၆။ ကောဏ္ဍညော = ကောဏ္ဍညစသည့် ပဉ္စဝဂ္ဂီငါးဦး။

၇။ လေးစတု = ပစ္စည်းလေးပါးအလှူ။

၈။ ဝိဟာရော = ဝိဟာရ (ပါ)၊ ကျောင်း။

၉။ ပစ္စေကော = ပစ္စေကဗုဒ္ဓါ။

၁၀။ ဝိတက် = အာရုံကို ကြံစည်သောစိတ်။

၁၁။ ဝါစက = စကား။

မှတ်ချက်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား

    [1]

    1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။
    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.