လှကျော်

ဦးလှကျော်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီ၊ ရန်ကုန်မြို့ မြူနီစီပယ် အုပ်ချုပ်စဉ် အင်္ဂလိပ်များ နိုင်ငံခြားသားများသာ တာဝန်ယူအုပ်ချုပ်နေသော မြူနီစီပယ် မီးသတ်တပ်ဖွဲ့တွင် ပထမဦးဆုံးတာဝန် ထမ်းဆောင်ခွင့်ရခဲ့သော မြန်မာနိုင်ငံသား ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ရန်ကုန်မြို့တွင်သာမက မြန်မာနိုင်ငံ တစ်ဝန်လုံးရှိ စေတနာ့ဝန်ထမ်းများ၊ မီးသတ်အစည်းအရုံးများကို စုစည်း သည်။ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကို အကောင် အထည် ဖော်ပြီး ၁၉၄၆ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ် အစည်းအရုံး ညီလာခံ ဖြစ်မြောက်ရေးအတွက် ဦးဆောင် စည်းရုံးပြီး၊ ၁၉၄၆ ခုနှစ် မေလ (၅)ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိခရိုင်ပေါင်း(၁၉၇)ခရိုင်မှ မီးသတ် အစည်းအရုံးကိုယ်စားလှယ်များကို စုစည်း၍ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ မီးသတ် အစည်းအရုံး ညီလာခံကို ရန်ကုန်မြို့၊ ကန်တော်လေးရပ်၊ ဇိနတ်မူဆလင်မိန်းခလေးကျောင်းတွင် ကျင်းပနိုင်ခဲ့သည်၊ ထိုညီလာခံတွင် ဗဟိုအလုပ်အမှုဆောင် ဥက္ကဌအဖြစ် ဦးလှကျော်မှ ရွေးချယ်ခံပြီး၊ အတွင်းရေးမှူး အဖြစ် ဦးလှမှ ရွေးချယ်ခံရသည်။

မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံး ပထမအကြိမ်ညီလာခံသို့ တတ်ရောက် လာသော ဦးအောင်ဆန်းဦးဘချိုသခင်မြဦးဘဖေ၊ ဦးစိုးညွန့်၊ ဟင်္သာတဦးမြ၊ ဦးတင် (မြန်မာအလင်း)၊ ဦးမြ (ပျော်ဘွယ်)၊ သခင်ဆန်းထွန်း၊ ဦးဘဝင်း၊ ဗန္ဓုလဦးစိန် တို့ကိုလည်း မြန်မာနိုင်ငံမီးသတ် အစည်းအရုံးညီလာခံအစည်းအဝေးကြီး၏ နာယကလူကြီးဖြစ် ရွေးချယ်တင်မြှောက် ကြသည်။

ဦးလှကျော်ဦးဆောင်စည်းရုံးမှုကြောင့် ၁၉၄၇ ခုနှစ် ဇွန်လဆန်းတွင် ဒုတိယအကြိမ် မြန်မာ တစ်နိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးညီလာခံအစည်းအဝေးကို ရန်ကုန်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။ ယင်းညီလာခံတွင် အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းမှ တတ်ရောက်၍ မိန့်ကြားခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်မှ ၁၉၅၄ ခုနှစ်အထိ ဦးလှကျော်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ညွန်ကြားရေးဝန် အဖြစ် ခန့်အပ်ခြင်းခံရစဉ် မြန်မာတစ်နိုင်ငံလုံးရှိ စေတနာ့ဝန်ထမ်းမီးသတ်တပ်ဖွဲ့များကို စည်းရုံး၍ မီးသတ် လုပ်ငန်းရပ်များကို စည်းရုံးဆောင်ရွက်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် မီးသတ်ညွန်ကြားရေးဝန်သည် ရန်ကုန်ကမ္ဘာအေး ကုန်းမြေတွင် ဆဋ္ဌမသင်္ဂယနာတင်မဟာပါသဏလိုဏ်ဂူတော် အဆောက်အအုံကြီး ၏ ဆောင်လုပ်ရေး အုပ်ချုပ်ရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၎င်းတည်ဆောက်ပြီး ညွှန်ကြားရေးဝန်သည် မီးသတ်အဖွဲ့ကို ပြန်လည်တာဝန်ယူခဲ့သည်။ ညွှန်ကြားရေးဝန်ဦးလှကျော်သည် ၁၉၅၄ ခုနှစ်တွင် သရေစည်သူ ဂုဏ်ထူး ဆောင် ဘွဲ့တံဆိပ်ကိုချီးမြှင့်ခြင်းခံခဲ့ရသည်။ ၁၉၈၈ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ 


ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.