ဝါကျ
ဝါကျဆိုသည်မှာ အဓိပ္ပာယ်ပြည့်စုံသော စကားစုကိုဆိုလိုသည်။ ဝါကျ၏အင်္ဂါတို့မှာ နာမ်၊ နာမဝိသေသန၊ ကြိယာ၊ ကြိယာဝိသေသန အစရှိသည်တို့ဖြစ်၏၊ ဝါကျဖွဲ့ခြင်း အတတ်သည် နာမ်၊ နာမဝိသေသန၊ ကြိယာ၊ ကြိယာဝိသေသန အစရှိသော ဝါကျ၏ အင်္ဂါတို့အပေါ်တွင် တည်လျက်ရှိ၏။ ထိုအင်္ဂါတို့ကို အလိုရှိသည့်အတိုင်း စပ်ဟပ်စီစဉ်ခြင်းအားဖြင့် ဝါကျအမျိုးမျိုးတို့ကို ဖွဲ့နိုင်၏။
လူတစ်ဦးတစ်ယောက်သည် မိမိ၏စိတ်ကူးစိတ်သန်းများကို သူတစ်ပါးအား ကြားသိစေလိုလျှင် ဘာသာစကားဖြင့် ပြောဆိုရေးသား၍ ကြားသိစေနိုင်သည်။ ဘာသာစကား၏ ရင်းမြစ်သည် ဝါကျဖြစ်၍ ဘာသာအစ ဝါကျက ဟူ၍ ဆိုသင့်ပေသည်။
ဝါကျ၌ အယုတ်သဖြင့် ကတ္တား(နာမ်)နှင့် ကြိယာဟူသော အင်္ဂါနှစ်ခုပါရှိ၏။ ကတ္တားသည် ပြသူ၊ ဖြစ်သူ၊ ရှိသူကိုဆိုသည်။ ကြိယာသည်ပြုသည်၊ ဖြစ်သည်၊ ရှိသည်ကိုဆိုသည်။ မြန်မာဘာသာတွင် အဓိပ္ပာယ် မငုပ်ပါက ကတ္တားကို တစ်ခါတစ်ရံ မြှုပ်ထားလေ့ရှိရကား ဝါကျဖွဲ့ရာ၌ ကြိယာသည် ကတ္တားထက် ပို၍အရေးကြီး၏။ ကြိယာသည် ဝါကျ၏ အချုပ်အချာဖြစ်၏။
ဝါကျတို့သည် ကြိယာတစ်ခုရှိသော ဝါကျ၊ ကြိယာနှစ်ခုရှိသော ဝါကျ၊ ကြိယာသုံးခုရှိသော ဝါကျ အစရှိသည်ဖြင့် ရှိကြသည်။
ကြိယာတစ်ခုရှိသော ဝါကျဖွဲ့နည်းများ
- ကတ္တားပုဒ်၊ ကြိယာပုဒ် တို့ဖြင့်ဖွဲ့သော ဝါကျ။
*ပုံစံ - တောင်(ကတ္တား) ပြိုသည်။ (ကြိယာပုဒ်) - ကတ္တားပုဒ်၊ အဖြည့်ကတ္တား၊ ကြိယာပုဒ်တို့ဖြင့် ဖွဲ့သော ဝါကျ။
*ပုံစံ - ဗာဝရီ ရသေ့ကား (ကတ္တားပုဒ်) အနာဂံ(အဖြည့်ကတ္တား) ဖြစ်၏။ (ကြိယာပုဒ်) - ကတ္တားပုဒ်၊ ကံပုဒ် ကြိယာပုဒ်တို့ဖြင့် ဖွဲ့သော ဝါကျ။
*ပုံစံ - ယောက်ျားသည် (ကတ္တားပုဒ်) မိန်းမကို (ကံပုဒ်) ကြည့်၏။ (ကြိယာပုဒ်) - ကတ္တားပုဒ်၊ ကံပုဒ်၊ အဖြည့်ကံ၊ ကြိယာပုဒ်တို့ဖြင့် ဖွဲ့သောဝါကျ။
*ပုံစံ - ပြူမိဖုရားလည်း(ကတ္တားပုဒ်) မဟာသမ္ဘဝအား (ကံပုဒ်) မင်း(အဖြည့်ကံ) မြှောက်လေ၏။ (ကြိယာပုဒ်) - ကတ္တားပုဒ်၊ ကံပုဒ်၊ လက်ခံပုဒ်၊ ကြိယာပုဒ်တို့ဖြင့် ဖွဲ့သော ဝါကျ။
*ပုံစံ - ဘေဒါရီကလည်း (ကတ္တားပုဒ်) အကြောင်းမျိုးကို (ကံပုဒ်) ခမည်းတော် ရှင်ရသေ့အား (လက်ခံပုဒ်) လျှောက်လေ၏။(ကြိယာပုဒ်) - ကတ္တားပုဒ်၊ ထွက်ခွာရာ ပြသည့်ပုဒ်၊ ကြိယာပုဒ်တို့ဖြင့်ဖွဲ့သော ဝါကျ။
*ပုံစံ - ပုဏ္ဏားတို့ (ကတ္တားပုဒ်) ကျွန်အဖြစ်မှ (ထွက်ခွာရာပြသည့်ပုဒ်) လွတ်လေသတည်း။ ( ကြိယာပုဒ် ) - ကတ္တားပုဒ်၊ ရှေးရှူရာပြသည့်ပုဒ်၊ ကြိယာပုဒ်တို့ဖြင့် ဖွဲ့သောဝါကျ။
*ပုံစံ - တောင်ငူမင်းလည်း (ကတ္တားပုဒ်) တောင်ငူမြို့သို့(ရှေးရှူရာ ပြသည့်ပုဒ်) ပြန်လေ၏။ (ကြိယာပုဒ်) - ကတ္တားပုဒ်၊ နေရာပြပုဒ်၊ ကြိယာပြပုဒ်တို့ဖြင့် ဖွဲသော ဝါကျ။
ပုံစံ - မိုးကြိုး(ကတ္တားပုဒ်) နန်းမှာ (နေရာပြပုဒ်) ကျသည်။ (ကြိယာပုဒ်) - ကတ္တားပုဒ်၊ အချိန်ပြပုဒ်၊ ကြိယာပုဒ်တို့ဖြင့် ဖွဲ့သောဝါကျ။
*ပုံစံ - ဤအိုင်သည် (ကတ္တားပုဒ်) ရှေးနှိုက် (အချိန်ပြပုဒ်)မရှိ။ (ကြိယာပုဒ်) - ကတ္တားပုဒ်၊ အကြောင်းပြပုဒ်၊ ကြိယာပုဒ်တို့ဖြင့် ဖွဲ့သော ဝါကျ။
*ပုံစံ - ထိုအစာတို့သည် (ကတ္တားပုဒ်) အကုသိုလ်ကြောင့် (အကြောင်းပြပုဒ်) ကွယ်ခဲ့ကုန်၏။ (ကြိယာပုဒ်) - ကတ္တားပုဒ်၊ ကံပုဒ်၊ အသုံးခံပုဒ်၊ ကြိယာပုဒ်တို့ဖြင့် ဖွဲ့သောဝါကျ။
*ပုံစံ - မဒ္ဒီမိဖုရားသည် (ကတ္တားပုဒ်) တိုက်တံခါးရွက်ကို (ကံပုဒ်) လက်ဖြင့် (အသုံးခံပုဒ်) ခေါက်၏။ (ကြိယာပုဒ်)
ကြိယာတစ်ခုရှိသော ဝါကျဖွဲ့နည်းတို့တွင် ကတ္တားနှင့် ကြိယာ နှစ်ပုဒ်တည်းဖြင့် ဖွဲ့သောဖွဲ့နည်း (၁) သည် အတိုဆုံးသော ဝါကျဖြစ်သည်။ ဖွဲ့နည်း(၄)၊ (၅)၊ (၁၁)တို့သည် အရှည်ဆုံးဖြစ်ကြသည်။ ပြောဆိုရေးသားရာ၌ ကြိယာတစ်ခုရှိသော ဝါကျတို့ချည်းနှင့်သာ နေရာတိုင်း မလုံလောက်ရကား ကြိယာနှစ်ခုဝါကျ၊ ကြိယာသုံးခုဝါကျ အစရှိသည်ဖြင့် ဝါကျရှည်များကိုလည်း လိုအပ်သည့်အတိုင်း ပြောဆိုရေးသားကြရ၏။ ကြိယာတစ်ခုမကရှိသော ဝါကျတွင် ကတ္တားကြိယာပါဝင်သော စကားစုကို ပုဒ်စုဟုခေါ်၏။ တစ်ခါတစ်ရံ ကတ္တားမြုပ်နေတတ်သည်။ သို့ဖြစ်၍- ဘကြီးတော် ပြေးလေသောကြောင့်သာ ဒလမြို့တွင်ငါနေသည် ဟူသော ဝါကျ၌ ဘကြီးတော် ပြေးလေသောကြောင့်သာ ဟူသော ပုဒ်စုတစ်ခုနှင့် ဒလမြို့တွင် ငါနေသည် ဟူသော ပုဒ်စုတစ်ခု ပေါင်းနှစ်ခု ပါဝင်၏။ ထိုပုဒ်စု နှစ်ခုတို့တွင် ဒုတိယပုဒ်စုသည် ကတ္တားကြိယာနှင့် ပြည့်စုံရကား မိမိဘာသာ တည်နေနိုင်သော ပုဒ်စုဖြစ်၏။ 'နေသည်' ဟူသော အဆုံးသတ်ကြိယာပုဒ် ပါဝင်သောကြောင့် အဆုံးသတ်ပုဒ်စုဟု ခေါ်အပ်၏။ ပထမပုဒ်စုကား ထိုသို့ မိမိဘာသာ တည်နေနိုင်သည်မဟုတ်၊ ကတ္တားနှင့် ကြိယာရှိသော်လည်း ဒုတိယပုဒ်စုကို ကြိယာဝိသေသန သဘောဖြင့်မှီလျက်ရှိ၏၊ ဒုတိယပုဒ်စု၏ ရှေ့ကနေသဖြင့် ပထမပုဒ်စုကိုရှေ့ပြေးပုဒ်စု ဟုခေါ်အပ်၏။ ကြိယာတစ်ခုမက ဝါကျတွင်ရှေ့ပြေးပုဒ်စုသည် အဆုံးသတ်ပုဒ်စုကို မှီလျက်ရှိ၏။ အဆုံးသတ် ပုဒ်စုကား အနက်အားဖြင့် ရှေ့ပြေးပုဒ်စုနှင့် ဆက်စပ်သော်လည်း မိမိဘာသာတည်နေနိုင်၏၊ ရှေ့ပြေးပုဒ်စုတို့သည် ကြိယာဝိသေသန သဘောသက်ရောက်သကဲ့သို့ နာမ်သဘောသက်ရောက်၍ နာမ်ကဲ့သို့ အမှုဆောင်ရွက်သည်လည်း ရှိ၏။ နာမဝိသေသနသဘော သက်ရောက်၍ နာမဝိသေသနကဲ့သို့ အမှုဆောင်ရွက်သည်လည်းရှိ၏။ သို့ဖြစ်၍ ကြိယာနှစ်ခုဝါကျ၌ ရှေ့ပြေးပုဒ်စုတို့သည် ကြိယာ(ဝိသေသနသဘော သက်ရောက်သော)ပုဒ်စု၊ နာမ်(သဘောသက်ရောက်သော) ပုဒ်စု၊ နာမဝိသေသန(သဘောသက်ရောက်သော)ပုဒ်စုဟူ၍ သုံးမျိုးသုံးစား ရှိလေသည်။
ထိုကြိယာနှစ်ခုနှင့် ဝါကျဖွဲ့နည်းတို့အနက် ဆိုလိုသော အဓိပ္ပာယ်အတိုင်း လိုအပ်သောဖွဲ့နည်းတို့ကို ရောနှော၍ဖွဲ့လျှင် ကြိယာနှစ်ခုမက ဝါကျများဖြစ်လာ၏။ ယင်းသို့ ရောနှော၍ဖွဲ့ရာ၌လည်း ကြိယာတစ်ခုပြီးတစ်ခု ဆက်လက်ပြုလုပ်သည်ကို ပြသော '၍' ပစ္စည်းကို အသုံးများ၏။ ပုံစံ - ကိန္နရာ ကိန္နရီတို့သည် ဘုရားလောင်းကို ခြံရံ၍ သစ်သီးကြီးငယ်တို့ကို ဆွတ်ယူ၍ ဘုရားလောင်းအားပေးကုန်၏။ ထို့ပြင် မေးခွန်းဝါကျ၊ မဟုတ်ဝါကျ (မဟုတ်ကြောင်းပြသော ဝါကျ)၊ ညွှန်ကြားခြင်း စသည်တို့ကို ပြသောဝါကျများလည်းရှိသေး၏။
မေးခွန်းဝါကျ
- ဟုတ်သည်၊ မဟုတ်သည် ဟူ၍ အဖြေလိုသော မေးခွန်းများ။
(က) လောသည် မေးခွန်းဝါကျ၏ အဆုံးသတ်ပစ္စည်းဖြစ်သည်။
*ပုံစံ - ဘုရားရှင်သည် စိတ္တကုတ်တောင်သို့ ကြွတော်မူလေသလော။
(ခ) လား ကိုလည်း အသုံးပြုနိုင်သည်။
*ပုံစံ - ဘုန်းတော်ကြီးဘုရား မာတော်မူပါလား။ - ဟုတ်သည်၊ မဟုတ်သည် ဟူ၍ မဖြေနိုင်သော မေးခွန်းများ။
(က) နည်း သည် မေးခွန်းဝါကျ၏ အဆုံးသတ်ပစ္စည်းဖြစ်သည်။
*ပုံစံ - ဘုရားဟူသည်ကား အဘယ်သို့သောသူနည်း။
(ခ) လဲ ကိုလည်း အသုံးပြုနိုင်သည်။
*ပုံစံ - ထုံးစံ ဘယ်မှာရှိသလဲ။
မဟုတ်ဝါကျ (မဟုတ်ကြောင်းပြသော ဝါကျ)
- အဟုတ်ဝါကျကို မဟုတ်ဝါကျသို့ ပြောင်းလိုလျှင် အဟုတ်ပြပစ္စည်း 'သည်' '၏' တို့ကို ချေ၍ 'မ'ကို ကြိယာရှေ့ကထား၏။
ပုံစံ - သူတော်ကောင်းဥစ္စာကို ရေမှာပစ်လည်းမနစ်၊ မီးမှာပစ်လည်း မခြစ်၊ ( သူတော်ကောင်းဥစ္စာကို ရေမှာပစ်လည်း နစ်၏၊ မီးမှာပစ်လည်း ခြစ်၏ ဟုဆိုလျှင် အဟုတ်ဝါကျ ဖြစ်ရာ၏။ - အထက် (၁) အတိုင်းဖွဲ့သော မဟုတ်ကြိယာနောက် ကာလပစ္စည်းစသည်တို့ဖြင့် ဝါကျကိုအဆုံးသတ်၏။
ပုံစံ - ဟုတ်သည့်အတိုင်းဆို၊ မဆိုသော် သင့်အသက်မရှိပြီ။ - 'မ' ကို၊ 'ဘဲ'(ပဲ) နှင့်ဖက်၍ အသုံးပြုနည်း။
(က) ရှေ့ပြေးပုဒ်စု၌သာ အသုံးပြုသည်။ 'မ' နှင့် 'ဘဲ'အကြားတွင် ကြိယာကိုထား၏။
ပုံစံ - ငါသည် စားဦးကိုမလှူဘဲ စားလေ့မရှိ။
(ခ) 'ဘဲ' အစား'မူ၍'ကိုလည်းအသုံးပြုနိုင်သည်။
ပုံစံ - သုဇာတသူကြွယ်သည် တစ်ပါးသော မာတုဂါမကို မကြည့်မူ၍ နတ်သမီးကိုသာ တောင့်တ၍ သေလေ၏။ - 'မ'ကို ' မီ' နှင့်ဖက်၍ အသုံးပြုနည်း။
ရှေ့ပြေးပုဒ်စု၌သာ အသုံးပြုသည်။ 'မ' နှင့် ' မီ'အကြားတွင် ကြိယာရှိ၏။
ပုံစံ - မဒ္ဒီဒေဝီ မလာမီ (ငါ) သွားအံ့။ ('မီ' အစား'ခင်'ကိုလည်း သုံးနိုင်သည်။) - အဟုတ်ဝါကျကို မဟုတ်ဝါကျသို့ပြောင်းလိုလျှင် 'မဟုတ်'ဟူသောစကားနှင့်အဆုံးသတ်နိုင်သည်။
ပုံစံ - လင်းဇင်းအမှူးအမတ်တို့သည် ပျပ်ဝပ်ကျိုးနွံမည်မဟုတ်။
(က) အဓိပ္ပာယ်လေးနက်စေလိုလျှင် မဟုတ်ကြိယာနောက်က 'ဘူး' 'ဖူး'ဖြင့် အဆုံးသတ်၏။
ပုံစံ - ငါမမြင်ပါဘူး။
(ခ) မည်သည့်အခါမျှ အပြုအမူ အဖြစ်အပျက် မရှိခဲ့ကြောင်းပြလိုလျှင် 'ဘူး' အစား 'စဘူး' 'စဖူး' ဘူးဘူး တို့ကိုအသုံးပြု၏။
ပုံစံ - ငါ ဤမျှသော ကာလပတ်လုံး မြက်မရိတ်စဘူး။ ကြားမျှမကြားစဖူး။ သည်အရူးမကို တစ်ခါမျှ ကြားလည်းမကြားဘူးဘူး မြင်လဲမမြင်ဘူးဘူး။ - အဓိပ္ပာယ် လေးနက်စေလိုလျှင် 'မ' တစ်လုံး ကြိယာတစ်လုံး ထပ်ကာသုံးလေ့ရှိ၏။
ပုံစံ - ထားမကူ၊ လှံမကူ၊ ပြည်သူ မပန်းမနွမ်းစေရ။ - တားမြစ်ခြင်းအနက်ကို အလိုရှိလျှင် မဟုတ်ကြိယာနောက်က -
(က) 'နှင့်' 'လင့်' တို့ဖြင့် အဆုံးသတ်သည်။
ပုံစံ - သောက်ယောင်သာပြု၊ မသောက်နှင့်၊ ဆရာ မကြောက် လင့်
(ခ) 'ရ' ဖြင့်အဆုံးသတ်သည်။
ပုံစံ - နောင် သည်ကဲ့သို့ မပြုမကျင့်ရ၊ - 'မ'ကို 'ခြင်း' နှင့်ဖက်၍ အသုံးပြုနည်း။
ပုံစံ - ငါမလာမခြင်း တံခါးမပိတ်နှင့်ဦး။
ညွှန်ကြားခြင်း စသည်တို့ကိုပြသော ဝါကျများ။
- ညွှန်ကြားခြင်းအနက်ကို ပြလိုလျှင်-
(က) ပစ္စည်းမဲ့ ကြိယာသက်သက်နှင့် ဝါကျကို အဆုံးသတ်နိုင်သည်။
ပုံစံ - ငါတို့ ခုနစ်ယောက် ညီမှပေး။
(ခ) 'လော့' နှင့် ဝါကျကို အဆုံးသတ်နိုင်သည်။
ပုံစံ - လျင်လျင် ပေးလိုက်လော့။
(ဂ) 'ရမည်'နှင့် ဝါကျကို အဆုံးသတ်နိုင်သည်။
ပုံစံ - သင်မူကား ငါ့အလိုတော်ကိုသာ လုံခြုံစွာစောင့်ရှောက် ရမည်။
(ဃ) 'ခဲ့' 'ခဲ့လော' တို့ကို အသုံးပြုနိုင်သည်။
ပုံစံ - ငါနှင့် လိုက်ခဲ့။ ငါ့ထံ ထားခဲ့လော့။
(င) 'စေ' 'စေလော့'တို့နှင့် ဝါကျကို အဆုံးသတ် နိုင်သည်။
ပုံစံ - ခိုးသူကို ဖမ်းပါစေ။ သင်တို့အား စိုးအုပ်စီမံ ကွပ်ကဲစေလော့။ - ခွင့်ပန်ခြင်းအနက်ကို ပြလိုလျှင်-
'ပါရစေ' နှင့် ဝါကျကို အဆုံးသတ်သည်။
ပုံစံ - ထို့ကြောင့် ကျွန်ုပ်လင်နှင့်အတူ လိုက်ပါရစေ။ - ကျိန်ဆဲခြင်း၊ ဆုတောင်းမေတ္တာပို့ခြင်း၊ သစ္စာရှိခြင်းအနက်တို့ကိုပြလိုလျှင်-
'ပါစေ' 'စေသား' 'စေသော' 'စေသတည်း' တို့နှင့် ဝါကျကို အဆုံးသတ်သည်။
ပုံစံ - ငါတို့ ဆရာ ရဟန်းလည်း ကျန်းခံ့ပါစေ၊ အနာကင်းပါစေ။ မြေပြင်အလုံး၌ ဓနန္ဒမင်းသား အကျိုးမဲ့သာဖြစ်စေသား။ ဤအရာသည် ဝန်ရှင်တော်မင်းကြီးအား နှစ်သိမ့်သည် ဖြစ်စေသော။ ငါ့သား သုဝဏ္ဏသာမအား မြားဆိပ်ပျောက်စေသတည်း။ - အတူတကွ ဆောင်ရွက်လိုခြင်းအနက်ကို ပြလိုလျှင်-
'စို့' ကို အသုံးပြုသည်။
ပုံစံ - ကျွန်းဖြစ်ပုံကို အလုံးစုံသိရအောင် ကျွန်းကြည့်လယ်စမ်းကြစို့၊ မောင်မင်းများ။ [1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)