ဝါဆိုသင်္ကန်း

ဝါဆိုသင်္ကန်း ဖြစ်ပေါ်လာပုံသမိုင်း

ဝိသာခါကျောင်းအစ်မကြီးဆိုတာ အားလုံးသိတဲ့အတိုင်း သာသနာမှာ အလှူဒါန ရက်ရောသူအဖြစ် သာသနာ့မိခင်ကြီးအဖြစ် သောတာပန်အလှ မိဖုယား အဖြစ်၊ ရဟန်းတော်များရဲ့ ရေတွင်းရေကန်ပမာအဖြစ် ထွန်းသစ်ထင်ရှားခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဂုဏ်ယူဖွယ်ရာအကြောင်းတွေ အများကြီးရှိခဲ့ပါတယ်။ သာဝတ္ထိမြို့ရဲ့ အရှေ့ဘက်မှာ တိုက်ခန်းပေါင်း တစ်ထောင်ရှိတဲ့ ပုဗ္ဗာရုံကျောင်းကြီး လှူထားခဲ့တဲ့ ကျောင်းအစ်မကြီးတစ်ဦးဖြစ်ခဲ့သလို၊ သားသမီး(၂၀)၊ မြေး(၄၀၀)၊ မြစ်(၈၀⁠၀၀) နဲ့ အခြွေအရံလည်း များခဲ့တဲ့ အမျိုးသမီးလည်းဖြစ်ခဲ့ပါသေးတယ်။ ထိုမျှမကသေး ဘာသာဝါဒမတူတဲ့ မိစ္ဆာဒိဋ္ဌိမိဂါရသူဌေးနဲ့ မိသားစုတို့ကို ဗုဒ္ဓဘာသာဖြစ်အောင် စည်းရုံနိုင်ခဲ့တဲ့ အမျိုးသမီးဖြစ်ခဲ့ပါတယ်။ မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော့ ဝိသာခါက ဆွမ်းစားပင့်ပါတယ်။ အဲဒီညလွန်တော့ လေးကျွန်းလုံးအနှံ့ မိုးကြီးရွာသွန်းပါတယ်။ မြတ်စွာဘုရားရှင်က ရဟန်းတို့ ဇေတဝန်ကျောင်းမှာရွာသလို၊ လေးကျွန်းလုံးအနှံ့မှာလည်း မိုးရွာတယ်။ သင်တို့မိုးရေချိုးကြ။ ဒီမိုးကြီးဟာ လေးကျွန်းလုံးနှံ့တဲ့ နောက်ဆုံးမိုးပဲ ဟု မိန့်တော်မူပါတယ်။ ရဟန်းတော်များဟာ သင်္ကန်းအပိုအလှူခံခွင့် မရှိသေးတာကြောင့် မိုးရေခံ သင်္ကန်းမပါဘဲ မိုးရေချိုးနေကြတဲ့အချိန် ဝိသာခါလွှတ်လိုက်တဲ့ အိမ်ဖော်မလေး ကျောင်းလာဆွမ်းစားချိန်ရောက်ကြောင်း လျှောက်ထားဖို့လာတဲ့အခါ၊ အဝတ်မပါဘဲ မိုးရေချိုးနေကြတဲ့ ရဟန်းတော်များကိုမြင်တော့ ဒီအရာမ်အတွင်းမှာ ရဟန်းတွေ မရှိဘူး။ အာဇီဝတက္ကတွန်းတွေသာ မိုးရေချိုးနေကြတယ်လို့တွေးပြီး ရဟန်းတွေကို မပင့်ခဲ့ဘဲ အိမ်ပြန်သွား ဝိသာခါကို အကြောင်းစုံပြန်ပြောတယ်။


ဝိသာခါက ပညာရှိတယ်။ လိမ္မာယဉ်ကျေးတယ်။ အတွေးအခေါ်လျင်မြန်ထက်မြက်တယ်။ရဟန်းတော်တွေ မိုးရေးခံသင်္ကန်းမပါဘဲ မိုးရေချိုးနေကြတာဖြစ်မယ် စဉ်းစားပြီး အိမ်ဖော်မလေးကို ဆွမ်းစားချိန်ရောက်ကြောင်း ထပ်မံ အပင့်ခိုင်းပြန်တယ်။ အဲဒီအချိန် ရဟန်းတော်များဟာ ရေးချိုးပြီးလို့ တင့်တင့်တယ်တယ် သပ္ပါယ်စွာ ဝတ်ရုံထားကြပြီးဖြစ်တယ်။ ကျောင်းတွင်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ သီတင်းသုံးနေကြပြီဖြစ်တယ်။ ရဟန်းတစ်ပါးမျှ ကျောင်းမှာမရှိဘူး။ တစ်ကျောင်းလုံးတိတ်ဆိတ်နေတယ်လို့ အိမ်ဖော်မလေးက ပြန်လာပြီး ဝိသာခါကို ပြောပြန်တယ်။ ဝိသာခါက အခြေအနေကို စဉ်းစားမိပြီး ထပ်မံလွှတ်ရပြန်တယ်။ ဒီတော့မှ မြတ်စွာဘုရားရှင်နဲ့ သံဃာတော်တွေ အိမ်ကြွလာတော်မူကြတယ်။ မိုးရွာပြီးစ ရေစီးအဟုန်တွေများနေပေမယ့် မြတ်စွာဘုရားနဲ့ သံဃာတော်တို့ရဲ့ ခြေတော်တွေ သင်္ကန်းတော်တွေမှာ ရေစိုစွတ်ခြင်း မရှိတာမြင်တော့ ဝိသာခါ အံ့ဩဝမ်းသာဖြစ်ကာ ဆွမ်းကပ်လှူ၊ ဒီနောက် မြတ်စွာဘုရားထံမှာ ဆု(၈)ပါးလျှောက်ထားတောင်းဆိုပါတယ်။ အဲဒီဆု(၈)ပါးက-

  1. အရှင်ဘုရား တပည့်တော်မသည် သံဃာတော်များအား အသက်ထက်ဆုံး မိုးရေးခံသင်္ကန်း လှူလိုပါ၏။
  2. ဧည့်သည် အာဂန္တုတို့အား ဆွမ်းလှူလိုပါ၏။
  3. ခရီးသွားရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
  4. သူနာရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
  5. သူနာပြု ရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
  6. သူနာရဟန်းတို့အား ဆေးလှူလိုပါ၏။
  7. အမြဲ ယာဂု လှူလိုပါ၏။
  8. ဘိက္ခုနီသံဃာအား ရေသနုပ်လှူလိုပါ၏။ ဆိုတဲ့ ဆု(၈)မျိုးပါ။

ဝိသာခါ သင် ဘယ်လိုအကျိုးထူး ကျေးဇူးတွေမြင်လို့ ဒီဆုတွေတောင်းတာလဲ လို့ မြတ်စွာဘုရားရှင်က မေးတော့ အိမ်ဖော်မလေးပြောတဲ့စကားပြန်လျှောက်ပါတယ်။ အရှင်ဘုရား အဝတ်မစည်း အချည်းအနှီးနေခြင်းဟာ စက်ဆုပ်ရွံရှာဖွယ်ရှိလို့ မစင်ကြယ်ပါ။ ဒီအကျိုးမြင်လို့ ရဟန်းသံဃာတော်အား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း လှူဒါန်းလိုပါတယ်ဘုရား။

ဧည့်သည် အာဂန္တု ရဟန်းများ ခရီးမကျွမ်းကျင်လို့ ဆွမ်းကိစ္စ အခက်အခဲ ကြုံတတ်ပါတယ်။ တပည့်တော်မ လှူတဲ့ဆွမ်းကို ဘုဉ်းပေးပြီးမှ ခရီးလမ်းသိ ဆွမ်းခံကျွမ်းကျင်မှု ရှိပါလိမ့်မယ်။ ဒါကြောင့်လည်း ဧည့်သည်အာဂန္တုရဟန်းတို့ကို ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

ခရီးသွားရဟန်းများ ဆွမ်းရှာနေရပါက အဖော်များပြတ်ကျန် နေပါလိမ့်မယ်။ သွားချင်တဲ့ကျောင်းကိုလည်း အချိန်အခါမဲ့မှ ရောက်သွားပါလိမ့်မယ်။ တပည့်တော်လှူတဲ့ဆွမ်းကို ဘုဉ်းပေးရပါက အဲဒီဒုက္ခမှ ကင်းဝေးပါမယ်။ ဒါကြောင့် အသက်ထက်ဆုံး ခရီးသွားသံဃာအား ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

ဖျားနာတဲ့ရဟန်းမှာ လျောက်ပတ်တဲ့ဘောဇဉ် မရပါက အနာတိုးပွားနိုင်သလို အသက်အန္တရာယ်လည်း ကြုံတွေ့နိုင်ပါတယ်။ တပည့်တော်လှူတဲ့ ဘောဇဉ်စားသောက်ရပါက ဒီအန္တရာယ်ကင်းပါလိမ့်မယ်။ ဒါကြောင့် သူနာရဟန်းများကိုလည်း အသက်ထက်ဆုံး ဆွမ်းလှူဒါန်းလိုပါတယ်။ဘုရား။

သူနာပြု(ဖျားနာနေသော ရဟန်းအား လုပ်ကျွေးပြုစုသူ) ရဟန်းများ ကိုယ်တိုင်ဆွမ်းရှာနေရပါက သူနာရဟန်းအား ပြုစုရမယ့်ကိစ္စတွေ လစ်ဟင်းနေပါလိမ့်မယ်။ ဒါကြောင့် သူနာပြု ဂိလာနုပဋ္ဌာက ရဟန်းများကိုလည်း အသက်ထက်ဆုံး ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

သူနာရဟန်းမှာ လျောက်ပတ်တဲ့ ဆေးဝါးမရပါက ရောဂါတိုးပွားပါလိမ့်မယ်။ ဒါကြောင့် အသက်ထက်ဆုံး သူနာရဟန်းအား ဆေးဝါးလှူဒါန်းလိုပါတယ်ဘုရား။

အရှင်ဘုရားက အန္ဓကဝိန္ဒမြို့မှာ ယာဂုအကျိုးဆယ်မျိုးရှိတယ်လို့ ဟောကြားခွင့်ပြုတာကြောင့် ရဟန်းသံဃာအား တပည့်တော်မ အသက်ထက်ဆုံး ယာဂုလှူလိုပါတယ်ဘုရား။

အမျိုးသမီးရဟန်းများ အစီရဝတီမြစ်မှာ ပြည့်တန်ဆာမများတို့နဲ့ ရေဆိပ်တစ်ခုတည်းမှာ အဝတ်မစည်း ရေချိုးနေကြလို့ ပြည့်တန်ဆာမများက ရဟန်းမ ဘိက္ခုနီတို့ကို ပြက်ရယ်လှောင်ပြောင်ကြပါတယ်။ ဒါကြောင့် ဘိက္ခုနီသံဃာအား အသက်ထက်ဆုံး ရေသနုပ်(ရေလဲသင်္ကန်း) လှူဒါန်းလိုပါတယ်ဘုရားဟု ဒီဆု(၈)မျိုးကို ဝိသာခါဒကာမကြီးက တောင်းခံခဲ့တာပါ။ သံဃာများ ချမ်းသာစေလိုတဲ့ ဒီဆုတွေ ဝိသာခါတောင်းတာဟာ သာသနာအကျိုးကြည့်တာရယ်၊ သူကိုယ်တိုင် နောင်အချိန်မှာ ဝမ်းသာပီတိနဲ့ သဒ္ဓါပွားချင်တာရယ်ကြောင့် တောင်းထားတာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်က ခွင့်ပြုတော်မူခဲ့လို့ ဒီနေ့ ဗုဒ္ဓဘာသာဝင် အမျိုးသား အမျိုးသမီးများ အနေဖြင့် ဝိသာခါကျောင်းအစ်မကြီးရဲ့ ဆုရှစ်မျိုးထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဝါဆိုသင်္ကန်းကို လှူဒါန်းနေကြတာဖြစ်ပါတယ်။ ဒါက ဝိသာခါကျောင်းအစ်မကြီး တောင်းခံခဲ့လို့ ဝါဆိုင်္သန်းရယ်လို့ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။

သာဝတ္ထိမြိုကို ကြွဖူးတဲ့ ရဟန်းဖြစ်ပါက ဝိသာခါရဲ့ သင်္ကန်း ဆွမ်း စတဲ့အလှူကို တစ်မျိုး⁠မျိုးတော့ ရရှိအလှူခံဖူးမှာပဲ။ အဲဒီရဟန်းတော်များ တရားထူးရတယ်ဆိုပါက ဝိသာခါကျောင်းအစ်မကြီးရဲ့ ကျေးဇူးလည်း ရှိဖူးပြီပဲလို့ တွေးမိရင် ဝိသာခါက ဝမ်းမြောက်မယ်၊ နှစ်သက်မယ်၊ ငြိမ်းအေးမယ်။ ချမ်းသာမယ်။ တည်ကြည်မယ်။ ဣန္ဒြေဗိုလ်၊ ဗောဇ္ဈတရားများ တိုးပွားမယ်။ ဒီအာနိသင်တွေ့မြင်လို့ ဆု(၈)ပါးကို တောင်းခံခဲ့တာဖြစ်ပါလို့ ရေးသားရင်း နိဂုံးချုပ်လိုက်တော့၏။

  • အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

ဝါဆိုသင်္ကန်းကို အချိန်ကာလမရွေး လှူဒါန်းခွင့် ရှိသူများ

  1. စစ်ထွက် သွားမည့်သူ။
  2. အရပ်တစ်ပါး ခရီးသွားမည့်သူ။
  3. ရောဂါဝေဒနာ ဖိစီးနှိပ်စက် ခံနေရသူ။
  4. မီးဖွားခါနီး မိခင်လောင်း။
  5. ယခင်က သဒ္ဓါတရားမရှိ၊ယခုချက်ချင်း သဒ္ဓါတရား ပေါ်ပေါက်လာသူ။
  6. သာသနာတော်ကို ယခုမှ ကြည်ညိုလာသူ။

အထက်ပါ ပုဂ္ဂိုလ်တို့က "၀ဿာဝါသိကံ ဒဿာမိ-" "ဝါဆိုသင်္ကန်းပါဘုရား" ဟု အမည်တပ်၍ လှူဒါန်းလာခဲ့သော် ဝါမကျွတ်သေးသော်၎င်း ဝါကျွတ်ပြီးသော်၎င်း အလှူခံနိုင်ခွင့်ရှိသည်။ ယင်းပုဂ္ဂိုလ်များသည် အချိန်မရွှေး ရှိနိုင်သဖြင့် ဝါဆိုသင်္ကန်းကို အချိန်မရွေး လှူဒါန်းနိုင်၊ အချိန်မရွေးအလှူ ခံနိုင်ခွင့်ရှိသည်။

  • ဦးပဏ္ဍိတ (မန္တလေး)

ထင်ရှားသော သင်္ကန်းအလှူရှင်များ

  1. ဝိသာခါကျောင်းအမကြီး
  2. သမားတော်ကြီး ဇီဝက − မြတ်စွာဘုရားရှင်အား ကမ္ဗလာသင်္ကန်း လှူဒါန်းခဲ့သည်။
  3. ဝေရဉ္ဇာပြည်သား ဥဒယပုဏ္ဏား − သံဃာတော်အပါး ၅၀၀ အား တစ်ပါးလျှင် သင်္ကန်းတစ်စုံကျစီ လှူဒါန်းခဲ့ပါသည်။[1]

ကိုးကား

  1. အရှင်သုမန (ကန့်ဘလူ) (မေလ ၂၀၀၅)။ အလှူဒါနဆိုင်ရာသိမှတ်ဖွယ်ရာများ (ပထမအကြိမ် ed.)။ အမှတ် ၁၁၊ ဒဂုဏ်သီရိလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့: ခင်မြတ်သူစာပေ။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.