ဝါပင်

ဝါပင်

Cotton (ဝါ)

  • Botany Term : Gossypium spp
  • Species/Family : Malvaceae


ပုံသဏ္ဌာန် : အပင်-- တစ်နှစ်ခံ သို့မဟုတ် နှစ်ရှည်ခံ ပင်များ ဖြစ်သည်။ အမြင့် ၄ ပေ ခန့်ထိ ရှိသည်။ အကိုင်း ဖြာသည်။ အမွှေးထူ သို့မဟုတ် ပြောင်ချော သည်။ အခေါက် အရောင် ညိုမည်း၏။ အမြစ် အလွန်ဖွာ ၍ ဖြူဝါရောင် ရှိ၏။ အရွက်-- ရွက်လွှဲ ထွက်သည်။ လက်ဝါးပုံ ဖြစ်ပြီး အဝိုက်များ ၃-၅ ခုထိ ပါသည်။ ရွက်ထိပ် ချွန်ပြီး ရွက်ရင်း ဝိုင်းသည်။ အရွက် ထက်အောက် မျက်နှာပြင် နှစ်ဖက်လုံး၌ အမွေးနု များရှိ၍ နူးညံ့၏။ ရွက်စွယ် လှံစွပ်ပုံ ဖြစ်သည်။ အပွင့်-- ပွင့်တည်း ဖြစ်၏။ အဝါရောင် သို့မဟုတ် အဖြူရောင် သို့မဟုတ် ပန်းရောင် ဖြစ်၏။ ခေါင်းလောင်း ပုံသဏ္ဌာန် ရှိသည်။ ချဉ်ပေါင်ပွင့် နှင့် ဆင်၏။ အသီး-- အက်ကွဲသီး ဖြစ်သည်။ ဘဲဥပုံ ဖြစ်ပြီး လုံးဝိုင်းသည်။ ၃-၅ မြောင်း ရှိသည်။ အစေ့ ၂၅-၄၀ ထိပါ၍ အညိုရောင် ရှိသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အစေ့၊ အမြစ်၊ အပွင့် ၊ အရွက်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့ အပြားတွင် ပေါက်ရောက် သော်လည်း မိုးနည်းသော အရပ်တွင် ပိုမို ဖြစ်ထွန်းသည်။ ပေါက်ရောက်ပုံ-- စိုက်ပျိုးပင် ဖြစ်သည်။ စိုက်ပျိုးပုံ- (က)မြေပြုပြင်ခြင်း-- စိုက်ခင်းမြေ အား ကောင်းစွာ မှုန့်ညက်အောင် ပြုပြင် သင့်သည်။ (ခ)စိုက်ပျိုးခြင်း--အတန်းလိုက် စိုက်ပျိုးရန် လိုအပ်သည်။ တစ်တန်းနှင့် တစ်တန်း ၂-၄ ပေ၊ တစ်ပင်နှင့် တစ်ပင် ၂-၄ ပေ မြေ၏ အခြေအနေ ကိုကြည့်၍ စိုက်သင့်သည်။ နှမ်း ၊ ပဲ စသည် တို့နှင့်လည်း သီးညှပ် အဖြစ် ရောနှော စိုက်နိုင်သည်။ (ဂ)ပြုစုဂရုစိုက်ခြင်း-- ပေါင်းသုတ်သင်ခြင်း၊ ပိုးမွှား ကာကွယ်ခြင်း၊ ပင်ကျပ် နုတ်ခြင်း တို့ကို လိုအပ်သလို ပြုစုပေး ရမည်။ (ဃ)ကောက်သိမ်းခြင်း-- ဝါပေါက် ကောင်းစွာ ကွဲအက် လာသော အခါတွင် ကောက်ယူ ရမည်။ အသုံးဝင်ပုံ : အာနိသင်-- မြန်မာ ဆေးကျမ်း များအလို အရ ဝါဖူးသည် ချို၏။ အေး၏။ ၀ဖြိုးစေ၏။ နို့ကို ပွားစေ၏။ သည်းခြေ ရောဂါ ၊ သလိပ် ရောဂါ များကို ကင်းဝေး စေ၏။ ရေငတ်ခြင်း ကို ပြေပျောက် စေ၏။ စိတ်ပျံ့ လွင့်ခြင်း၊ သတိမေ့ခြင်း များကို ကင်းဝေးစေ၏။ အရွက်သည် လေရောဂါ ကိုနိုင်၏။ သွေးကို တိုးပွားစေ၏။ ဆီးရွှင် စေ၏။ နားရောဂါ နှင့် စပ်လျဉ်းသော ရောဂါများ ကို ကင်းဝေး စေ၏။ အစေ့ သည် နို့ကို ပွားစေ၏။ ကာမအား ကိုတိုးစေ၏။ ဝါပင်၏ အစိတ် အပိုင်း အားလုံးသည် အရေပြား ရောဂါ၊ မြွေဆိပ်၊ ကင်းဆိပ် နှင့် သားအိမ်၌ ထိုးကျင်ခြင်း တို့ကို ပျောက်ကင်း စေ၏။ အသုံးပြုပုံ- အစေ့-- ၁။ ဝါစေ့ အဆံကို ကြိတ်၍ မီးလောင်နာ များကို လိမ်းပေးက ပူလောင်ခြင်း ပျောက်၏။ ၂။ ဝါစေ့ အတွင်းသား အဆံကို နွားနို့နှင့် ကျိုစားက ဦးနှောက် အားနည်းခြင်း ပျောက်၏။ ၃။ ဝါစေ့ နှင့် ချင်းခြောက် ကို ရေနှင့် သွေးလိမ်းသော် လိင်ဥ ရောင်ခြင်း ပျောက်၏။ ၄။ ဝါစေ့ကို ပြုတ်ငုံသော် သွားနာ သွားကိုက် ပျောက်၏။ ၅။ ဝါစေ့ကို ကြိတ်၍ မီးကင်ပြီး အပြားလေး များပြုကာ အသမာ နှင့် သွေးစုနာ များကို အုံပေး၊ ကပ်ပေး ပါက အနာများ ပျောက်၏။ အမြစ်-- ၁။ ဝါမြစ်ကို ကျက်ကျက် ပြုတ်သောက်က ဆီးပူရောဂါ နှင့် ဆီးသွားသော အခါ နာကျင်ခြင်း ပျောက်၏။ ၂။ ဝါမြစ်ခေါက် ကို ပြုတ်သောက်သော် မီးယပ် လာစဉ် သွေးလွန်သော ရောဂါ ပျောက်၏။ ၃။ ဝါမြစ်ကို ဆန်ဆေးရည် နှင့် သွေးသောက် သော် မီးယပ်ဖြူဆင်း သောရောဂါ ပျောက်၏။ အပွင့်-- ၁။ ဝါပွင့်ကို ရှာလပတ် ရည်လုပ် သောက်သော် စိတ်နောက်ခြင်း၊ ရူးသွပ်ခြင်း ပျောက်၍ စိတ်ကို ရွှင်လန်း စေသည်။ ၂။ ဝါပွင့်ကို ပြာချ၍ သိပ်ပေး ပါက အနာစိမ်း အနာစက် များ အသားနု တက်၍ ပျောက်၏။ အရွက်-- ၁။ ဝါရွက်ကို ကြိတ်ညှစ်၍ သောက်သော် အစာ မကြေ ဝမ်းသွား ရောဂါ ပျောက်၏။ [1]

ကိုးကား

  1. မော်ကွန်းတင်ပြီးမိတ္တူ 25 December 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 November 2011 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.