ဝေလမင်းသား

ဝေလမင်းသား (Prince of Wales) ဟူသောဘွဲ့သည် ဂရိတ် ဗြိတိန်နိုင်ငံတွင် အိမ်ရှေ့ဥပရာဇာ မင်းသားအား ချီးမြှင့်ရသော ဘွဲ့ဖြစ်သည်။ ဤဘွဲ့ကို ဘုရင့်သားတော် အကြီးဆုံးဖြစ်သော နန်းလျာများသာ ရရှိသည်။ သို့ သော်လည်း တစ်ခါတစ်ရံ ဝေလမင်းသားဘွဲ့ရသူ အနိစ္စရောက်သောကြောင့်သော်လည်းကောင်း၊ ဘွဲ့ကိုစွန့်သောကြောင့်သော်လည်းကောင်း၊ အခြားသား တော် တစ်ပါးပါးလက်သို့ ထိုဘွဲ့ရောက်နိုင်သည်။ အင်္ဂလိပ်ဘုရင် ပထမ အက်ဒွပ်သည် ၁၃ဝဝ ခုနှစ်တွင် ဝေလမင်းသားဟူသောဘွဲ့ကို တီထွင်ခဲ့သည်။

အက်ဒွပ်ဘုရင်သည် ဝေလနယ်ကို သိမ်းသွင်းပြီးနောက် ၁၂၈၄ ခုနှစ်တွင် ကားနာဗွန်ရဲတိုက်၌ သားတော်တစ်ယောက် ဖွားမြောက်ခဲ့သည်။ ထိုအခါ ဘုရင်က သားတော်ကို ဝေလနယ်သားတို့အတွက် အင်္ဂလိပ်စကား မပြောတတ်သော မင်းသားအဖြစ်ဖြင့် အပ်နှင်းခဲ့သည်ဟုဆိုသည်။ သားတော် ၁၇ နှစ် အရွယ်သို့ရောက်သော် ဘုရင်က ဝေလမင်းသားဟူသောဘွဲ့ကို အပ်နှင်းခဲ့သည်။ နောင်အခါတွင် ထိုမင်းသားသည် ဒုတိယအက်ဒွပ်ဘုရင် ဖြစ်လာသည်။ ထိုမင်း၏ သားတော်သည်ကား ဝေလမင်းသားဘွဲ့ကို မခံခဲ့ချေ။ သို့ရာတွင် နောင် အိမ်ရှေ့မင်းအဆက်ဆက်တို့အား ထိုဘွဲ့ဖြင့် ချီးမြှင့်ခဲ့လေသည်။

ဝေလမင်းသားဟူသောဘွဲ့သည် ဂုဏ်ထူးဆောင်ဘွဲ့ သက်သက်ဖြစ်၍ ဆက်ခံရရှိသော ဘွဲ့မဟုတ်ချေ။ ဗြိတိသျှတော်ဝင်မိသားစုအတွင်း အိမ်ရှေ့ဥပရာဇာတစ်ဦး ထွက်ပေါ်လာသောအခါ အသစ်တစ်ဖန် ပေးအပ်ချီးမြှင့်ရသော ဘွဲ့ဖြစ်သည်၊ ထီးနန်းကို စွန့်ခဲ့သော အဌမအက်ဒွပ်ဘုရင်သည် ဝေလနယ် ကားနာဗွန်ရဲတိုက်တွင် ပထမဦးဆုံး ချီးမြှင့်ခြင်းခံရသူဖြစ်သည်။ ခမည်းတော် ပဉ္စမဂျော့ဘုရင်ကိုယ်တိုင် ၁၉၁ဝ ခုနှစ်၊ ဇူလိုင်လတွင် ထိုရဲတိုက်၌ ဘွဲ့နှင်းသဘင် ဆင်ယင်ခဲ့လေသည်။[1]ယခုလက်ရှိ အင်္ဂလန်နိုင်ငံ၏ ဝေလမင်းသားဘွဲ့ခံ အိမ်ရှေ့မင်းသားမှာ ချားလ်စ် ဖြစ်သည်။

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.