သစ်ဆွေးမီးသွေး

သစ်ဆွေးမီးသွေးသည် စိမ့်မြေ၊ နုံးမြေ၊ ရွှံ့နွံများထဲတွင် နှစ်ပေါင်း ထောင်သောင်းမကသော ကာလကစ၍ တဖြည်းဖြည်း ဆွေးမြည့်လာခဲ့သည့် ရှေးဟောင်းအပင်တို့၏ အကျွင်းအကျန်များမှ အစိုင်အခဲဖွဲ့ကာ ဖြစ်ပေါ်လာခြင်း ဖြစ်လေသည်။ အဆိုပါ အပင်များတွင် ရေမှော်၊ ရေညှိ၊ ကျူပင်၊ ကိုင်းပင်၊ မြက်ပင်မှ စ၍ အလွန်ကြီးမားသော အပင်ကြီးများအထိ ပါဝင်၏။

မြန်မာနိုင်ငံ ရေကန် ရေအိုင်များရှိ ဗေဒါပင်ကဲ့သို့ ရေဖြင့် ကင်းဝေးမနေနိုင်သော ရေညှိပင်၊ ရေမှော်ပင်၊ ကျူပင်၊ ကိုင်းပင်များ အနက် အချို့အပင်များသည် အပေါ်ယံ၌ အစို့အတက် ပေါက်၍ အသက်ရှင်နေကြသော်လည်း အောက်ဘက်တွင် သေလျှက်ရှိကြ၏။ အမြစ်များသည် ရေကိုအဝစုတ်ယူလျှက် တဖြည်းဖြည်း ပုတ်ပွ ဆွေးမြည့်လာရာ အခြားအမှိုက်သရိုက်တို့နှင့် ငြိတွယ်ရောယှက်ပြီးလျှင် အစိုင်အခဲသည် ကြီးမားသည်ထက် ကြီးမားလာပြီးနောက် ရေအောက်သို့ နစ်မြုတ်သွားလေသည်။ တဖန် ရေအောက် မြေပြင်သို့ရောက်၍ ရွှံ့နွံများ စိမ်းမြေများဖြင့် ငြိတွယ်နစ်မြုတ်သွားပြန်သော အခါ လေဝင်ခြင်းမှ လုံးလုံးကင်းကာ အထပ်ထပ် ဖိနှိပ်မှုကလည်း ရှိပြန်သဖြင့် အစိုင်အခဲသည် ကျစ်လျစ်၍ လာပြန်သည်။ ထိုအတွင်း သဘာဝအလျောက် ဓာတ်ပြောင်းမှုများကလည်း ရှိပြန်သေးသည်။

ပထမ အစိုင်အခဲသည် မြက်ထွေး ကောက်ရိုးထွေးများကဲ့သို့ ဝါဖန့်ဖန့်ညိုမွဲမွဲ အရောင်ရှိ၏။ သို့ရာတွင် ရွှံ့နွံများဖြင့် ရောစပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်ကြာလတ်သော် ရွှံ့စေးနက်ကဲ့သို့ အညိုပုတ် ရောင်ဖြစ်ကာ နှစ်ပေါင်း ထောင်သောင်းမက ကြာသောအခါ သစ်ဆွေးမီးသွေးများ ဖြစ်လာလေသည်။ ထိုကြောင့် သစ်ဆွေးမီးသွေးသည် ကျောက်မီးသွေး ဖြစ်ပေါ်ရာလမ်းစဉ်တွင် ပထမဆင့် ဖြစ်သည်ဟူ၍လည်း သိအပ်ပေသည်။

အနောက်နိုင်ငံများတွင် ထိုသစ်ဆွေးမီးသွေးမျိုး ပေါများရာ အရပ်ဒေသများ၌ တောသူတောင် သားများသည် တူးဖေါ်ဖြတ်တောက်ကာ နေပူတွင်လှန်းပြီးနောက် လောင်စာအဖြစ် အသုံးပြုကြလေသည်။ သစ်ဆွေးမီးသွေးသည် ရုရှနိုင်ငံတွင် အလွန်ပေါများ၍ ယင်းတစ်နိုင်ငံတည်း၌ပင် ဧရိယာစတုရန်း မိုင်ပေါင်း ၆၅ဝဝဝ ခန့်ရှိကာ မြောက်အမေရိကတိုက် ကနေဒါနိုင်ငံတွင် စတုရန်းမိုင် ၃၇ဝဝဝ ခန့်ရှိလေသည်။ သို့သော် လူများသည် အခြားလောင်စာမရနိုင်သော နေရာများ၌သာ ယင်းတို့ကို တကူးတက ရှာဖွေ အသုံးပြုကြ၍ များစွာ မထင်ရှားချေ။ သစ်ဆွေးမီးသွေးများကို မြေလွှာအမျိုးမျိုးတွင် တွေ့ရ၏။ မြေမျက်နှာပြင်နှင့်နီးသော အလွှာတွင် တွေ့ရသော သစ်ဆွေးမီးသွေးသည် ညို၍ အောက်သို့ နက်လေလေ၊ အရောင်မှာ မည်းပြီးလျှင် ရွှံ့စေး နှင့် တူလေလေ ဖြစ်လာသည်။ မြောက်ဘက် ကမ္ဘာလုံးခြမ်းတွင် သစ်ဆွေးမီးသွေး ဖြစ်စေသော အပင်များသည် များသောအားဖြင့် ရေညှိပင်များနှင့် မှော်ပင်များဖြစ်ကြ၍ တောင်ဘက် ကမ္ဘာလုံးခြမ်းတွင်မူ ကျူပင်နှင့် ရေပေါ်ပေါက် အပင်များ ဖြစ်ကြလေသည်။ သစ်ဆွေးမီးသွေးထွက်သော တိုင်းပြည်များမှာ ရုရှနှင့် ကနေဒါနိုင်ငံတို့ အပြင် ဖင်းလန်၊ ဆွီဒင်၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဂရိ၊ ဗြိတိန်၊ အိုင်ယာလန်၊ နျူးဖောင်းလန်း၊ နော်ဝေး၊ ဩစတြီးယားနှင့် ဒိန်းမတ်နိုင်ငံတို့ ဖြစ်ကြလေသည်။

အညိုရောင်ရှိသော သစ်ဆွေးမီးသွေးသည် ပေါ့၍ အရည်ကိုစုတ်သော သတ္တိရှိ၏။ ထိုသစ် ဆွေးမီးသွေးကို မြင်းများ ကျွဲ နွားများအတွက် အိပ်ရာအဖြစ် အသုံးပြုကြသည့်ပြင် သကာ တင်လဲ တို့နှင့်ရောစပ်၍လည်း ကျွဲစာ၊ နွားစာများအဖြစ် အသုံးပြုကြသည်။ သစ်ဆွေးမီးသွေး အမည်းတွင် နိုက်တြိုဂျင်ဓာတ် အများအပြား ပါဝင်သဖြင့် မြေဩဇာအဖြစ်နှင့်လည်း အသုံးပြုကြလေသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.