သပိတ်

ရဟန်းတော်တို့၏ အသုံးအဆောင်၊ ပရိက္ခရာ ရှစ်ပါးတွင် သပိတ်သည်အပါအဝင်ဖြစ်၏။ မည်သည့်သပိတ်မျိုးကို ကိုင်တွယ်သုံးဆောင်ရမည်ဟု မပညတ်မသတ်မှတ်မီအခါ ကရဟန်းတော်များသည်လူတို့၏ အသုံးအဆောင်ဖြစ်သည့် အမျိုးမျိုးသောသပိတ်တို့ကို ကိုင်တွယ်သုံးဆောင်ကြသည်။ ထိုကြောင့် ဘုရားရှင်သည် ၁၁ လုံးသောသစ်သား၊ ရွှေ၊ ငွေ၊ ပတ္တမြား၊ ကျောက်မျက်ရွဲ၊ ဖန်၊ ကြေးဖြူ၊ စဉ့်၊လွဲဖြူ၊ သလွဲမည်း၊ ကြေးနီ သပိတ်တို့ကိုပယ်မြစ်၍ မြေသပိတ် နှင့်သံသပိတ် တို့ကိုသာ ခွင့်ပြုတော်မူသည်။

ပုဂံရှိ ဘုရားတစ်ဆူတွင် မြင်တွေ့ရသည့် သပိတ်များ

သပိတ်

ရဟန်းတော်တို့သည် ဆွမ်း စသော အာဟာရတို့ကို ခံယူသုံးဆောင်ခြင်းငှာအပ် သောသပိတ်သည် မြေသပိတ်၊ သံသပိတ်ဟုနှစ်မျိုးရှိသည်။ ယင်းသပိတ် တို့သည် အဆင်းအရောင်လုံလောက်မှသာ အဓိဋ္ဌာန်၊ ဝိကပ္ပနာ လောက်သည် ဖြစ်၍သပိတ်အရာဝင်သည်။ သပိတ်သည်

  1. သပိတ်ကြီး၊
  2. သပိတ်လတ်၊
  3. သပိတ်ငယ်ဟူ၍ မူရင်းအားဖြင့် သုံးလုံးရှိသည်။


ထိုတွင် သပိတ်ကြီးသည် (က)သပိတ်ကြီး ထက်ကြီးသောသပိတ်၊ (ခ)သပိတ်ကြီး။ (ဂ)သပိတ် ကြီးအောက်ငယ်သောသပိတ်ဟူ၍သုံးလုံး။ ထို့အတူသပိတ်လတ်သည်လည်း (က)သပိတ်လတ်ထက်ကြီး သောသပိတ်။ (ခ)သပိတ်လတ်၊ (ဂ)သပိတ်လတ် အောက်ငယ်သောသပိတ်ဟူ၍သုံးလုံး။ သပိတ်ငယ် သည်လည်း (က)သပိတ်ငယ်ထက်ကြီးသောသပိတ်၊ (ခ)သပိတ်ငယ်၊ (ဂ)သပိတ်ငယ်အောက်ငယ်သောသပိတ်ဟူ၍ သုံးလုံးစီ ရှိကြသည်။

သို့ဖြစ်၍ သပိတ်သည်ကိုးလုံးရှိသည်။အရွယ်ပမာဏအားဖြင့်ချက်ပြီးထမင်း ဟင်းအစုံသုံးစလယ်မလျော့ မပိုဝင်ဆံ့သောသပိတ်သည် သပိတ်ငယ်မည်သည်။ ဤအချင့်ကိုမူတည်၍ ချက်ပြီးထမင်းဟင်း စုံသုံးစလယ်ထည့်သောအခါ လျော့ဟောက်နေလျင် အငယ်ထက် ကြီးသောသပိတ်၊ ပိုမောက်နေလျှင် အငယ့်အောက် ငယ်သော သပိတ်မည်သည်။ ချက်ပြီး ထမင်းဟင်းအစုံတစ်ပြည့်တစ်ခွက် (သုံးခွက်) မလျှော့မပိုဝင်ဆံ့သောသပိတ်သည် သပိတ်လတ်မည်သည်။ ဤအချင့်ကိုမူတည်၍ ဤချက်ပြီးထမင်းဟင်း အစုံထည့်သောအခါ လျော့ဟောက်နေလျှင်အလတ်ထက်ကြီး သောသပိတ်၊ ပိုမောက်နေလျှင် အလတ်အောက်ငယ်သော သပိတ်မည်သည်။ ချက်ပြီးထမင်းဟင်း အစုံသုံးပြည်ဝင်ဆံ့သော သပိတ်သည် သပိတ်ကြီးမည်သည်။

ဤအချင့်ကိုမူတည်၍ချက် ပြီးထမင်းဟင်းအစုံသုံးပြည် ထည့်သောအခါ လျော့ဟောက်နေလျှင် အကြီးထက် ကြီးသောသပိတ်၊ ပိုမောက်နေလျှင်အကြီး အောက်ငယ်သော သပိတ်မည်သည်။ သပိတ်ကိုးလုံးအနက်အငယ်ဆုံး (အငယ့်အောက်အငယ်)နှင့်အကြီးဆုံး (အကြီးထက် အကြီး) သပိတ်နှစ်လုံးသည် အဓိဌာန်ဝိကပ္ပနာ၊ပြုခွင့်မရှိသော ကြောင့်သပိတ် အရာမဝင်၊ သာမန်ခွက်အဖြစ်ဖြင့် သာသုံးစွဲအပ်သည်၊ သပိတ်သည် အမျိုးအစားအားဖြင့် မြေသပိတ်၊သံသပိတ်နှစ်မျိုးသာအပ်သည်။ အရောင်အဆင်းမှာဖြူကြောင်ကြောင် အရောင်အဆင်းမရှိစေဘဲ၊ ရဟန်း တို့အား လျောက်ပတ်သောညိုမှောင်မှောင်အရောင်အဆင်း ရှိစေရမည်။ ဤရည်ရွယ်ချက်ဖြင့် မြေသပိတ်ကိုနှစ်ကြိမ်မီးဖုတ်၍၊ သံသပိတ်ကို ငါးကြိမ်မီးဖုတ်ရမည်ဟု အဌကထာ တို့၌ဆိုသည်။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.