သိန်း၊ ဆရာ၊ မှော်ဘီ
ဦးဖိုးသိန်းကို ဗြိတိသျှ(အောက်) မြန်မာနိုင်ငံအတွင်း ဟံသာဝတီ စီရင်စုအပိုင် (မှော်ဘီမြို့အနီးရှိ) မင်းရွာ၌ ဦးရွှေကြူနှင့် ဒေါ်ငွေ တို့မှ ခရစ် ၁၈၆၂ - ခုနှစ်(မြန်မာ ၁၂၂၃ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၂ - ရက် တနင်းလာနေ့) မွေးဖွားပါသည်။ ညီအစ်ကို သုံးယောက်(ဖိုးငြိမ်း၊ဖိုးသိန်း၊ ပန်းဦး ) နှင့် နှမ မအုန်းပွင့်ဟူ၍ ရှိပါသည်။
ရပ်ရွာအတွင်းရှိ ကိုရွှေမိတ် ဆိုသူထံတွင် စာသင်ကြားရာ သင်ပုန်းကြီး ကုန်ခဲ့သည်။ ထို့နောက် ဦးဝိုက် ဆိုသူထံတွင် မင်္ဂလသုတ်၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း၊ ရတနာရွှေချိုင့် စသော ဘာသာရေးသင်ရိုးကို (၃) လခန့် သင်ကြားရပြန်သည်။ ထို့နောက်တွင် မင်းရွှာ ကန်ကုန်းကျောင်းသစ်ရှိ ဦးဝဏ္ဏထံမှ ပရိတ်ကြီ:နှင့် ဇာတ်အဋ္ဌကထာနိသျများကို ဆည်းပူးသည်။
အသက် (၁၆) နှစ်ရှိသောအခါ ဦးလေးနှင့် အစ်ကို ဖိုးငြိမ်းတို့၏ ပို့ဆောင်ပေးမှုကြောင့် သန်လျင်သို့ ရောက်သွားသည်။ ထို့နောက်တွင် ညောင်ဝိုင်းကျောင်း (သိမ်ကျောင်း) ရှိ ဦးနန္ဒမာလာထံတွင် ထပ်မံ၍ စာပေများကို လေ့လာခွင့် ရသည်။ ဦ:ပုည၏ စာများကို အရကျက်ထားသဖြင့် လူသူပရိသတ်ရှေ့၌ သံနေသံထားနှင့် တရားဟောရာ နာမည်ရလာသည်။ မန္တလေးသို့ သွားရောက်၍ စာပေဆက်လက်ဆည်းပူးရန် အားထုတ်ရာ အခွင့်မသာ၌ ရှင်လိင်ပြန်ခဲ့သည်။
ကြေးတိုင်စာရေးကြီ: ဦးတူထံတွင် ခေတ်သစ်ဂဏန်းသင်္ချာကို သင်ယူပြီ: ကြေးတိုင်ဝန် ပဲရော့ ထံတွင် စားပွဲထိုးအဖြစ် အလုပ်လုပ်သည်။ ပဲရော့က သဘောကျ၍ ၁၈၈၀−ခုနှစ်၊ ဧပြီလ ၁၅−ရက်နေ့တွင် လျှောက်လွှာစာရေးအဖြစ် ခန့်အပ်ခြင်းခံရသည်။
၁၈၈၄−ခုနှစ်တွင် ကြေးတိုင်အလုပ် ပြီးသော် ကြေးတိုင်မြို့အုပ် ဦးသာကင်းနှင့်အတူ အင်္ဂပူသို့ လိုက်ပါသွားပြီး တံဆိပ်ခေါင်းရောင်းသည့်အလုပ်ကို လုပ်ကိုင်သည်။
၁၈၈၅-ခုနှစ်၊ မတ်လ ၁၈-ရက်နေ့တွင် မှော်ဘီမြို့အုပ်ရုံးတွင် ဒု-စာရေးအလုပ်ကို သူစလုပ်လေသည်။
ခရစ် ၁၈၉၆-ခုနှစ်၊ (မြန်မာ ၁၂၅၇ခုနှစ်) နှစ်တွင် သူသည် ကွမ်းခြံကုန်းမြို့အုပ်ရုံးသို့ ပြောင်းရွှေ့၍ စာရေးလုပ်ရသည်။
၁၉ဝ၈-ခုနှစ် တွင် ကိုဖိုးသိန်းသည် စတူးဝပ်ကို စာပေဗဟုသုတ သင်ပေးရင်း၊ စတူးဝပ်၏အိမ်တွင် သွားနေခဲ့ရသည်။
၁၉၁၆-ခုနှစ်(ပထမကမ္ဘာစစ်ကြီးအတွင်း)တွင် ပညာရေးဌာနက မြန်မာစာညွန့်ပေါင်း စုဆောင်းရေး အကြံပေးဘုတ်အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ လေသည်။ တာဝန်ခံအယ်ဒီတာမှာ အငြိမ်းစား အရေးပိုင် ဦးကျော်ဒွန်းဖြစ်လေသည်။ ဦးကျော်ဒွန်းသည် ဆရာသိန်း(ဦးဖိုးသိန်း)နှင့် ဆရာဦးသန့်စင်တို့ကို လက်ထောက်အယ်ဒီတာများအဖြစ်ခန့်အပ်ခဲ့လေသည်။
၁၉၄၂-ခုနှစ်၊ ဇန်နဝါရီလ ၁-ရက် (မြန်မာ ၁၃ဝ၃-ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁-ရက်) ညအချိန်တွင် ရုတ်တရက် ကွယ်လွန်သည်။
ဆရာဖိုးသိန်း၏ စာပေလက်ရာများ
- သူရိယမဂ္ဂဇင်းတွင် ဆက်တိုက်ရေးနေသော ဇာတ်သဘင် အကြောင်း၊ ပြဇာတ်စာပေအကြောင်း ဆောင်းပါးများ။
- တိုးတက်ရေးမဂ္ဂဇင်းနှင့် ဆယ်သန်းဂျာနယ်များတွင် ရေးနေသော ကြီးပွားရေးလမ်းပြ ဆောင်းပါးများ။
- ရန်ကုန်အနီးတဝိုက်ရှိ ကျိုက်ခေါက်၊ ကျိုက်က္ကဆံ၊ ကျောက်ဝိုင်းလိုဘုရားသမိုင်းများ။
- အရူးလွယ်အိတ်စာအုပ်မျိုးတွင်ပါသော မတော်မတဲ့ ကဗျာ အချိုးများ၊ ဉာဏ်စွမ်းပြအဖွဲ့အနွဲ့များ၊ ပြဇာတ်စကားများ
- ရှေးဖြစ်စာတန်းနှင့် ရှေးဟောင်းရှေးဖြစ်စာတန်းလိုစာအုပ်များတွင် ပါသောမောင်းထောင်၊ ကျော်အောင်စံထား၊ သဲအင်း၊ မင်းအို၊ဆုံထား၊ ဘားမဲ့စသော ဆရာတော် တေရုပ္ပတ္တိများ။
- နှောင်းဖြစ်စာတန်း စာအုပ်မျိုးတွင် ပါသောမိဖုရား မမြလေးအကြောင်း၊ မော်ကွန်းအကြောင်း စသော တိုလီမိုလီအကြောင်းအရာများ။
- ဝန်ကြီး မှူးကြီးများ၊ ပညာရှိကြီးများလိုစာအုပ်များတွင်ပါသော ယောအတွင်းဝန် ဦးဘိုးလှိုင်၊ ပခန်းမင်းကြီး ဦးရန်ဝေး၊ ဖိုးသူတော် ဦးမင်း၊ လူဦးမင်း၊ ပိဋကတ်တော်အုပ် ဦးယံစသော မှူးမတ်ပညာရှိအတ္ထုပ္ပတ္တိများ။
- ဟင်းလေးအိုးစာအုပ်မျိုးတွင် ပါသော ဆရာသိန်းကိုယ်တိုင်သိ ရှေ့နေထူးအကြောင်း အတ္ထုပ္ပတ္တိများ၊ ဆရာသိန်း တစ်ဆင့်ကြား စေးနဲသော ဘုန်းကြီးအကြောင်း၊ <ကြွားတတ်သော ကြေးထမ်းကြီးအကြောင်းအတ္ထုပ္ပတ္တိဆောင်းပါးများ။
- ၁၉၃၆-ခုနှစ်ထုတ် ဘိန်းရာဇာကွမ်းပုံကုမ္မာ ပြဇာတ်တွင်ပါသော မှတ်ချက်စာ စသည့်ဖြစ်လေသည်။
ကိုးကားချက်
- (ဂန္ထဝင်စာဆို ပညာရှိလေးဦး - တိုက်စိုး)
- (မှော်ပီ ဆရာသိန်း − တိုက်စိုး)