သီးဗီးမြို့

သီးဗီးမြို့ (အင်္ဂလိပ်: Thebes; အင်္ဂလိပ် /သီးဘ်ဇ်/ , ဂရိ /သီးဗာ/ ) ရှေးဂရိနိုင်ငံသမိုင်းတွင် ထင်ရှားကျော်စောသော မြို့ကြီးတစ်မြို့ဖြစ်သည်။ မြို့ပြ ပုံပြင်များအရ သီးဗီးမြို့ကိုဖီနီရှန်ဘုရင်အေဂျီနော့၏ သားတော်ကက်ဒမတ်ဆိုသူက ဘီစီ ၁၅ဝဝ ခန့်က စတင် တည်ထောင်ခဲ့သည်ဟုဆိုသည်။ ရှေးအခါက တံခါးခုနစ်ပေါက် ရှိသော တံတိုင်းကာသည့် မြို့ကြီးဟုထင်ရှားခဲ့၍ ဂရိနိုင်ငံ၏ ထိ်ပ်သီးမြို့ကြီးဖြစ်ခဲ့သည်ဟု ဆိုသော်လည်း ယခုအခါတွင် လူဦးရေ ၃၅ဝဝ ခန့်မျှသာနေထိုင်သည့် သီဗေးဟုတွင်သော မြို့ငယ်ကလေး တစ်မြို့သာဖြစ်သည်။

သီဗီးမြို့သည် ဂရိနိုင်ငံအရှေ့ပိုင်း ဗီအိုးရှားနယ်၏ အလယ်တွင်တည်ရှိသည်။ ဖာဂါတောင်၏ တောင်ဘက်ရှိ ကုန်းမြင့်ပေါ်၌ တည်ရှိ၍ အက်သင်းမြို့မြောက်ဘက် မိုင် ၄ဝကွာဝေးသည်။ အက်သင်းမြို့မှလာသည့် လမ်းနှင့် ကောရင့်ကွေ့မှ ယူရီပေါ့ရေလက်ကြားသို့ ဆက်သွယ် ဖောက်လုပ်ထားသောလမ်းတို့သည် သီးဗီးမြို့ကို ဖြတ်သွားလေသည်။ သီးဗီးမြို့၏သမိုင်းသည် များသောအားဖြင့် ပုံပြင်များသဖွယ်သာ ဖြစ်သည်။ ခရစ်မပေါ်မီနှစ် ပေါင်းများစွာမှ၍ ဗီအိုးရှားနယ်၏အထင်ရှားဆုံး မြို့ကြီးဖြစ်ခဲ့သည်။ ဂရိနိုင်ငံသို့မြောက်ပိုင်းသားများ ဝင်ရောက်တိုက်ခိုက်လာစဉ်က သီးဗီးမြို့နှင့် ယင်း၏ ပတ်ဝန်းကျင်၌ အများအပြား အခြေစိုက်နေထိုင်ခဲ့ကြ၏။ ထိုအချိန်က သီးဗီးမြို့တော်သည် တန်ခိုးကြီးခိုက်ဖြစ်၍ စစ်အင်အားတောင့်တင်းအောင် စုဆောင်းဖွဲ့စည်းကာ အခြားမြို့ကြီးများအပေါ်၌ 0x100သဇာအာဏာလွှမ်းမိုးရေးကို အားထုတ်ခဲ့လေသည်။ ဘီစီခြောက်ရာစုခန့်သို့ ရောက်သောအခါ သီးဗီးမြို့နှင့်အက်သင်းမြို့တို့သည် အပြိုင်ဖြစ်လာကာ တစ်မြို့က တစ်မြို့ကိုနှိမ်နင်းရန် ချက်ကောင်းစောင့်နေကြလေသည်။ ဘီစီ ၄ရ၉ ခုနှစ်တွင် ဖြစ်ပွားသော ပလာ တီယာ တိုက်ပွဲ၌မူ အက်သင်းတို့အရေးသာသဖြင့် အီရန်တို့ဖက်မှဝင်ကူသော သီးဗီးမြို့သည် ထိပ်တန်းမြို့်ကြီးအဖြစ်မှ ကျဆင်းခဲ့လေသည်။

ထိုအခါတွင်အင်သင်းတို့၏ရန်သူများဖြစ်ကြသော စပါးတားတို့သည် သီးဗီးနှင့်ပူးပေါင်း၍ အားပေးကူညီခဲ့ကြ သည်။ သီးဗီးအား ဗီအိုရှားပြည်နယ်၏ မြို့တော်ကြီးအဖြစ် အသိအမှတ်ပြုကြသည်။ အခြားမြို့များကိုသိမ်းယူရာ၌ စစ်သည်အင်အားဖြင့်ကူညီခဲ့သည်။ အက်သင်းတို့သည်လည်း မြို့နယ်ကလေးများဘက်မှ ပါဝင်ကာ အပြင်းအထန်တိုက်ခဲ့ကြ ၏။ ဤသိုလျှင်သီးဗီးနှင့် အက်သင်းတို့သည်ရန်သူကြီးများ ဖြစ်လာကြရာ ဘီစီ ၄၅ရ မှ ၄၄ရ ခုနှစ်အတွင်း သီးဗီးမြို့မှ တစ်ပါးဗီအိုရှားပြည်နယ်အလုံးကို အက်သင်းတို့ နှိမ်နင်း ခြေမှုန်းနိုင်ခဲ့လေသည်။ စပါးတားတို့နှင့်ခိုင်မြဲသော မဟာမိတ် အဖြစ်ဖြင့် သီးဗီးတို့ကလည်း အက်သင်းတို့အား အလျှော့ပေးသည်ဟူ၍ မရှိခဲ့ချေ။ သို့ဖြင့်ပယ်လိုပွန်နီရှင်း စစ်ပွဲကြီးဖြစ် လာလေသည်။

ထိုစစ်ပွဲကြီးတွင်သီးဗီးတို့သည် စပါးတားတို့ဘက်မှ ဝင်ရောက်ကူညီရာ အရေးသာပြန်သဖြင့် ဘီစီ ၄၂၃ခုနှစ်တွင် ပလာတီယာမြို့ကိုဖျက်ဆီးပစ်ခဲ့ကြသည်။ ထိုစစ်ပွဲကြီး ပြီးဆုံးသွားသောအခါ အက်သင်းတို့ လုံးဝရှုံးနိမ့်သွားပြီး နောက်သီးဗီးတို့ အင်အားအကြီးဆုံးဖြစ်၍ ကျန်ရစ်သည်။ ထိုအခါတွင် ဗီအိုရှားပြည်နယ်ရှိမြို့များကို ထိန်းသိမ်း အုပ် ချုပ်ရေးတွင် သီးဗီးနှင့်စပါးတားတို့ တစ်ဖက်တစ်လမ်းစီ ဖြစ်ကာ မဟာမိတ်ပျက်လေသည်။ သီးဗီးသည်အင်အားရှိနေခိုက်ဖြစ်၍ စပါးတား တို့ကလည်း စိုးရိမ်မကင်းဖြစ်ရကား သီးဗီးကိုနှိမ်နင်းအားထုတ် ကြသည်။ နောက်ဆုံးတွင် သီးဗီးနှင့်စပါးတားတို့ ကော်ရင့်သီယန်စစ်ပွဲ၌ ယှဉ်ပြိုင်တိုက်ကြလေသည်။ ပထမတွင် စပါးတားတို့အရေးသာမည့် ဟန်ရှိခဲ့သော်လည်း သီးဗီးခေါင်းဆောင် ကောင်းဖြစ်သော အီပါမီနွန်းဒတ်နှင့် ပယ်လိုပီဒတ်တို့၏အစွမ်းကြောင့် စပါးတားကို ဘိီစီ ၃ရ၁ ခုတွင် အပြီးသတ်နှိမ်နင်းနိုင်ကြလေသည်။

ဤသို့ရန်အပေါင်းကိုနှိမ်နင်းပြီးသောအခါ သီးဗီးသည် တန်ခိုးအကြီးဆုံး ဖြစ်လာသော်လည်း အင်ပါယာနိုင်ငံတစ်ခု တည်ဆောက်ရန်ကားမတတ်နိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သီးဗီး၏ အကာအကွယ်ကိုရရှိထားသော မြို့အချို့သည် အမြဲတစေ သီးဗီးတို့၏လက်အောက်၌ မနေချင်သောကြောင့်ဖြစ်လေသည်။ ထိုအခါတွင် အက်သင်းတို့ အင်အားပြန်လည် စုဆောင်းခွင့်ရလာပြန်ပြီးလျှင် သီးဗီးနှင့် ရန်စဟောင်းလည်းပြန်၍ အသစ်ဖြစ်ခဲ့ပြန်လေသည်။ ထိုသို့ရှိစဉ် ဘီစီ ၃၆၂ခုနှစ်၌ သီးဗီးခေါင်းဆောင်ကြီးအီပါမီနွန်းဒတ် ကွယ်လွန်လေရာသီးဗီးမှတအားငယ်ရုံမက တန်ခိုး အာဏာများလည်း ယုတ်လျော့၍ ဒုတိယတန်းမြို့ကြီးအဖြစ်သို့ သက်ဆင်းခဲ့ရလေသည်။

ဘီစီ၃၃၈ ခုနှစ်တွင် မက်ဆီဒိုးနီးယားဘုရင် ဖိလစ်သည် ဂရိကိုတိုက်ခိုက် ထိပါးလာလေသည်။ ထိုအခါသီးဗီး သည်အက်သင်းနှင့် မဟာမိတ်ပြု၍ ဖိလစ်၏အင်အားကြီးမားလှသော စစ်တပ်များကိုခုခံရသည်။ သို့သော်နောက်ဆုံးရှာ ရိုးနီးယားတိုက်ပွဲ၌ အရေးရှုံးနိမ့်သဖြင့် ဖိလစ်၏လက်အောက်ခံအဖြစ်သို့ ရောက်ခဲ့လေသည်။ ထိုနောက်မက်ဆီဒိုးနီး ယားအင်ပါယာ၏ ဧကရာဇ် အက်လက်ဇန္ဒာဘုရင်လက်ထက်တွင် သီးဗီးတို့ ပုန်ကန်ကြသောကြောင့် သီးဗီးမြို့သည်ချေမှုန်း ဖျက်ဆီးခြင်းခံခဲ့ရလေ၏။ ထိုအခါမှစ၍ သီးဗီး မြို့ကြီးသည် မြို့ငယ်ကလေးအဖြစ်ကျရောက်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်လေသည်။

သီးဗီးမြို့ဟူသောအမည်ဖြင့် ထင်ရှားသော အခြား ရှေးဟောင်းမြို့ကြီးတစ်မြို့ကား အီဂျစ်နိုင်ငံနိုင်းမြစ်ကမ်းပေါ်၌ ကိုင်ရိုမြို့၏အရှေ့တောင်ဘက်မိုင် ၄၅ဝ အကွာတွင် တည်ရှိခဲ့သည်၊ ယခုထိုမြို့ဟောင်းနေရာ တွင်ကားနက်နှင့် လတ်ဇောရွာကြီး နှစ်ရွာတည်ရှိသည်။ သီးဗီးမြို့သည်ဘီစီ ၁၅၈ဝ မှ ၁ဝ၉ဝ ပြည့်နှစ်များအတွင်းက အီဂျစ်နိုင်ငံစစ်သူကြီး ခေတ်၌ မြို့တော်ကြီးဖြစ်၍ အရောင်းအဝယ်ဘက်၌ လည်းကောင်း၊ အဆောက်အအုံများဘက်၌လည်းကောင်း ကြီးကျယ်စည်ကားခဲ့လေသည်။ ယခုအခါခမ်းနားကြီးကျယ်သော အဆောက်အအုံပျက်တို့ဖြင့် ပြည့်နှက်လျက်ရှိသည်။ ယင်းတို့အနက်ကာနက်ရှိ ခန်းဆောင်ကြီးနှင့်လတ်ဇောရှိ အမွန်တန်ဆောင်းတို့ကိုဆက်ထားသော စဖင့်ရုပ် တန်းကြီးကား ကျော်ကြားလှသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.