သောဏာထေရီ

သောဏာထေရီ သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ဧတဒဂ်ရ ရဟန်းမိန်းမတစ်ပါး ဖြစ်သည်။ သောဏာထေရီသည် ထက်သန်သောလုံ့လရှိသည့်အရာတွင် မြတ်စွာဘုရားက ဧတဒဂ် ပေးတော်မူခဲ့သည်။[1]

ဘဝဇာတ်ကြောင်း

ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းအထက်တွင် ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်၏။ ထိုမြတ်စွာဘုရားလက်ထက်တွင် သောဏာထေရီသည် သူဌေးမျိုး၌ ဖြစ်၏။ ထိုဘုရားထံတွင်ပင် တရားတို့ကို နာကြား၏။ ထိုအချိန်တွင် မြတ်စွာဘုရားသည် ရဟန်းမတစ်ဦးအား လုံ့လထက်သန်သော အရာတွင် ဧတဒဂ်ထားတော်မူ၏။

ထိုသို့ ဧတဒဂ်ပေးသည်ကို သောဏာထေရီသည် မြင်လေ၍ မြတ်စွာဘုရားအား ကောင်းမှုကို ပြု၏။ ထို့နောက် ထိုကဲ့သို့ ဧတဒဂ်ရရန် ဆုတောင်း၏။ ပဒုမုတ္တရမြတ်စွာဘုရားလည်း ဂေါတမအမည်ရှိသည့် ဘုရားလက်ထက်တွင် “သောဏာ” ဟူသော အမည်ဖြင့် ထင်ရှားသည့် တပည့်သာဝိကာမ ဖြစ်မည်ဟု မိန့်တော်မူ၏။

ထိုသို့ ပြုခဲ့သည့် ကောင်းမှုကုသိုလ်ကံတို့ကြောင့် သေလွန်သော် တာဝတိံသာ နတ်ပြည်သို့ ရောက်၏။

ရဟန်းပြုခြင်း

နောက်ဆုံးဘဝသို့ ရောက်သော် သာဝတ္ထိပြည်တွင် သူဌေးမျိုး၌ ဖြစ်၏။ အရွယ်ရောက်သော် အိမ်ထောင်ပြု၏။ ထို့နောက် သားသမီးဆယ်ဦး ဖွားမြင်၏။ လင်ယောက်ျားဖြစ်သူသည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းအဖြစ် ဝင်ရောက်၏။ ထို့နောက် သောဏာထေရီသည်လည်း သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့၏။

ဧတဒဂ်ရခြင်း

တစ်ခုသောအခါတွင် ရဟန်းမိန်းမတို့သည် သောဏာထေရီ ရေကိုနွေးစေရန် ကျိုချက်စေကာ ထွက်သွား၏။ထိုအခါ သောဏာထေရီသည် စိတ်ကို ကောင်းစွာဆောက်တည်၍ အာသဝေါကုန်ခမ်း ရဟန္တာမ ဖြစ်လေ၏။

ရဟန်းမိန်းမတို့သည် ပြန်လာ၍ ရေနွေးမေး၏။ ထိုအခါ သောဏာထေရီသည် တေဇောဓာတ်ကို အဓိဋ္ဌာန်၍ ရေကို လျှင်မြန်စွာ နွေးစေ၏။

ထိုအခါ ရဟန်းမိန်းမတို့သည် အံ့ဩကြကုန်လျက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။ ထိုအခါ မြတ်စွာဘုရားသည် အောက်ပါအတိုင်း မိန့်တော်မူ၏။

အကြင်သူသည် ပျင်းရိယုတ်လျော့သော လုံ့လရှိလျက် အနှစ်တစ်ရာပတ်လုံး အသက်ရှင်။ ထိုသူထက် ဝီရိယကို မြဲမြံစွာ အားထုတ်သူ၏ တစ်ရက်မျှ အသက်ရှင်ခြင်းက မြတ်၏။

ထို့နောက် မြတ်စွာဘုရားသည် သောဏာထေရီကို ဧတဒဂ် ပေးတော်မူ၏။

ကိုးကား

  1. ခုဒ္ဒကနိကာယ်၊ ထေရီအပဒါန်ပါဠိတော်၊ ကုဏ္ဍလကေသီဝဂ်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.