သံဃာ

သံဃာဆိုသည်မှာ အယူသီလ တူမျှသော ပုဂ္ဂိုလ်အပေါင်းအစုကို ဆိုသည်။ ယင်းသံဃာရဟန်းသည်လည်း (၁)ဒက္ခိဏေယျသံဃာ (၂)သမ္မုတိသံဃာ ဟူ၍နှစ်မျိုးရှိသည်။

ယင်းနှစ်မျိုးတို့တွင် သောတာပတ္တိမဂ်ပုဂ္ဂိုလ်၊ သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်တစုံ၊ သကဒါဂါမိမဂ်ပုဂ္ဂိုလ်၊ သကဒါဂါမိဖိုလ်ပုဂ္ဂိုလ်တစ်စုံ၊ အနာဂါမိမဂ်ပုဂ္ဂိုလ်၊ အနာဂါမိဖိုလ်ပုဂ္ဂိုလ်တစ်စုံ၊ အရဟတ္တမဂ်ပုဂ္ဂိုလ်၊ အရဟတ္တဖိုလ်ပုဂ္ဂိုလ်တစ်စုံ၊ ဤသို့အစုံအားဖြင့်လေးစုံ၊ အရေအတွက်အားဖြင့် ရှစ်ပါးသော အရိယာပုဂ္ဂိုလ်အပေါင်းအစုကား ဒက္ခိနေယျသံဃာ ဖြစ်သည်။

အရိယသံဃာ၏ အနွယ်အဆက်ဖြစ်၍ ဉာတ်တစ်ကြိမ်၊ ကမ္မဝါသုံးကြိမ်၊ ဉာတ္တိစတုတ္ထကံဖြင့် ရဟန်းဖြစ်၍နေကြသော ရဟန်းအပေါင်းအစုကား သမ္မုတိသံဃာဖြစ်သည်။ ယင်းသမ္မုတိသံဃာသည်လည်း ဝိနည်းဒေသနာတော်အရ ပြုလုပ်ဆောင်ရွက်ရသော ဝိနည်းကံ၏အစွမ်းအားဖြင့် ....

(၁) စတုဝဂ်သံဃာ = လေးပါးစုသံဃာ၊
(၂) ပဉ္စဝဂ် သံဃာ = ငါးပါးစုသံဃာ၊
(၃) ဒသဝဂ်သံဃာ = ဆယ်ပါးစုသံဃာ၊
(၄) ဝီသတိဝဂ် သံဃာ = နှစ်ဆယ်စုသံဃာ၊
(၅) တိရေက ဝီသတိဝဂ်သံဃာ = နှစ်ဆယ်ထက်ပိုလွန်သော အများစုသံဃာဟူ၍ငါးပါးရှိသည်။
ဤလေးပါးစုစသော သံဃာသည် မိမိတို့နှင့် သက်ဆိုင်ရာ ဝိနည်းကံများကို ပြုလုပ်ဆောင်ရွက်ရသည်။

ဗုဒ္ဓဘာသာရဟန်းများ သင်ကြားလေ့ကျင့်ရသော သိက္ခာပုဒ်များ ရှိလေသည်။

သံဃဂုဏ်တော်ကိုးပါး.....

(၁) အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာသုံးပါးကိုကောင်းစွာကျင့်ခြင်း၊
(၂) အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာသုံးပါးကိုဖြောင့်မတ်စွာကျင့်ခြင်း၊
(၃) အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာသုံးပါးကိုသင့်လျော်စွာကျင့်ခြင်း၊
(၄) အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာသုံးပါးကိုရိုသေစွာကျင့်ခြင်း၊
(၅) ဧည့်သည်အတွက်ထားသောအလှူဝတ္ထုကို ခံယူထိုက်ခြင်း၊
(၆) လက်ဆောင်အတွက်ထားသောအလှူဝတ္ထုကို ခံယူထိုက်ခြင်း၊
(၇) တမလွန်ကျိုးအတွက်ပြုအပ်သောမြတ်သော အလှူဝတ္ထုကို ခံယူထိုက်ခြင်း၊
(၈) လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့လက်အုပ်ချီမိုး ရှိခိုးခြင်းကိုခံယူထိုက်ခြင်း၊
(၉) အတုမရှိမြတ်သောကောင်းမှု၏စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်ခြင်း
ဟူ၍သံဃဂုဏ်တော်ကိုးပါးရှိလေသည်။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.