သွေး
သွေး ကို လူတိုင်း ကြီးကြီးငယ်ငယ် မြင်ဖူးကြ၏။ ကျွန်ုပ်တို့၏ခန္ဓာကိုယ် အရေပြားကိုခြစ်မိသည့်အခါဖြစ်စေ၊ ဓားရှမိသည့်အခါဖြစ်စေ ယိုထွက်လာသော နီမြန်းသည့်ခပ်စေးစေး အရည်သည် သွေးပင်ဖြစ်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသည် အစာအတွက်သွေးကိုအမှီပြုနေ ရ၏။ ပေါင်တစ်ရာ အလေးချိန်ရှိသော ကျန်းမာသောလူတစ်ယောက်တွင် သွေးခုနစ်ပေါင်ကျော်ခန့်ရှိ၏ သွေးထဲတွင်ရှိသော ကုဋေတစ်သိန်းကျော် အရည်အတွက်ရှိသော ဆဲလ်တို့သည် နေ့စဉ်ပျက်၍နေ့စဉ် ဖြစ်ပေါ်လျှက်ရှိကြသည်။
လူ့ခန္ဓာကိုယ်တွင်ရှိသော အရည်များအားလုံးသည် သွေးကိုဖြတ်သန်းသွား၍လူတစ်ကိုယ်လုံးတွင်ရေသည် ဆယ်ပုံပုံ ကိုးပုံကျော်ကျော်ခန့်ရှိသည်။ သို့ပင်များသော်လည်း သွေးကား တစ်ကွတ်ဝင်ပုလင်းနှင့်ငါးပုလင်းမှ ခြောက်ပုလင်းအထိ မှန်မှန်ရှိအောင်ပြုပြင်ထိန်းသိမ်းသွားနိုင်သည်။ သွေးသည်ပလာစမာခေါ် အရည်ထဲတွင်ပေါလောမျှောနေသော အလွန်များပြားသည့် ဆဲများအဖြစ်ဖြင့်ရှိကြသည်။ သွေးတစ်ဝက်လောက်သည် ဆဲများဖြစ်ကြသည်။ သွေးတွင်ရှိသောဆဲများကိုစုစည်းလိုက်လျှင်အသည်းလောက်ကြီး သည်အစိုင်အခဲတစ်ခုဖြစ်လာနိုင်သည်။
ဤဆဲများသည် အလွန်သေးငယ်ရကား ဆဲပေါင်း ၆ဝဝဝဝလောက်ကို တွယ်အပ်ထိပ်တွင်တင် ထားနိုင်ဖွယ်ရာရှိသည်။ သွေးတစ်ကုဗမီလီမီတာတွင် သွေးနီဆဲများလေးသန်းမှ ခြောက်သန်းအထိ တွေ့နိုင်သည်။ ယောက်ျားများတွင်မိန်းမများမှာထက် သွေးနီဆဲများပိုရှိကြသည်။
ဤဆဲများတွင်သံဓာတ်နှင့် ပရိုတင်းဓာတ်ပါသော ဟီမိုဂလိုဗင်ခေါ်သည့်အရာများပါရှိလျက်ရှိသည်။ ဟီမိုဂလို လိုဗင်ပါရှိသောကြောင့် သွေး၏အရောင်သည်နီ၏။ ဆဲအနီများသည်အဆုတ်မှ အောက်ဆီဂျင်ဓာတ်ကိုယူ၍ တစ်ကိုယ်လုံးသို့ပျံ့နှံ့စေ၏။ ထိုနောက်တစ်ကိုယ်လုံးမှ မကောင်းသောကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကိုယူပြီးလျှင် အဆုတ်သို့ပြန်ပို့ပြန်သည်။ အောက်ဆီဂျင်ဓာတ် သယ်ယူသွားသောသွေးများ၏ အရောင်သည်တောက်ပသော အနီရောင်ရှိ၍ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် သယ်ယူသွားသောသွေး၏ အရောင်မှာခရမ်းရောင် သန်းလျက်ရှိသည်။
သွေးတစ်ကုဗမီလီမီတာတွင် သွေးဖြူဆဲများလည်း ငါးထောင်မှတစ်သောင်းထိရှိနေကြသည်။ ဤသွေးဖြူဆဲများသည်ခန္ဓာကိုယ်ကို ရောဂါပိုးကျရောက်ခြင်းမှ ကာကွယ်၏။ ယင်းတို့သည်ဗက်တီးရီးယားများကိုဝါးမျိုပြီးနောက် ပြည်တည်နာနှင့်အနာစိမ်းတို့တွင်
တွေ့ရသောပြည်အဖြစ်သို့ ပြောင်းလည်းသွားလေသည်။ ခန္ဓာကိုယ်ထဲသို့ဗက်တီးရီးယားများဝင်ရောက်လာသည့်အခါတိုင်း သွေးဖြူ ဆဲလ်များ အမြောက်အမြားတိုးတက်လာကြသည်။
အဆုတ်ရောင်ရောဂါဖြစ်သည့်အခါသွေးဖြူဆဲများသည် တစ်ကုဗမီလီမီတာတွင် နှစ်သောင်းအထိ တိုးတက်လာနိုင်ကြသည်။ သွေးထဲတွင် ဤသွေးဖြူဆဲ
များအပြင် သွေးဥမွှားများလည်းရှိသေးသည်။ သွေးတစ်ကုဗမီလီမီတာတိုင်းတွင်သွေးဥမွှားများနှစ်သိန်းငါးသောင်းမှ သုံးသိန်းအထိရှိသည်။ သွေးခဲသွားခြင်းများသည် ဤသွေးဥမွှားများကြောင့်ဖြစ်သည်။ သွေးတစ်ကုဗမီလီမီတာတွင် သွေးဥမွှားများနှစ်သိန်းငါးသောင်းထက်နည်းနေလျှင် သွေးသည် အလွယ်တကူနှင့်မခဲနိုင်ချေ။ သွေးတွင်ပါသောပလာစမာအရည်သည် ဤသွေးဆဲများနှင့်အခြားအရာများကိုပါသယ်ဆောင် ယူသွားသည်။ ပရိုတင်းများလည်း ပလာစမာတွင်ရှိကြသည်။ အယ်လဗျူမင်၊ ဂလိုဗျူလင်၊ နှင့်ဖိုင်ဗရင်နိုဂျင်များသည် အလွန်အရေးကြီးသော ရိုတင်းများဖြစ်ကြသည်။
ယင်းတို့အနက်ဖိုင် ဗရင်နိုဂျင်သည်သွေးကိုခဲစေနိုင်၏။ ရောဂါပိုးများကို ဖျက်ဆီးပစ်နိုင်သော ပတိပစ္စည်းများကို လည်းသွေးပလာစမာတွင်တွေ့ရသည်။ အူများမှစုဆောင်းထားသောအစာနှင့်ရေများ၊ ဂလင်းအိတ်များ မှထုတ်သော ဟော်မုန်းများကိုလည်း သွေးပလာစမာများက သယ်ဆောင်ယူသွားသည်။ ပလာစမာသည် ကိုယ်တွင်းမှစွန့်ပစ်သော အညစ်အကြေးကိုလည်း ကျောက်ကပ်များသို့ သယ်ဆောင်သွားပြီးလျှင် ထိုမှပြင်ပသို့ထုတ်လိုက်သည်။ ပလာစမာသည်အနည်းငယ်ငန်သည်။
သွေးလှည့်လည်ခြင်း
သွေးသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ လှည့်ပတ်သွားနေရမည်ဖြစ်သည်။ နှလုံးသည်ရေစုပ်စက်ကဲ့သို့ သွေးကိုလှည့်လည်စေသည်။ သွေးသည် သွေးလွှတ်ကြော၊ သွေးပြန်ကြောနှင့်သွေးကြောမျှင်များဖြင့်ခန္ဓာကိုယ်အတွင်း လှည့်လည်လျက်ရှိရာ နှလုံးသည် ထိုသွေးများကို အလွန်လျှင်မြန်စွာသွားနေစေရကား ခန္ဓာကိုယ်အတွင်းရှိ သွေးအားလုံးသည် နှလုံးကိုနှစ်မိနစ်၊ သုံးမိနစ်တိုင်းဖြတ်သန်းသွားရ၏။ သွေးဆဲလ်တစ်ခုသည် နှလုံးကိုစက္ကန့်နှစ်ဆယ်တွင် လှည့်ပတ်သွားနိုင်သည်။ သို့ဖြင့်တစ်နာရီတစ်နာရီလျှင် စည်ခြောက်စည်စာလောက်နှင့် ညီမျှသော သွေးများသည် နှလုံးကိုဖြတ်သန်းလျက် ရှိနေလေသည်။
သွေးလှည့်ပတ်သွားရာ၌ သွေးကြောတစ်စုသည် သွေးကိုနှလုံးမှ အဆုတ်သို့ ယူသွားပြီးလျှင်တစ်ဖန် နှလုံးသို့ပြန်ယူလာ၏။ယင်းသို့ယူသွားရာ၌သွေးတွင် အောက်ဆီဂျင်ပြည့်လာ၍ ကာဗွန်ဒိုင်အောက်ဆိုက်ဖြစ်သော အညစ်အကြေးများကို ထုတ်ပစ်လိုက်သည်။ အခြားသွေးကြော တစ်စုက နှလုံးမှ အောက်ဆီဂျင်အပြည့်ရလာသောသွေးကို ခန္ဓာကိုယ်အခြား အစိတ်အပိုင်းများသို့ယူသွားသည်။ အခြား သွေးကြောတစ်စုက သွေးကို အသည်းသို့ဖြတ်ယူသွားရာ အသည်းတွင်ဓာတ်ပြောင်းမှုများ ဖြစ်ပေါ်လေသည်။ သွေးမှ သကြားကိုထုတ်ယူပြီးလျှင် နောင်အသုံးပြုရန်အတွက် အသည်းတွင် သိုလှောင်ထား၏။ အညစ်အကြေးများသည် ဆီးအဖြစ်သို့ပြောင်းလည်းသွားပြီးလျှင်ကျောက်ကပ်မှ တစ်ဆင့်အပြင်သို့ ရောက်သွားလေသည်။
သွေးသည်လူ၏ခန္ဓာကိုယ်အပူချိန်ကို ၉၈.၆ ဒီဂရီ ဖာရင်ဟိုက်အနေ၌ အမြဲရှိနေရန်ပြုလုပ်လျက်ရှိသည်။ ဤ ၉၈.၆ ဒီဂရီဖာရင်ဟိုက်ကား ကျန်းမာသော လူတစ်ယောက်၏ ကိုယ်အပူချိန်ပင်ဖြစ်သည်။ သွေးသည်ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းအတွက် အလွန်အရေးကြီးရကား တစ်နေရာရာမှသွေးကို
တစ်နာရီလောက်ပိတ်ထားလိုက်လျှင် ထိုအစိတ်အပိုင်းသည်သေသွားနိုင်၏။ ဦးနှောက်မှသွေးအသွားကို ပိတ်ထားလိုက်လျှင်လူသည်
ချက်ချင်းဆိုသလိုသတိမရဖြစ်သွားပြီးလျှင်မကြာမီ အတွင်းလူလည်း သေသွားလေသည်။ ခန္ဓာကိုယ်မှ သွေးများသုံးပုံတစ်ပုံ ကျော်ကျော်လောက်ရုတ်တရက် ထွက်သွားခဲ့လျှင်လည်း လူသေနိုင်လေသည်။
လူ၏သွေးများသည် တစ်ဦးနှင့်တစ်ဦးမတူကြချေ။ သွေးအစုကြီးလေးစုရှိကြောင်းကားလန်းစတိုင်းနားဆိုသူရှာဖွေ တွေ့ရှိခဲ့သည်။ သွေးတစ်ဦးနှင့်တစ်ဦးမတူကြခြင်းမှာ အချို့၏သွေးပလာစမာများ တွင်အခြားလူတစ်ဦး၏ သွေးနီဆဲများကို စုပေါင်းခဲသွားစေသော အရာများ
ပါရှိခြင်းကြောင့်ဖြစ်သည်။ ဤသွေးမတူခြင်းမှာ သွေးကူးသည့်ကိစ္စများတွင် အလွန်ပင်အရေးကြီးပေသည်။ အဘယ်ကြောင့်ဆိုသော် အပြင်မှလူတစ်ယောက်၏သွေးသည် အသက်ရှင်လျက်ရှိသောလူ၏ သွေးနှင့်ရော၍ သွေးချင်းမတူသည့်အခါစုပေါင်းခဲသွားပြီးလျှင်သေစေနိုင်သည်။
အစုကြီးလေးစုကို O,A,B,Eနှင့်AB စုဟူ ၍ခေါ်သည်။ O အစုဝင် သွေးမျိုးကိုမည်သည့်အစုဝင်သွေးမျိုးရှိသောသူအားမဆို မခဲဘဲ သွေးကူးပေးနိုင်သည်။ သို့သော် O အစုဝင် သွေးမျိုးရှိသောလူတစ်ယောက်ကို O အစုဝင်သွေးမျိုးမှတစ်ပါး အခြား မည်သည့်အစုဝင်သွေးမျိုးကိုမှ သွေးကူးမပေးနိုင်ချေ။ AB အစုဝင်သွေးမျိုးကို အခြားသွေးလေးစု မျိုးရှိသောလူအား သွေးကူးပေးလိုက်လျှင် သွေးခဲမှု ဖြစ်နိုင်သည်။[1]
သွေးကို အစားထိုးလို့ရတဲ့အရာ မပေါ်သေးပါဘူး။
သွေးဟာ လူ့ကိုယ်ခန္ဓာအလေးချိန်ရဲ့ ခုနစ်ရာခိုင်နှုန်းနီးပါး ရှိပါတယ်။
သွေးဟာ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို သယ်ဆောင်ပေးပါတယ်။
သွေးဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အညစ်အကြေးဓာတ်များကို စွန့်ထုတ်ဖျက်ဆီးစေဖို့အတွက် အဆုတ်၊ ကျောက်ကပ်နဲ့ အသည်းတွေဆီကို သယ်ဆောင်ပေးသွားပြန်တယ်။
သွေးဟာ ရောဂါတွေကို တိုက်ထုတ်ပေးပြီး ဒဏ်ရာတွေ အနာတွေ ကျက်စေဖို့ ကူညီပေးသေးတယ်။
အေ၊ဘီ၊ အေဘီ၊ အို ဆိုပြီးတော့ အဓိက သွေးအမျိုးအစားအုပ်စုကြီး လေးခုရှိပါတယ်။
သွေးအမျိုးအစားတိုင်းမှာ မျောက်သွေးလို့ခေါ်တဲ့ RH အပေါင်း အနုတ် ဆိုတာလည်း ရှိပြန်သေးတယ်။
သွေးထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည်ဆိုပြီး အဓိက ၄ မျိုး ပေါင်းစပ်ပါဝင်နေတယ်။
သွေးဖြူဥဟာ သွေးဆဲလ်ထဲမှာ အကြီးဆုံးပါပဲ။ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖို့ တာဝန်ယူပေးထားပါတယ်။ သွေးဖြူဥတွေရဲ့ သက်တမ်းဟာ တိုလွန်းလှပါတယ်။ ရက်အနည်းငယ် ဒါမှမဟုတ် တစ်ပတ်လောက်ပဲ သက်တမ်းရှိပါတယ်။ သွေးစက်လေးတစ်စက်မှာ သွေးဖြူဥဆဲလ်ပေါင်း ခုနစ်ထောင်ကနေ နှစ်သောင်းခွဲအထိ ရှိတတ်ပါတယ်။ ကိုယ်ထဲကို ဝင်လာတဲ့ ရောဂါပိုးက ပြန်လည်ခုခံတယ်ဆိုရင် သွေးဖြူဥဆဲလ် အရေအတွက် ဒီထက်မက များပြားလာတတ်ပါတယ်။
သွေးနီဥဟာ သွေးပမာဏရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို အဓိက သယ်ဆောင်ပေးပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်တွေကို အဆုတ်ကို ပြန်လည် သယ်ယူပေးပြန်တယ်။
သွေးဥမွှားက အသေးငယ်ဆုံး သွေးဆဲလ်လေးတွေပါ။ သွေးပမာဏရဲ့ ၅ ရာခိုင်နှုန်းက ၇ ရာခိုင်နှုန်းအထိဟာ သွေးဥမွှားလေးတွေပါ။ သွေးဥမွှားတွေက ဒဏ်ရာ အနာတရဖြစ်တဲ့အခါမှာ သွေးခဲစေပြီး သွေးယိုထွက်ခြင်းကို လျှော့ချပေးပါတယ်။
သွေးရည်ကြည်က စေးကပ်ကပ်ရှိလှတဲ့ အဝါရောင်ဖျော့ဖျော့ အရည်လေးပါ။ သွေးပမာဏ စုစုပေါင်းရဲ့ ၅၅ ရာခိုင်နှုန်းဟာ သွေးရည်ကြည်တွေပါ။ သွေးရည်ကြည်ထဲမှာ ရေဓာတ်၊ ဆားဓာတ်နဲ့ ပရိုတင်းဓာတ်တွေ ပေါင်းစပ် ပါဝင်နေပါတယ်။ သွေးရည်ကြည်ရဲ့ ၉၅ ရာခိုင်နှုန်းက ရေတွေပါ။ ကျန်တဲ့ ၅ ရာခိုင်နှုန်းက ဟိုမုန်းဓာတ်တွေ၊ ဆားဓာတ်နဲ့ ပရိုတင်းဓာတ်တွေပေါ့။
သွေးနီဥဟာ လူ့ခန္ဓာကိုယ်ထဲမှာ ရက်ပေါင်း ၁၂၀ အထိ သက်တမ်းရှိပါတယ်။
သွေးနီဥကို သာမာန်အခြေအနေမှာ ၄၂ ရက်တိတိ သိုလှောင်ထားလို့ရပါတယ်။
အေးခဲထားတဲ့ သွေးနီဥတွေဆိုရင် ၁၀ နှစ်နဲ့ အထက် သိမ်းထားလို့ရပါတယ်။
သွေးဥမွှားကတော့ ၅ ရက်အတွင်း အသုံးပြုရပါတယ်။
သွေးဥမွှားကို သွေးကင်ဆာနဲ့ တခြားကင်ဆာရောဂါတွေရဲ့ သွေးသွင်းကုသမှုမှာ အသုံးပြုပါတယ်။
သွေးရည်ကြည်ဟာ သွေးပေါင်ချိန်ကို ထိန်းတဲ့နေရာမှာ ကူညီပေးပါတယ်။ သွေးဆဲလ်တွေ၊ ဟိုမုန်းဓာတ်တွေ၊ အင်ဇိုင်းတွေကိုလည်း သယ်ဆောင်ပေးပါတယ်။ သွေးခဲစေဖို့အတွက်နဲ့ ကိုယ်ခံအားစနစ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကိုလည်း သယ်ဆောင်ပေးပါတယ်။
အေးခဲထားတဲ့ သွေးရည်ကြည်ဟာ ၁ နှစ်တိတိ ထားလို့ရပါတယ်။
လူရဲ့သွေးထဲမှာ ပါဝင်တဲ့ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည်တွေကို ရိုးတွင်းခြင်ဆီကနေ သဘာ၀အလျှောက် ထုတ်လုပ်ပေးတာပါ။
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)