ဟိုတယ်

ဟိုတယ် ဆိုသည်မှာ အခကြေးငွေယူ၍ ခဏတာအတွက် တည်းခိုနေထိုင်နိုင်ရန် ပံ့ပိုးပေးသော နေရာဌာနဖြစ်သည်။ ဟိုတယ်မှ ပံ့ပိုးပေးသော အသုံးအဆောင်များတွင် အတန်အသင့် အရည်အသွေးရှိသော မွေ့ရာတစ်ခု ပါဝင်သော အခန်းငယ် တစ်ခုမှစ၍ အရည်အသွေးမြင့်သောမွေ့ရာ၊ ဘီဒို၊ ရေခဲသေတ္တာ၊ အခြားမီးဖိုဆောင် အသုံးအဆောင်များ၊ မွမ်းမံပြင်ဆင်ထားသော ကုလားထိုင်များ၊ မျက်နှာပြင်ပြား ရုပ်မြင်သံကြားစက်၊ ရေချိုးခန်း စသည်တို့ပါဝင်သော အခန်းကျယ်ကြီးများအထိ ရှိသည်။ သေးငယ်၍ ဈေးနည်းသော ဟိုတယ်များမှာ ဧည့်သည်အတွက် အခြေခံကျသော ဝန်ဆောင်မှုနှင့် အသုံးအဆောင်များကို ပံ့ပိုးပေးသည်။ ကြီးမားပြီး ဈေးနှုန်းမြင့်သော ဟိုတယ်များတွင်မူ ဧည့်သည်များအတွက် ရေကူးကန်၊ စီးပွားရေးဌာန (ကွန်ပျူတာ၊ ပရင်တာနှင့် အခြားရုံးသုံးပစ္စည်းများပါဝင်သည်) ၊ ကလေးထိန်းခြင်း၊ ကွန်ဖရင့်နှင့် ပွဲများကျင်းပရန် နေရာများ၊ တင်းနစ်ကွင်းနှင့် ဘတ်စကက်ဘောကွင်း၊ ကိုယ်ကာယလေ့ကျင့်ရေး ဌာန၊ စားသောက်ဆိုင်များ၊ စပါး နှင့် လူမှုရေး ကိစ္စ ဝန်ဆောင်မှုများ ထည့်သွင်းထားလေ့ ရှိသည်။ ဟိုတယ်အခန်းများကို ပုံမှန်အားဖြင့် နံပါတ် တပ်ထားသော်လည်း အရွယ်ငယ်သော ဟိုတယ်များအတွင် နာမည်ပေး၍ ခွဲခြားထားလေ့ရှိပြီး ဧည့်သည်များအနေနှင့် မိမိတို့အခန်းအား သီးသန့် ခွဲခြားသိရှိနိုင်ရန် ဖြစ်သည်။ အချို့သော အကောင်းစား ဈေးနှုန်းမြင့်မားသော ဟိုတယ်များတွင် သီးသန့်ပြင်ဆင်ထားသော အခန်းများ ရှိသည်။ အချို့သော ဟိုတယ်များတွင် တည်းခိုရုံသာမက အစားအသောက်ပါ သုံးဆောင်နိုင်သည်။ ယူနိုက်တက်ကင်းဒမ်းတွင် ဥပဒေရ အချို့သော နာရီများတွင် ဧည့်သည်များအား အစားအသောက်များ မဖြစ်မနေ ကျွေးမွေးရသည်။ ဂျပန်နိုင်ငံရှိ ကက်ပ်ဆူးလ် ဟိုတယ်ဟု ခေါ်သော ဟိုတယ်အမျိုးအစားတွင် အိပ်ရန်အတွက်သာ သင့်တော်သော အခန်းငယ်ကလေးများရှိပြီး ရေချိုးခန်းကို မျှဝေသုံးစွဲရသည်။

ပင်နီဆူလာ ပဲရစ် ဟိုတယ်
အိပ်ရာ၊ စားပွဲနှင့် ရုပ်မြင်သံကြားစက်တို့ပါဝင်သော ပုံမှန် ဟိုတယ်ခန်းတစ်ခန်း

ယနေ့ခေတ် ဟိုတယ်များ၏ အစမှ အလယ်ခေတ်ဥရောပရှိ အင်း ခေါ် ညအိပ်ထမင်းဆိုင်များ ဖြစ်သည်။ ၁၇ ရာစု အလယ်ပိုင်းမှစ၍ နှစ်ပေါင်း ၂၀၀ ခန့်အထိ ကို့ချင်းအင်း ဟု ညအိပ်ထမင်းဆိုင်များတွင် ပေါင်းမိုးတပ်လှည်းဖြင့် သွားလာသူများ အတွက် ညအိပ်စရာနေရာ ပံ့ပိုးပေးခဲ့ကြသည်။ ၁၈ ရာစု အလယ်ပိုင်းမှစ၍ ညအိပ်ထမင်းဆိုင်များသည် ချမ်းသာသော ဧည့်သည်များအတွက် စတင် စဉ်းစားပံ့ပိုးပေးလာကြသည်။ ယနေ့ခေတ်ဟိုတယ်ကဲ့သို့သော ပထမဆုံးဟိုတယ်ကို ၁၇၆၈ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ အိပ်စီတာ၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉ ရာစု အစောပိုင်းတွင် အနောက်ဥရောပ နှင့် မြောက်အမေရိကတို့တွင် ဟိုတယ်များ အများအပြား ပေါ်ထွက်လာခဲ့ပြီး ၁၉ ရာစု နှောင်းပိုင်းတွင် ဇိမ်ခံဟိုတယ်များ စတင် ပေါ်ပေါက်လာခဲ့သည်။

ဟိုတယ်တို့၏ လုပ်ငန်းလည်ပတ်မှုသည် အရွယ်အစား၊ ဆောင်ရွက်သည့်လုပ်ငန်း၊ ရှုပ်ထွေးမှု နှင့် ကုန်ကျငွေ အမျိုးမျိုး အစားစား ကွဲပြားသည်။ ဟော်တယ်အများစု နှင့် ဧည့်ခံကြိုဆိုရေး ကုမ္ပဏီ အများစုတို့သည် ဟိုတယ်တို့ကို အမျိုးအစား ခွဲခြားရန် လုပ်ငန်းဆိုင်ရာ စံနှုန်း သတ်မှတ်ထားကြသည်။ အဆင့်မြင့် ဝန်ဆောင်မှုအပြည့်ပေးသော ဟိုတယ်တို့မှ ပံ့ပိုးပေးသော အရာများတွင် ဇိမ်ခံစရာ အပန်းဖြေသည့် အရာများ၊ ဝန်ဆောင်မှု အပြည့်အဝ ရှိသော နေထိုင်စရာ၊ တစ်နေရာတည်းတွင် စားသုံးနိုင်သော စားသောက်ဆိုင် နှင့် ကားစင်းလုံးငှားခြင်း၊ အခန်းတွင်း လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်း နှင့် မီးပူတိုက်ပေးခြင်း အစရှိသော တစ်ဦးချင်းစီအတွက် အပြည့်ဝဆုံး ပေးထားသော ဝန်ဆောင်မှုများ ပါဝင်သည်။ ဝန်ဆောင်မှု အပြည့်ပေးသော ဟိုတယ်များတွင် အဆင့်မြင့် ဝန်ဆောင်မှုအပြည့်ပေးသော ပံ့ပိုးမှုများဖြစ်သည့် ဝန်ဆောင်မှု အပြည့်ပေးထားသော အခန်းများ၊ ဟိုတယ်တွင်းတွင် ရှိသည့် ဝန်ဆောင်မှု အပြည့်ပေးသော စားသောက်ဆိုင် နှင့် ဟိုတယ်တွင် ရရှိနိုင်သော အပန်းဖြေစရာများ ပါဝင်သည်။ ဘောတစ် ဟိုတယ်များသည် ပို၍ သေးငယ်ပြီး လူသိများသော အမှတ်တံဆိပ်များ မရှိသော်လည်း အများအားဖြင့် အဆင့်မြင့် ပံ့ပိုးမှုများ ပါဝင်သည်။ အငယ်စားနှင့် အလယ်အလတ်စား ဟိုတယ်များတွင် အပန်းဖြေစရာများ အကန့်အသတ်ဖြင့်သာ ရရှိနိုင်သည်။ အီကော်နော်မီ ဟိုတယ်များမှာ အငယ်စားနှင့် အလယ်အလတ်စား ဟိုတယ်များ ဖြစ်ပြီး အခြေခံ နေထိုင်စရာသာ ပံ့ပိုးပေးပြီး ဝန်ဆောင်မှု အနည်းငယ်မျှသာ ရှိသည် သို့မဟုတ် လုံးဝမရှိပေ။ ရက်ရှည်နေထိုင်နိုင်သော ဟိုတယ်များမှာ အငယ်စားမှ အလယ်အလတ်စား ဟိုတယ်များ ဖြစ်ပြီး ပုံမှန်ဟိုတယ်များနှင့် နှိုင်းယှဉ်ပါက ပို၍ရက်ရှည်နေထိုင်သူများ အတွက် ဝန်ဆောင်မှု အပြည့်အဝပေးသော အခန်းများရှိသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.