အက်စကိလပ်
အက်စကိလပ်(ဘီ၊စီ ၅၂၅-၄၅၆)သည် ဂရိလူမျိုး နာမည်ကျော် အလွမ်းပြဇာတ်ရေး ဆရာကြီးသုံးဦးအနက် တစ်ဦးဖြစ်သည်။ ရှေးပြဇာတ်များတွင် ကပြသူ တစ်ဦးသာပါဝင်၍ လင်္ကာရွတ်ဆို ခြင်းဖြင့်သာ ပြီးစီးကြသည်။ အက်စကိလပ်ကမူ သူ့ပြဇာတ်များတွင် ကပြသူများ၏ အရေအတွက်ကို တိုးချဲ့ပြီးလျှင် ဆိုင်ရာအဝတ်အစားများကို ဝတ်ဆင်၍ ဟန်အမူအရာနှင့် အချီအချစကားပြောမှုများကို စင်ပေါ်တွင် ပြုလုပ်စေခြင်းဖြင့် ပြဇာတ်၏အဆင့်အတန်းကို မြှင့်တင်ပေးခဲ့သည်။ ထို့ကြောင့် သူ့ကို ပြဇာတ်ဖခင်ဟု အသိအမှတ် ပြုကြလေသည်။
အက်စကိလပ်သည် ဘီ၊ စီ ၅၂၅ ခုနှစ်တွင် အေသင်မြို့အနီး အီလျူးဆစ်မြို့ကလေးတွင် ဖွားမြင်သည်။ သူ၏မိဖများမှာ အဆင့်အတန်းမြင့်သောမျိုးရိုးမှဖြစ်ကြသည်။ ငယ်စဉ်က အယူဝါဒဆိုင်ရာ စီတန်းလှည့်လည်ခြင်းများနှင့် အခြားရှုခင်းများက သူ့စိတ်ကို ပြုပြင်ပေးခဲ့မည်မှာမလွဲချေ။ အက်စကိလပ် အရွယ်ကောင်းချိန်တွင် ဂရိလူမျိုးတို့သည် ပါးရှင်းတို့၏အာဏာစက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းနေခိုက်ဖြစ်သဖြင့် အက်စကိလပ်သည် ထင်ရှားသောတိုက်ပွဲများတွင် ဝင်ရောက် တိုက်ခိုက်လေသည်။ ထိုတိုက်ပွဲများတွင် မာရသွန်၊ ဆယ်လာမစ်နှင့် ပလာတိယစစ်ပွဲများလည်း ပါဝင်သည်ဟု ယုံကြည်ကြသည်။
အက်စကိလပ်သည် ပြဇာတ်ပေါင်း ၇ဝ ကျော်ကိုရေးသားခဲ့သော်လည်း ယခုအခါ သူ၏လက်ရာဖြစ်သော ပြဇာတ် ၇ ခုကိုသာတွေ့မြင်နိုင်ပေတော့သည်။ သူရေးသားသော ပြဇာတ်များသည် အယူဝါဒအငွေ့အသက် မကင်းသော အလွမ်းပြဇာတ်များနှင့် ကံတရား၏ အသိခက်ပုံကို ဖော်ပြသော ပြဇာတ်များ ဖြစ်သည်။ ပြဇာတ်အရေးကောင်းသဖြင့် အက်စကိလပ်သည် ဘီ၊ စီ ၄၈၄ ခုနှင့် ဘီ၊ စီ ၄၆၈ ခုနှစ် အတွင်းဖြစ်သော ၁၆ နှစ်ခန့် အတွင်းတွင် ပထမဆုကိုချည်း ဆွတ်ခူးနိုင်ခဲ့သည်။ ဘီ၊ စီ ၄၆၈ ခုနှစ်တွင်မူ သူ့ထက်အသက်အားဖြင့် နှစ်ပေါင်း ၃ဝ ခန့်ငယ်သော ဆော့ဖိုကလိ က ပြဇာတ်ကို အက်စကိလပ်ထက် ပို၍ကောင်းမွန်စွာ ရေးသားနိုင်သည်ဟုဆိုပြီးလျှင် ပထမဆုကိုဆွတ်ခူး သွားလေသည်။ ထိုအခါအက်စကိလပ်သည် စိတ်အပျက်ကြီးပျက်ပြီးလျှင် မကြာမီအတွင်း၌ အေသင်မြို့မှ ထွက်ခွာ၍ စစ္စလီကျွန်းသို့ ပြောင်းရွှေ့နေထိုင်လေ သည်။ ဘီ၊ စီ ၄၅၆ ခုနှစ်တွင် စစ္စလီကျွန်းရှိ ဂျီလာမြို့တွင် အက်စကိလပ် ကွယ်လွန်သည်။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)