အက်စတာပင်

အက်စတာပင် သည် ကွန်ပိုဆစ်တီး မျိုးရင်း တွင်ပါဝင်သည်။ အက်စတာမှာဂရိဘာသာစကားဖြစ်၍ ကြယ် ပွင့်ဟု အဓိပ္ပာယ်ရသည်။ ထိုအပင်မှပန်းပွင့်သည် ကြယ်ပွင့်နှင့် ယင်း၏ ရောင်ခြည်များ ဘေးသို့တန်းထွက်နေသည်နှင့် တူ သောကြောင့် အက်စတာဟု အမည်ပေးထားခြင်း ဖြစ်သည်။ ဗြိတိန်နိုင်ငံရှိ ဥယျာဉ်များတွင် စိုက်သော အက်စတာ မျိုးကို ချိုင်းနားအက်စတာဟုခေါ်သည်။ ချိုင်းနားအက်စတာမျိုး ၏အပွင့်မှာ မိုက်ကယ်လမတ်ဒေဆီခေါ် အခြားအက်စတာပန်း မျိုး၏ အပွင့်ထက် နှစ်ဆကြီးသည်။ အရောင်တွင်လည်းအဖြူမှ စ၍ နှင်းဆီနှင့်ကြက်သွေးရောင်အပြင် အပြာနှင့်မရမ်းစေ့ရောင် အထိ အရောင်အမျိုးမျိုးကွဲလျက်ရှိသည်။


အခြား အက်စတာပန်းတစ်မျိုးကို မိုက်ကယ်လမတ် ဒေဆီဟုခေါ်ခြင်းမှာ ထိုပန်းသည် စက်တင်ဘာလတွင်ကျင်းပ သည့် မိုက်ကယ်လမတ်ခေါ် ဗရင်ဂျီပွဲနေ့အချိန်နှင့် တစ်ပြိုင် တည်း ပွင့်တတ်သောကြောင့် ဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် အလေ့ကျပေါက်သော အက်စတာပင်ကို ရုက္ခဗေဒအမည်ဖြင့် အက်စတာထရိုင်ပိုလီယမ် ဟုခေါ်သည်။ ယင်းကို အင်္ဂလိပ် ဘာသာဖြင့် ပင်လယ်အက်စတာဟုခေါ်ရသည်။ ထိုသို့ ပင်လယ် အက်စတာဟု ခေါ်ရခြင်းအကြောင်းမှာကား ထိုအပင်များသည် ပင်လယ်ကမ်းရိုးတန်း တစ်ဝိုက်ရှိ ညွန်ပျောင်းများပေါ်တွင် အလေ့ကျ ပေါက်ရောက်ကြခြင်းကြောင့်ဖြစ်သည်။


အလွန်ထင်ရှား၍ လူကြိုက်အများဆုံး နွေရာသီတွင် ပေါက်ရောက်သည့် ပန်းမျိုးထဲတွင် အက်စတာပန်းမှာ အပါ အဝင် တစ်ခုဖြစ်သည်။


အက်စတာပန်းသည် လယ်ကွင်းများတွင်ပေါက်ရောက် လေ့ရှိသည့် ဒေစီပန်း၏ အမျိုးအနွယ်လည်း ဖြစ်သည်။ မိုင်ကယ်မတ်ဒေစီခေါ် အက်စတာပန်းပင်မျိုးကို နွေကူး ရာသီအတွင်း၌ ကိုင်းချိုး၍မျိုးပွားစိုက်ယူကြသည်။ ထို အက်စ တာပန်းပင်မျိုးသည် အစေ့မှစိုက်ပျိုးယူ၍ မရချေ။ ချိုင်းနား အက်စတာပန်းမျိုးကိုမူ အစေ့မှစိုက်ပျိုးယူရ သည်။ ထိုပန်းပင်သည် တစ်နှစ်ခံပင်ဖြစ်၍ ပန်းပွင့်ပြီးနောက် သေသွားလေသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.