အင်္ဂုလိမာလသုတ်

လက်ညှိုးပေါင်းတစ်ထောင်ပြည့်ရန် မိခင်ပါမရှောင် ဖြတ်ယူရန် ကြိုးပမ်းဖူးသည့် အင်္ဂုလိမာလသည် ရဟန်းဖြစ်ပြီးနောက် မီးမဖွားနိုင်သော မိန်းမငယ်ကို ဂရုဏာသက်သဖြင့် သစ္စာဆိုသော ဂါထာဖြစ်သည်။ အမျိုးသမီးများ မီးဖွားရလွယ်ကူစေရန်နှင့် မီးဖွားရာတွင် ခက်ခဲနေပါက ဤသုတ်ကို ပရိတ်ရေဖြစ်အောင် ရွတ်ဖတ်ပြီး ရရှိသည့် ပရိတ်ရေကို ထိုအမျိုးသမီး၏ ဆံပင်၌ သပ်ပေး၊ ဖြန်းပေးပါက လွယ်ကူစွာ မီးဖွားနိုင်သည်ဟု ယုံကြည်ကြသည်။


၁။ ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဋ္ဌာနဓောဝနံ။ ဥဒကမ္ပိ ဝိနာသေတိ၊ သဗ္ဗမေဝ ပရိဿယံ။

၂။သောတ္ထိနာ ဂဗ္ဘဝုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။ ထေရဿင်္ဂုလိမာလဿ၊ လောကနာထေန ဘာသိတံ။ ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၃။ ယတော ဟံ ဘဂိနိ အရိယာယ၊ ဇာတိယာ ဇာတော၊ နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ၊ ဇီဝိတာ ဝေါရောပေတာ၊ တေန သစ္စန သောတ္ထိ တေ၊ ဟောတု သောတ္ထိ ဂဗ္ဘဿ။

အင်္ဂုလိမာလသုတ္တံ နိဋ္ဌိတံ။

အင်္ဂုလိမာလသုတ် မြန်မာပြန်

၁။ အိုသူတော်ကောင်းတို့ အကြင် အင်္ဂုလိမာလသုတ်တော်ကို ရွတ်ဆိုသော ပုဂ္ဂိုလ်၏ နေရာထိုင်ခုံကို ဆေး‌ကြောင်းဖြစ်သော ရေသော်မှလည်း အလုံးစုံသာလျှင် ဖြစ်သောဘေးရန်ကို ကင်းပျောက်စေနိုင်၏


၂။ အကြင် အင်္ဂုလိမာလသုတ်တော်သည် ပရိတ်ရွတ်စဉ် ထိုအခိုက်၌ပင် ချမ်းချမ်းသာသာဖြင့် ကိုယ်ဝန်မှထ မွေးဖွားရဖြင်းကိုလည်း ပြီးစေနိုင်ပေ၏ အင်္ဂုလိမာလမည်သော မထေရ်အား မြတ်စွာဘုရားသည် ဟောတော်မူအပ်သော ကမ္ဘာဆုံးသည်ထိ တည်တတ်သော သဘာဝရှိသော ကြီးမားသော အစွမ်းရှိသော ထိုအင်္ဂုလိမာလသုတ် ပရိတ်တော်ကို ငါတို့သည် ရွတ်ကြကုန်စို့။


၃။ နှမငါသည် အကြင်အခါမှစ၍ အရိယာဇာတ်ဖြင့်ဖြစ်ခဲ့၏ ထိုအခါမှစ၍ သေစေလိုသော စေတနာဖြင့် အားထုတ်၍ သတ္တဝါကို ဇီဝိတိန္ဒြေမှ ချခဲ့ သတ်ခဲ့သည် ဟူ၍မသိပေ၊ ထိုသစ္စာစကားကြောင့် သင့်အားချမ်းသာခြင်းသည်ဖြစ်စေသတည်း။ သူငယ်၏ချမ်းသာခြင်းသည် ဖြစ်စေသတည်း။


အင်္ဂုလိမာလသုတ်တော်ပြီး၏

နောက်ခံသမိုင်းကြောင်း

နောင်အခါ ရဟန္တာဖြစ်လာမည့် ထိုအရှင်မွေးဖွားသည့်အချိန်က နိုင်ငံတဝှမ်းတွင် ဓားလှံပြိုးပျက်အရောင်ထွက်ခြင်းစသောထူးခြားမှုရှိခဲ့သည်ဆိုသည်။ ဖခင်က အဟိံသက ဟု အမည်ကောင်း မှည့်ပေးခဲ့သော်လည်း သူ၏ လိမ္မာရေးခြားရှိမှုထူးချွန်ထက်မြက်မှုတို့အပေါ် မလိုမုန်းထားရှိသူများကြောင့် ဆန့်ကျင်ဖက်အဓိပ္ပါယ်အမည်ဖြင့်သုံးနှုန်းကြသည်ဆိုသည်။ ပညာသင်ယူစဉ်ကာလတွင် မနာလိုသူများ၏ကုန်းချောစကားများအပေါ် နားဝင်မိသူဆရာက မိမိတပည့်အား လူမုန်းများပြီးဘေးဒဏ်သင့်စေရန် ပရိယာယ်ဖြင့်လူအယောက်တစ်ထောင်ပြည့်အောင်သတ်ပြီး ၎င်းအားပူဇော်ရန်ပြောရာ အင်္ဂုလိမာလ မထေ လောင်းလျာက လိုက်နာခဲ့၏။ လိုက်နာဟန်ကား လူကိုသတ်ပြီးတိုင်းအရေအတွက်သိရရန် လက်ညှိုးကိုဖြတ်ယူထားတတ်ခြင်းနည်းဖြင့် ဖြစ်သည်။ နောက်ပိုင်းတွင် လက်ညှိုးပျောက်ရှဆုံးရှုံးမှုမရှိစေရန် လက်ညှိုးပြတ်ကို ပန်းနှယ်သီကုံးဆွဲလာသောကြောင့် အင်္ဂုလိမာလ အမည်တွင်ခဲ့ပြန်သည်။ ပြည်သူလူထု ထိတ်လန့်ကြောက်ရွံ့ရသောအခြေအနေကြောင့် ပြည့်ရှင်မင်းက နှိမ်နင်းဖမ်းဆီးတော့မည့်သတင်းကိုပေးရန်လာသည့် မိခင်ရင်းအား သတ်ရန်ကြိုးပမ်းခဲ့သည့်အပြင် ကယ်ချွတ်ရန်ကြွလာသော ဘုရားရှင်အားလည်း သတ်ရန်အပြေးလိုက်ခဲ့သည်။ သို့ရာတွင် အထမမြောက်ခဲ့ပဲ တရားစကားကြားနာရသဖြင့် အသိအမြင်များပြောင်းလဲကာ နောက်လိုက် ရဟန်းပြုခဲ့သည်။ ရဟန်းဘဝရောက်သည့်တိုင် လူထု၏ရန်လိုမုန်းတီးနေမှုကြောင့် အခက်အခဲပြဿနာများ ကြုံကြိုက်ရလျက်ရှိသည်။ ဘုရားရှင်၏ သင်ကြားမှုကြောင့် မီးမဖွားနိုင်သောအမျိုးသမီးတစ်ဦးဒုက္ခရောက်စဉ် သစ္စာပြုရွတ်ဆိုပေးခြင်းဖြင့်ချမ်းသာရစေခဲ့ဖူးသည်ဆိုပါသည်။ သစ္စာအဓိပ္ပါယ်မှာ (နှမငယ် ငါသည် ရဟန်းဘဝ ရသည်မှစ၍ သူတစ်ပါး၏အသက်ကို သတ်ဖြတ်ခြင်းမရှိပါ၊ ]ဤမှန်သော သစ္စာကြောင့် နှမငယ်ချမ်းသာပါစေ၊ သင်၏ကိုယ်ဝန်သည်လည်း ချမ်းသာပါစေ) ဟုဖြစ်သည်။

တစ်ရံခါက အင်္ဂုလိမာလ မထေရ်၏ မှန်ရာဆိုသောသစ္စာစကားကြောင့်ဤသို့ချမ်းသာရာရကြဖူးလေပြီ ။ ထို့အတူပင်သင်တို့လည်းချမ်းသာကြပါစေဟု မီးဖွားစဉ်ကြုံတတ်သော ဘေးဒုက္ခများမှ အရံအတားပြုပေးသော ပရိတ်အဖြစ်ထင်ရှားခဲ့သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.