အနောက်ပွဲတက်ဆောင်

အနောက်ပွဲတက်ဆောင်ဆိုသည် မြန်မာမင်းတို့၏ နန်းတော်တိုင်းတွင် အနောက်စမုတ်နှင့် တစ်ဆက်တည်း ရှိသော အရှေ့ဘက်တွင် သုံးထပ်ဇေတဝန်ဆောင်ကို ခေါ်သည်။ အနောက်ပွဲတက်ဇေတဝန်ဆောင်တော် ဟုလည်း ခေါ်သည်။ ထိုအဆောင်တွင် သီတင်းကျွတ်သောအခါ မိဖုရား၊ မင်းသမီး၊ ကတော်၊ မယားစသော မင်းမိန်းမတို့က ကန်တော့ပွဲတက်ရသဖြင့် ပွဲတက်ဆောင်ဟု ခေါ်ဆိုသည်။ လူအမြဲနေသော အဆောင်မဟုတ်ပေ။ ထိုအဆောင်တွင် အလယ်က မာရဘင်ကန့်၍ သရက်သားဖြင့်ပြုသော ပဒုမ္မာကြာပွင့်ခံ ပဒုမာသနရာဇပလ္လင်တော် ရှိသည်။ ယင်းပလ္လင်တော်တွင် မင်းဧကရာဇ်နှင့် မိဖုရားခေါင်ကြီး နှစ်ပါးအတူ စံတော်မူ ကန်တော့ခံမြဲ ဖြစ်သည်။ ထို့အပြင် မြင်းမိုရ်ပွဲ၊ တန်ဆောင်မုန်းလပြည့်၊ အဖိတ်နေ့ည၊ ကထိန်လျာမသိုးသင်္ကန်း ရက်သောအခါ၊မဟာပိန္နဲပွဲအခါများတွင် ဤအဆောင်တွင် ထွက်တော်မူ၍ရှုစားသည်။

ပွဲတက် အခမ်းအနား

အနောက်ပွဲတက် အခမ်းအနားသို့ အရာရှိ မှူးတော်မတ်တော်များ၏ ကတော်နှင့် မယားများ၊ အခမ်းအနား ပါဝင်သူတို့သာ တက်ရောက်ပူဇော် ကန်တော့ရမြဲ ဖြစ်သည်။ ကန်တော့ပွဲ တက်သောအခါ ရာထူးအဆင့်အတန်းအလိုက် နေရာများကို ကြိုတင်ပြင်ဆင် သတ်မှတ်ပိုင်းခြား၍ အတိအကျပြုလုပ် နေရာချထားရသည်။ ပွဲတက်အခမ်းအနား အထုံးအမြိတ် အဆင်တန်ဆာကိုသာ ဝတ်ဆင်၍ ဝတ်ရရိုး ထုံးစံအတိုင်း လိုက်နာရသည်။ အပိုအလိုမရှိ အတိအကျ လိုက်နာရသည်။ ကန်တော့လက်ဆောင်များနှင့် တက်ရောက်ရသည်။ ယင်းအခမ်းအနားသည် အမျိုးသမီးလောကတွင် အလွန်ဂုဏ်ယူရသော အခမ်းအနားဖြစ်ကြောင်း သိရှိရသည်။

ဘကြီးတော်ဘုရားလက်ထက် ပွဲတက်အခမ်းအနား

ဘကြီးတော် (စစ်ကိုင်းမင်း)သည် သက္ကရာဇ် ၁၁၈၁-ခု၊ နယုန်လဆန်း ၁၅-ရက်၊ တနင်္လာနေ့တွင် ရွှေထီးရွှေနန်းကို သိမ်းမြန်းစိုးစံတော်မူသည်။ ထိုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၂)ရက်၊ ဗုဒ္ဓဟူးနေ့ ကောင်းမြတ်သော မင်္ဂလာအခါတော်တွင် ပြာသာဒ်တော်ကြီးအတွင်း သီဟာသန ရာဇပလ္လင်တော်ထက် အရှင်မိဖုရားခေါင်ကြီးဘုရားနှင့် တကွ စံပယ်တော်မူသည်။ ထို့နောက် မင်္ဂလာဥကင်သ ဖွင့်တော်မူ၍ သီရိပဝရသုဓမ္မမဟာရာဇဓိရာဇာ ဟူသော တံဆိပ်နာမံတော်ကို ခံတော်မူသည်။

အရှင်မိဖုရားခေါင်ကြီးဘုရားလည်း သီရိပဝရသုဓမ္မမဟာရာဇဓိရာဇာ ဟူသော တံဆိပ်နာမံတော်ကို ခံတော်မူသည်။ မင်းမိဖုရား၊ မင်းညီမင်းသား၊ မှူးတော်မတ်တော်တို့ကိုလည်း ဘွဲ့အမည်အရည် အဆောင်အရွက် ချီးမြှင့်တော်မူသည်။ ယင်း လပြည့်ကျော် (၉)ရက် ဗုဒ္ဓဟူးနေ့တွင် ရွှေလွှတ်တော် ဇေတဝန်ဆောင် သီဟာသန ရာဇပလ္လင်တော်ကို သိမ်းတော်မူသည်။

နတ်တော်လဆန်း (၂)ရက်၊ ကြာသပတေးနေ့တွင် မိဖုရား၊ သားတော်၊ ညီတော်၊ ဆွေတော်မျိုးတော်၊ မှူးတော်မတ်တော်၊ ဗိုလ်မှူး တပ်မှူး၊ စစ်အင်္ဂါ လေးပါး ခြံရံလျက် အရှင်နှစ်ပါး ရတနာရွှေဝေါတော် စီးတော်မူ၍ အရှေ့မျက်နှာ ဦးနှိမ်တံခါးတော်က ထွက်တော်မူပြီးလျှင် ရွှေမြို့တော်ကို လက်ယာရစ် လှည့်လည် သိမ်းတော်မူသည်။

၁၁၈၂-ခု၊ ဝါဆိုလပြည့်ကျော် (၁)ရက်နေ့တွင် အရှင်နှစ်ပါးတို့သည် သီဟာသနရာဇပလ္လင်တော်ထက် စံပယ်တော်မူပြီးလျှင် ဝါဝင်ကန်တော့ခံတော်မူသည်။ ထိုနှစ် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့တွင် သီဟာသနရာဇပလ္လင်တော်ထက် အရှင်နှစ်ပါးစံတော်မူပြီးလျှင် ဝါကျွတ်ကန်တော့ (၃)ရက် ခံတော်မူသည်။ နောက်တစ်ရက်ဆိုင်း၍ သီတင်းကျွတ်လပြည့်ကျော် (၅)ရက်နေ့တွင် အနောက်ပွဲတက် ဇေတဝန်ဆောင်တော် ဥကင်တော် ပဒုမာသန ရာဇပလ္လင်တော်ထက် အရှင်နှစ်ပါး စံတော်မူ၍ အနောက်ပွဲတက် ကန်တော့ခံတော်မူသည်။

အခမ်းအနား အစီအစဉ်

အခမ်းအနားတွင် ဘုရင်မင်းမြတ်မှ စိန္ဒာမုနိ မကိုဋ်တော်၊ မဟာမဏိဒုရင်တော်တို့ကို ဆင်ယင်တော်မူသည်။ လယ်ယာတော်က သန်လျက်၊ လက်ဝဲတော်က သားမြီးယပ်ကို စွဲကိုင်တော်မူသည်။ မိဖုရားခေါင်ကြီးမှာ ရတနာဥဂ္ဂတ်တော်၊ မဟာလတ္တာ အဆင်တန်ဆာတော်များကို ဆင်တော်မူသည်။ နောက်တော်က အဆောင်ရ မိဖုရားကြီး၊ မိဖုရားလတ်၊ မိဖုရားငယ်၊ ကိုယ်လုပ်တော်၊ မြို့စားရွာစားတို့မှာ အထိုက်အလျောက် သူကောင်းပြုခံရသည့် ဥဂ္ဂတ်တံဆိပ်တော်များကို ဆင်၍ နောက်က လိုက်ရသည်။ [1]


ယခုအခါတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပြတိုက်အဖြစ်ဖွင့်လှစ်ထားသည်။

ကိုးကား

  1. သမိုင်းပါမောက္ခ ဒေါက်တာကျော်ဝင်း(ငြိမ်း) ရေး၊ ညောင်ရမ်းမင်းသား၏ နောက်ဆုံးနေ့ရက်များနှင့် အခြားစာတမ်းများ၊ စာ-၂၇၊ ၂၀၁၅၊ ဒီဇင်ဘာ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.