အဘိရာဇာ
မင်းကြီးအဘိရာဇာသည် သာကီဝင်မင်းမျိုးဖြစ်၍ ဂေါတမမြတ်စွာဘုရား ပွင့်တော်မမူမှီ နှစ်ပေါင်း သုံးရာကျော်က အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ရှေးဦးစွာ ဝင်ရောက်လာကာ တကောင်းမြို့ကြီးကို တည်ထောင်စိုးစံခဲ့သည်။
အဘိရာဇာမင်းကြီးသည် ဂေါတမမြတ်စွာဘုရား၏ အဘိုးဖြစ်သည်။ ၎င်း၏ အမျိုးအနွယ်များဖြစ်သည့် သာကီဝင်မျိုးများနှင့် မကျေမနပ် ခိုက်ရန်ဖြစ်ပွား၍ ဇာတိရပ်ရွာကို စွန့်ပြီး မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ညာအရပ် တကောင်းတွင် လာနေကြသည်။ အဘိရာဇာဟူသည်မှာ (အဘိရာဇာ၊ မဟာရာဇာ၊ မင်းကြီးစွာ၊ တ္ဒဗံ့) အားလုံးမှာ ကြီးမြတ်သော မင်းကြီးဟု အဓိပ္ပါယ်ရသည်။[2]
သားတော်နှစ်ပါး
ထိုမင်းတွင် သားတော် ကံရာဇာကြီး၊ ကံရာဇာငယ်ဟူ၍ သားတော် နှစ်ပါးရှိသည်။ တစ်ခါသော် သားတော် နှစ်ပါးအနက် မည်သူသည် ထီးနန်းစည်းစိမ်နှင့် ထိုက်တန်လေသနည်းဟု စုံစမ်းလို၍ ညတွင်းချင်း စေတီတစ်ဆူစီ ပြီးအောင် တည်စေရာ သားတော်ငယ်က အလျှင်ပြီးသဖြင့် အိမ့်ရှေ့အရာ အပ်နှင်းတော်မူသည်။
မင်းကြီးအဘိရာဇာ ကွယ်လွန်သောအခါ သားတော်ငယ် ကံရာဇာက ဆက်ခံစိုးစံတော်မူသည်။ နောင်တော်ဖြစ်သူ ကံရာဇာကြီး မင်းသားမှမူကား ကလေးတောင်ညို၊ ကျောက်ပန်းတောင်း၊ ဓညဝတီမြို့ဟောင်း စသော မြို့နယ်အသီးသီးသို့ အဆင့်ဆင့် ပြောင်းရွေ့၍ စိုးစံတော်မူခဲ့သည်။ တကောင်းမြို့ကြီးကို အဘိရာဇာမင်းကြီးက ရှေးဦးစွာ တည်ထောင်တော် မူခဲ့သောကြောင့်-
"မြန်မာအစ၊ တကောင်းက၊ ပြောကြစဉ်အလာ။
သာကီနွယ်ရင်း၊ ဝင်ရောက်ခြင်း၊ မင်းအဘိရာဇာ" ဟူ၍ ယနေ့ထက်တိုင်အောင် ခေါ်ဆိုခဲ့ကြသည်။ [1]