အမဲလိုက်ခြင်း

ရှေးကမ္ဘာဦးလူတို့သည် အရေးအကြီးဆုံးဖြစ်သော အသက်မွေး ဝမ်းကျောင်းမှာ အမဲလိုက်ခြင်း ဖြစ်လေသည်။ ကျောက်ခေတ် လူများလက်ထက်၌ အမဲလိုက်ခြင်းသည် အသက်တည်မြဲရေး အတွက် အရေးကြီးသောကိစ္စတစ်ရပ်ဖြစ်ပေသည်။ အကြောင်းမှာ ထိုခေတ်လူများသည် အသက်ရှင်နေနိုင်ရန်အလို့ငှာ တော တိရစ္ဆာန်တို့၏ အသားပေါ်တွင် မှီတင်းနေထိုင်ကြရသောကြောင့် ဖြစ်၏။ ထိုနောက် လူတို့သည် တဖြည်းဖြည်း အသိဉာာဏ် တိုးတက်လာကြ၍ ကောက်ပဲသီးနှံများကို အစားအစာ အလို့ငှာ စိုက်ပျိုးတတ်လာကြသည့်အခါ၌ကား အမဲလိုက်ခြင်းသည် ရှေး ကကဲ့သို့ လူတို့၏ နေရေးထိုင်ရေးအတွက် အရေးပါလှတော့ သည် မဟုတ်ချေ။ ယခုခေတ်တွင် အမဲလိုက်ခြင်းဖြင့် အသက် မွေးသော လူရိုင်းမျိုး အနည်းငယ်မှတစ်ပါး အမဲလိုက်ခြင်းကို နိုင်ငံတကာတွင် အပျော်သက်သက် တောကစားမှုအနေနှင့်သာ သဘောထားကြလေတော့သည်။

အင်္ဂလန်၊ အမေရိကန်ပြည်ထောင်စုစသော နိုင်ငံများတွင် အမဲလိုက်ခြင်းသည် လွန်စွာခေတ်စားလျက် လူတို့၏ ပျော်ရွှင်မှု တစ်ရပ်ဖြစ်လေသည်။ ထိုနိုင်ငံများ၌ မြေခွေး၊ ဆတ်နီ၊ ဖျံအစ ရှိသော တိရစ္ဆာန်များကို ကြိုးဝိုင်းသစ်တောများတွင် အပျော် အပါး အမဲလိုက်ရန် သက်သက်အတွက် သီးသန့် မွေးမြူထား ကြ၏။ အကယ်၍သာ ထိုသို့ မွေးမြူမထားခဲ့လျှင်လည်း ထို တိရစ္ဆာန်မျိုးတို့သည် မကြာမီ မျိုးပြုတ်ကွယ်ပျောက်သွားဘွယ် ရှိသည်ဟု အမဲလိုက်သမားများက ဆိုကြသည်။

ကောင်းသည် ဆိုးသည်ဟူသော အချက်ကို ချန်လှပ်ထားခဲ့ လျှင် အမဲလိုက်ခြင်းသည် ပျော်ရွှင်ဖွယ်ကောင်းသော ကစားမှု တစ်ခုဖြစ်သည်ကို ငြင်းဆိုနိုင်ရန် ခဲယဉ်းကြပေမည်။ ကြည်နူး ဘွယ်ကောင်းသည့် တောတောင် ရှုခင်းများ၊ စိမ့်စိမ်းရေတံခွန် နှင့် ချောင်းငယ်များ၏ သဘာဝသာယာမှုနှင့်တကွ အသွေး အရောင် အကြောင်အကျားရှိသော အမဲလိုက်ခွေးများကို ကြည့် ရ မြင်ရသည်မှာ များစွာပင် မျက်စိပသာဒရှိလှသည်။ ထိုပြင် သန့်ရှင်းကောင်းမွန်သော လေကို ရှူရှိုက်ရသည်မှာလည်း အကျိုးရှိလှပေသည်။

မြေခွေးလိုက်ခြင်းသည် အင်္ဂလန်ပြည်တွင် လူကြိုက်များ ပြီးလျှင် ခေတ်အဆက်ဆက်မှ ထင်ရှားခဲ့သော အပျော်အပါး ကစားမှုတစ်ခုဖြစ်ခဲ့သည်။ မြေခွေးလိုက်သည့် ရာသီမှာ ဆောင်း တွင်းအေးချိန် နိုဝင်ဘာလမှ နွေဦးပေါက်ချိန် ဧပြီလအထိ ဖြစ် သော်လည်း အလေ့အကျင့်သဘောဖြင့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် မြေခွေးပေါက်ကလေးများကို စတင် လိုက်လေ့ရှိကြ၏။ မြေခွေးပေါက်ကလေးများသည် ထိုအချိန် လောက်တွင် ခြောက်လမှ ရှစ်လအရွယ်မျှသာ ရှိကြသေးသဖြင့် မြေခွေးလိုက် ကျင့်သားရစေရန် အမဲလိုက် ခွေးငယ်များနှင့် အမဲလိုက်ခွေးသစ်များကို ကျင့်သားရပြီးသော အမဲလိုက်ခွေးကြီး များနှင့်အတူ လိုက်စေကြလေသည်။

နိုဝင်ဘာလလောက် ရောက်၍ သာမန်မြေခွေးလိုက်ထွက် သည့်အခါ မုဆိုးများသည် မြင်းပေါ်မှ လိုက်ကြ၍ ခွေးများ သည် မြေပြင်မှ လိုက်ကြရလေသည်။ ခွေးများသည် အနံ့ခံ သွားယင်း မြေခွေးကို တွေ့သည့်အခါ ငြာသံပေး၍ ပြေးလိုက် ကြသည်။ ခေါင်းဆောင်မုဆိုးသည် မိမိ၏ ခွေးများ စုံလင်သည် မစုံလင်သည်ကို သတိပြု၍ ကြည့်ရှုစစ်ဆေးရ၏။ မစုံလင် ကြောင်း တွေ့ရှိလျှင် သူ၏လက်ထောက်များအနက်၊ တစ် ယောက်သော သူအားခွေးများကို စုံလင်အောင် လိုက်လံရှာဖွေ စုဆောင်းပေးရန် ညွှန်ကြားရလေသည်။ လက်ထောက်မုဆိုးတို့ သည် ခေါင်းဆောင်မုဆိုး၏ တံပိုးမှုတ်သံကို အမြဲတမ်းနားစွင့် ကာ အမိန့်ကို နာခံလျက် နေကြရသည်။ ထိုပြင် ခွေးများသည် လိုက်ယင်းသားကောင်မှ လွှဲဖယ်ကာ အခြားသားကောင်နောက် သို့ အလိုက်မမှားစေရန်လည်း သတိပြု၍ ထိန်းပေးရလေသည်။ မြေခွေးကို မိ၍ မြေခွေးလိုက်ခြင်း ပြီးဆုံးသည့်အခါ ရရှိသော သားကောင်း၏ ဦးခေါင်း၊ အမြီး၊ ခြေထောက် စသည်တို့ကို ဆုအဖြစ် ဝေခြမ်းခွဲစိတ်ယူကြပြီးနောက် အကြွင်းအကျန်တို့ကို ခွေးများအား သားကောင်အဖြစ် ကျွေးလိုက်ကြလေသည်။ တစ်ခါတစ်ရံ တစ်နေကုန် တစ်နေခန်း လိုက်သည့်တိုင်အောင် သားကောင်တစ်ကောင်မျှ မရပဲ ရှိတတ်၏။ တစ်ခါတစ်ရံ လည်း သားကောင် အမြောက်အမြား ရရှိတတ်လေသည်။ မြေခွေးလိုက် မုဆိုးများသည် မြေခွေးလိုက်ခွေးများကို စနစ် တကျ မွေးမြူလေ့ရှိကြ၏။ မွေးခါစခွေးကလေးများကို ယုယ စွာ မွေးမြူခြင်းဖြင့် တစ်စတစ်စ ကြီးပြင်းလာသောအခါ လယ် သမားကြီးများနှင့်အတူ လယ်တောသို့ လိုက်စေ၍ ခြေကျင့်ပေး စေသည်။ ခြေကျင့်သားရလာသောအခါ အမဲလိုက်ရာသို့ ခွေး ကြီးများနှင့်အတူ လိုက်ပါစေလေသည်။ မြေခွေးလိုက် ခွေးတို့ သည် များသောအားဖြင့် နူးညံ့ပျော့ပျောင်းသော အမွေးချောများ ရှိကြပြီးလျှင် အရောင်အဆင်းမှာ အဖြူရောင်တွင် အညိုကွက် နှင့်အနက်ကွက် များရှိသော အကြောင်အကျားများ ဖြစ်ကြ၏။

ဆတ်လိုက်ခွေးနှင့် မြေခွေးလိုက်ခွေးတို့၏ ပုံပန်းအသွင် အပြင်မှာ တူသည်ကများ၏။ သို့ရာတွင် ဆတ်လိုက်ခွေးသည် အတန်ငယ် ပို၍ ကြီးထွားပြီးလျှင် အဖြူရောင်များလေသည်။ ဆတ်လိုက်ခွေးများနှင့် ဆတ်များ၊ ချေများကို လိုက်သည့်အခါ၌ ခွေးများကို နှစ်စုခွဲ၍ လိုက်စေရသည်။ တစ်စုသည် သားကောင် ကို တောချောက်ပေးရ၍ ကျန်တစ်စုက ထွက်လာသော သား ကောင်ကို အမိအရ လိုက်၍ ဖမ်းရလေသည်။

ယုန်လိုက်ခွေးများကိုလည်း သီးခြား မွေးမြူကြရ၏။ အရောင်အဆင်းမှာ မြေခွေးလိုက်ခွေးနှင့်တူသော်လည်း ယုန် လိုက်ခွေးသည် အနည်းငယ် သေး၍ ခြေထောက်တိုသည်။ ဖျံလိုက်ခွေးမှာကား အမျိုးမျိုးရှိ၏။ အဖိုးအတန်ဆုံးနှင့် အရှားပါးဆုံးဖြစ်သော ဖျံလိုက်ခွေးမျိုး၏ ပုံသဏ္ဌာန်မှာ ကိုယ် ခန္ဓာကြီးထွားတုတ်ခိုင်၍ အမွေးထူကဲ ကြမ်းတမ်းသည်။ ဖျံ လိုက်ခွေးသည် ကုန်းပေါ်တွင်သာမက ရေထဲတွင်လည်း ကျွမ်းကျင်စွာ သွားလာနိုင်သော သတ္တဝါများ ဖြစ်ကြသည်။ ဖျံ လိုက်ခြင်းသည် အခြားသော သတ္တဝါများကို လိုက်ရသကဲ့သို့ မလွယ်ကူချေ။ ကျွမ်းကျင်မှုနှင့် အလေ့အကျင့် များစွာ လိုလေ သည်။ တစ်နေကုန်တစ်နေခန်း လွင်ပြင်တွင် နေရသောကြောင့် လဟာပြင်လောကကို နှစ်သက်၍၊ လူသူကင်းဝေးသော တောအရပ်ဒေသတို့ကို နှစ်ခြိုက် သဘောကျသူများမှာ ဤအပျော်အပါး ကစားမှုနှင့် များစွာ သင့်လျော်ပေသည်။ ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းမှာပင် အမဲလိုက်ဝါသနာပါသူများ ရှိစမြဲဖြစ်၏။ လိုက်သည့်သားကောင်၏ အမျိုးအစားမှာကား တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူကြပေ။ အင်္ဂလန်၊ အမေရိကန် ပြည်ထောင်စုစသော နိုင်ငံတို့တွင် ဖျံ၊ မြေခွေး၊ ယုန်စသော သတ္တဝါမျိုးလိုက်ခြင်းကို အထူးနှစ်သက်ကြ၍ အိန္ဒိယနိုင်ငံတွင် တောဝက်လိုက်ခြင်းကို လူကြိုက်များလေသည်။ မြန်မာနိုင်ငံရှိ တောလိုက်မုဆိုးများ ဂရုစိုက်လေ့ရှိသော သတ္တဝါများကား ဆတ်၊ ပြောင်၊ တောဝက်စသော သတ္တဝါများဖြစ်ကြသည်။ အမဲလိုက်ရာတွင်လည်း ခွေးနှင့် သာမဟုတ် သေနတ် လက်နက်ကိုလည်း သုံးကြလေသည်။

အမဲလိုက်သမားများ၏ စည်းမဲ့ကမ်းမဲ့ ပစ်ခတ်သတ်ဖြတ် ခြင်းကြောင့် အပြစ်မဲ့သော တောသတ္တဝါများ အချည်းနှီး ပြုန်းတီးခြင်းမရှိစေရန် နိုင်ငံတော်အစိုးရများက အမဲလိုက်ဥပဒေ များကို ပြုလုပ်ထားကြလေသည်။ ထိုဥပဒေများအရ အစိုးရထံမှ လိုင်စင်ရရှိပြီးသူများသာ အမဲလိုက်နိုင်ခွင့်ရရှိကြ၏။ ထိုပြင် အစိုးရတို့သည် အချို့သော တိရစ္ဆာန်များအား တွေ့ရခဲသည်။ ရှားပါးသည်ဟူသော အကြောင်းပြချက်ဖြင့် ဘေးမဲ့ ပေးထား တတ်ကြသေး၏။ ထိုကဲသို့သော တိရစ္ဆာန်မျိုးကို မည်သူမျှ ပစ်ခတ်သတ်ဖြတ်နိုင်ခွင့် မရှိချေ။ အမဲလိုက် ဥပဒေ စည်းကမ်း များကို ကျူးလွန်ဖောက်ဖျက်သူတို့အား အစိုးရက တရားစွဲဆို ခြင်းဖြင့် အရေးယူလေသည်။

တိရစ္ဆာန်များ ပြုန်းတီးခြင်းမှ ကာကွယ်ရန် နိုင်ငံအစိုးရတို့ ပြုလုပ်လေ့ရှိသော အစီအမံတစ်ခု ရှိသေး၏။ ယင်းမှာ ဘေးမဲ့ နယ်ပယ်များအတွင်းတွင် မည်သူမျှ အမဲလိုက်ခွင့် မရှိချေ။ မြန်မာနိုင်ငံသည် သစ်ပင် တောတောင်များ လွန်စွာ စည်ပင် ထူပြောသော နိုင်ငံတစ်ခု ဖြစ်ရကား တောတိရစ္ဆာန်များ ပေါ များလှသည်။ ထိုတိရစ္ဆာန်များ အကြောင်းမဲ့ ပြုန်းတီးသွားခြင်း မရှိစေရန် မြန်မာနိုင်ငံအစိုးရက အမဲလိုက်ဥပဒေများကို ပြုလုပ် ထားခြင်း၊ ဘေးမဲ့တောများကို သတ်မှတ်ထားခြင်း အစရှိသည် တို့ဖြင့် စီမံကာကွယ်ထားလေသည်။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.