အာဆွန်စီယွန်မြို့

အာဆွန်စီယွန်မြို့သည် တောင်အမေရိက တိုက် ပါးရဂွေးနိုင်ငံ၏ မြို့တော်ဖြစ်သည်။ ပါးရဂွေးမြစ်ကမ်း ပေါ်တွင် တည်ရှိ၍ ပင်လယ်ကူးသင်္ဘောများ မြို့သို့အရောက် ဆန်တက်နိုင်သဖြင့် ပါးရဂွေးနိုင်ငံ၌ အကြီးဆုံး ဆိပ်ကမ်း မြို့လည်း ဖြစ်သည်။ အာဆွန်ဆီယွန်မြို့သည် အာဂျင်တီးနား နိုင်ငံ၏ မြို့တော်ဖြစ်သော ဗွေနို့ဆိုင်းရက်မြို့နှင့် မြစ်ကြောင်း ခရီးဖြင့်လည်းကောင်း၊မီးရထားလမ်းဖြင့်လည်းကောင်း ဆက်သွယ် လျက်ရှိသည့်အပြင် နိုင်ငံတွင်းရှိ အခြားမြို့များ နှင့်လည်း လမ်းပန်းအဆက်အသွယ်ရှိသည်။ ထိုကြောင့် ပါးရဂွေးနိုင်ငံ၏ ကုန်သွယ်ရေးအတွက် အချက်အခြာမြို့ကြီး ဖြစ်သည်။ အာဆွန်စီယွန်မြို့ကို ၁၆၃၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ တွင် တည်ခဲ့ရာ အမေရိကတိုက်၌ ရှေးကျသော မြို့ဟောင်း တစ်မြို့ ဖြစ်သည်။ ၁၅၃၇ ခုနှစ်မှ ၁၆၁၇ ခုနှစ်အထိ တောင်အမေရိကတိုက် အရှေ့ပိုင်းရှိ စပိန်ပိုင် နယ်များကို အုပ်ချုပ်ရာဗဟိုဌာန ဖြစ်ခဲ့သည်။ မူလအစက မြို့တွင်းရှိ လမ်းများသည် ကျဉ်း၍ ကောက်ကွေ့နေ သော်လည်း နောင်တွင် မြို့ကွက်ကို အသစ်ပြုပြင်ခဲ့ကြသဖြင့် ယခုအခါ လမ်းမကျယ်များနှင့် ခေတ်မှီတိုက်တာ အဆောက်အအုံများဖြင့် ကြီးကျယ်ခမ်းနားလျက် ရှိလေသည်။ မြို့တွင်းရှိ ထင်ရှားသော အဆောက် အအုံများမှာ ကသီဒရယ်ဘုရားရှိခိုးကျောင်းများ၊ အမျိုးသားကောလိပ်ကျောင်း၊ ပြည်သူ့စာကြည့်တိုက်၊ အစိုးရ အဆောက်အအုံများ စသည်တို့ ဖြစ်ကြသည်။ အဓိက ထွက်ကုန်များမှာ ပါးရဂွေး လက်ဘက်ခြောက်၊ဆေး၊သစ်သီး၊ သားရေ၊သကြား၊သစ်တို့ ဖြစ်သည်။ လူဦးရေ ၄၃၇၁၃၆ ယောက် (၁၉၇ဝ)ရှိသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.