အာဇာနည်နေ့/ဆောင်းပါးများ

ဒဂုန်တာရာ ၏ ဇူလိုင် ၁၉ ရက်နေ့၏ဝမ်းနည်းဖွယ်အဖြစ်အပျက်အကြောင်း

စာရေးဒဂုန်တာရာသည် အထက်ပါအဖြစ်အပျက်ကြီးပြီးနောက် ပြည်သူလူထု၏ ဝမ်းနည်းယူကြုံးမရ တသသ ဖြစ်ရပုံကို "ဦးအောင်ဆန်း၏ နောက်ဆုံးနေ့" စာအုပ်တွင် အောက်ပါအတိုင်းဖော်ပြထားလေသည်။ ဝမ်းနည်းဖွယ်ကောင်းလေစွ။

မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်း ညိုမှိုင်းလျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရ။ မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီးလို ဝိုးဝိုးဝါးဝါး နေသည်။ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍ မရှိဘဲ တဖွဲဖွဲ နေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်။ နောက် စွေ၍နေလေသည်။

ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ နံနက် (၁ဝ)နာရီခွဲ။

ဒီကနေ့ အတွင်းဝန်များရုံးသို့ သွားစရာရှိသည်။ တိုင်းပြုပြည်ပြု လွှတ်တော်အထူးအရာရှိ ဦးသိန်းဟန် (ဇော်ဂျီ)က စနေနေ့ နေ့လယ်တွင် ဆောင်းပါးလာယူရန် ချိန်းထားသည်။ ဗိုလ်ချုပ် အပါးတော်မြဲ ဗိုလ်ထွန်းလှထံမှလည်း ခရီးသွားခြင်း ဆောင်းပါးကို လမ်းကြုံလျှင် ယူသွားပါဟု မှာထားချက်ရှိသည်။ သို့ဖြစ်၍ ဗိုလ်ထွန်းလှထံ ဆောင်းပါးဝင်ယူရင်း ခဏတဖြုတ် စကားစမြည် ပြောပြီးနောက် ဇော်ဂျီထံသို့ သွားမည်ဟု စိတ်ကူးထားသည်။

၁ဝ နာရီလောက်ကတည်းက အဝတ်အစားလဲပြီး မိုးအတိတ်ကို စောင့်လျက်ရှိသည်။ မိုးကား မစဲနိုင်။ သို့နှင့် စားပွဲတွင်ထိုင်ကာ အပြီးမသတ်သေးသော ကဗျာတဗုဒ်ကို စပ်ရင်း ၁၁ နာရီ ထိုးသွားလေပြီ။ မိုးကား မတိတ်သေးပေ။

နောက်ဆုံးတွင် မိုးစဲလိမ့်မည် မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီထပ်ဝတ်ကာ လမ်းမကြီးသို့ ထွက်ခဲ့သည်။ အဆင်သင့်တွေ့သော ဒေါင်းတံဆိပ် တာမွေ ဘတ်စ်ကားကို တက်စီးသည်။ ကားထဲတွင် ကြည့်မြင်တိုင်မှ လိုက်ပါလာသည် ထင်ရသော တောသား သုံးယောက်နှင့် တရုတ်မနှစ်ယောက်ကို တွေ့ရသည်။ ကားပြတင်းတံခါးများမှာ ပိတ်ထားသည်။ ခရီးသည်တို့ကား တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။ အပြင်ဘက်တွင်ကား မိုးသည် ရွာလျက်ပင်။ ရွှံဗွက်ချိုင့်ဝှမ်းတို့ဖြင့် ပြွမ်းသော ရန်ကုန်လမ်းကား စိုစွတ်လှသည်။

ကားသည် သိမ်ကြီးဈေးတွင် ခေတ္တရပ်ပြီး ဆက်လက်၍ တဟုန်တည်း မောင်းလာသည်။ ခရီးသည် အဆင်းအတက် သိပ်မရှိလှ။ သို့နှင့် စပတ် (ဗိုလ်အောင်ကျော်)လမ်း ရောက်လျှင် ကျွန်ုပ်သည် ဆင်းလိုက်သည်။ ကျွန်ုပ်သည် ဒါလဟိုဇီ (မဟာဗန္ဓုလ)လမ်းဘက်မှ စပတ် (ဗိုလ်အောင်ကျော်) လမ်းကို ဖြတ်ကူးလိုက်သည်။

လမ်းဘေးတွင် မော်တော်ကားများသည် ဟိုတစု၊ ဒီတစု ရပ်လျက်ရှိသည်။ ကားတချို့ကား သွားလာလျက်။ မိုးကာဝတ်လျက် လူများသည် သွားကြ လာကြနှင့် ရှုပ်ယှက်ခတ်နေသည်။ သူရိယတိုက်ရှေ့ အဝင်တံခါးမပေါက်ကြီးတွင်ကား လူများသည် ရပ်ကာ အတွင်းသို့ မျှော်ကြည့်လိုက်၊ စကားပြောလိုက်နှင့် နေကြသည်ကို တွေ့မြင်ရသည်။ ကျွန်တော်ကား ရုံးဆင်းချိန်မို့ လူတွေ ရှုပ်နေတာ ထင်ပါရဲ့ဟုသာ သာမန် အောက်မေ့မိသည်။

ကျွန်တော်သည် အင်မတန် အရိပ်အခြေကို မသိတတ်၊ မမြင်တတ်သူ ဖြစ်ချေသည်။ ခါတိုင်းကဲ့သိုပင် ရဲရဲတင်းတင်း တံခါးပေါက်မှ အတွင်းသို့ ဝင်သွားသည်။ လမ်းကူးတွင်ကား လက်နက်ကိုင် စစ်သားများ စောင့်ကြပ်လျက် ရှိသည်ကို တွေ့ရသည်။ ခါတိုင်းလည်း စောင့်နေကျပဲဟု ထင်လိုက်မိသည်။ ကျွန်တော်သည် အတွင်းဝန်ရုံးသို့ သွားခဲလှပေသည်။

ညှိုးလျော့သော မျက်နှာနှင့် လုံချည်အပြာ ဝတ်ထားသော စာရေးမနှစ်ဦးသည် သုတ်သုတ် သုတ်သုတ်နှင့် ရုံးထဲမှ ထွက်လာသည်။ သို့နှင့် အလယ်ဆင်ဝင်အောက် ကားဆိုက်သည့်နေရာသို့ ရောက်လာသည်။ ခါတိုင်းလို ရုံးစေများ၊ ချာပရာစီများ ရပ်ပြုနေသည်ကို အလျဉ်းမတွေ့ရ။ တိတ်ဆိတ် ငြိမ်သက်၍ နေသည်။

ဗိုလ်ထွန်းလှအခန်းသို့ တက်ရန်လှေကား တထစ် နှစ်ထစ် တက်မိပြီးမှ တိတ်ဆိတ်ငြိမ်ချက်သား ကောင်းလှသည်ကို စိတ်ထင့်သွား၍ ဗိုလ်ထွန်းလှ ခေတ္ဈရုံးဆင်းချိန် လက်ဖက်ရည်သောက် သွားနေလိမ့်မည်ဟု တွေးကာ မတက်တော့ဘဲ ဆင်ဝင်အောက်ကို ဖြတ်သန်းကာ တဖက်ရှိ တိုင်းပြုပြည်ပြု လွှတ်တော်ရုံးခန်းသို့ လာခဲ့လေသည်။ ဇော်ဂျီထံမှ အပြန်မှပဲ ဝင်တော့မည်လေ။

လွတ်တော်ရုံး ဝင်ဝင်ချင်း သခင်နု၏ ရုံးခန်းတံခါးဝမှာ ပိတ်ထားသည်ကို တွေ့ရသည်။ သက္ကလတ် ခန်းဆီး အစိမ်းပုတ်ကြီးမှာလည်း ဆွဲပိတ်၍ ထားသည်။ သခင်နုရုံးခန်းကို ကျော်၍ ဇော်ဂျီ၏ အခန်းသို့ ရောက်လေပြီ။ သူ့အခန်းမှာလည်း တံခါးပိတ်ထားပြီး ခန်းဆီး အစိမ်းပုတ်ကြီးသည် ဆွဲ၍ စေ့ထားသည် ရုံးစေသုံးယောက်မှာ နံရံကို မှီကာ ရပ်နေကြသည်။ ခါတိုင်းလို စကားပြော မနေကြ။ သူတို့သည် ငေးမှိုင်တွေဝေ၍ တမျိုးကြီး ဖြစ်နေသည်ဟု အောက်မေ့လိုက်သည်။

ကျွန်တော်က ငိုင်တိုင်တိုင်နေသော ရုံးစေတစ်ဦးအား ‘ဦးသိန်းဟန် ရှိသလား’ ဟု မေးသည်။

‘ရှိပါတယ် ခင်ဗျ’ ဟု ခပ်တိုးတိုးသာ ခပ်အေးအေး ဖြေသည်။ သည်တော့မှ မျက်နှာပျက်နေကြောင်း အသေအချာ သိလိုက်တော့သည်။ စိတ်ထဲတွင်ကား မရှင်း။

တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက် မဝင်ဝံ့သေးဘဲ ရပ်ကာ ရုံးစေဘက်သို့ တဖန်လှည်၍ ‘အထဲမှာ အစည်းအဝေး လုပ်နေသလား’ ဟု မေးရသည်။

ရုံးစေသည် ဘာမျှ မပြောဘဲ အသာအယာ စေ့ထားသော တံခါးကို ဖွင့်ပေးသည်။ လှမ်းကြည့်လိုက်ရာ သူ၏ စားပွဲတွင် ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကိုထောင်ပြီး အတွင်းသို့ ဝင်လိုက်သည်။

ရုံးခန်းကား တိတ်ဆိတ် ငြိမ်သက်လျက် ရှိသည်။ စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်း မှန်ရောင်သည် ရိုက်ဟပ်သဖြင့် အခန်းသည် စိမ်းပြာပြာဖြစ်နေသည်။ အခန်းထိပ်ရှိ စားပွဲကြီးတွင်ကား တိုင်းပြုပြည်ပြုလွှတ်တော် အကြံပေးအရာရှိ ဝတ်လုံ ဦးချစ်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်နေလျက် ရှိသည်။

ဇော်ဂျီသည် ကျွန်တော် ဝင်လာသည်ကို မြင်သောအခါ ဆိတ်ဆိတ်ပင်။ စကားမျှမမြွက်ဟဘဲ ထိုင်ရန် ကုလားထိုင်ကိုသာ လက်ဖြင့် ညွှန်ပြသည်။ သူသည် ငေးငိုင်၍ နေသည်။ အတန်ကြာ တိတ်ဆိတ်လျက် ရှိသည်။ ကျွန်တော်ကား ခါတိုင်း လှုပ်ရှားဆူညံ၍ နေတတ်သော အတွင်းဝန်များ ရုံးသည် ဘာကြောင့် ယခုလို အုံ့မှိုင်းရီဝေ၍ နေသည်။ ဆိတ်ငြိမ်၍ နေသည်ကို အံ့ဩလျက် ရှိသည်။ အတန်ကြာ ဆိတ်နေရာမှ ‘အားလုံးတော့ ဒုက္ခဖြစ်ကုန်ပြီ’ ဟု ဇော်ဂျီက တိုးတိုးညည်းလေသည်။ ကျွန်တော်ကား ဘာမှန်းမသိသေးသဖြင့် ကြောင်နေရာ သူက အကဲခတ်မိ၍ နေရာမှထကာ လက်ပြ၍ အပြင်သို့ ခေါ်ခဲ့သည်။ ကျွန်တော်သည် ထိတ်ခနဲ ဖြစ်သွားသည်။

‘လက်ဖက်ရည်ဆိုင် သွားရအောင်’

မိုးတဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းဘေးပေါ်ရောက်မှ ကျွန်တော် မနေနိုင်၍ ‘ဘာဖြစ်လို့လဲ ဆရာ’ ဟု မေးမိသည်။

‘မင်း မကြားသေးဘူးလား’ ဟု ဇော်ဂျီက အံ့ဩနေသည်။

‘ဟင့်အင်း၊ ကျွန်တော် အခုပဲ ဘတ်စ်ကားပေးက ဆင်းပြီး ရုံးကို တန်းလာတာ’

ဒီတော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည်။ ခြင်္သေ့တပ် စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသော လက်နက်ကိုင် လူလေးယောက်သည် ကျွန်တော် ဖြတ်လာခဲ့သော အလယ်ဆင်ဝင်အောက်မှ တက်လာကာ ဦးအောင်ဆန်း၏ ရုံးခန်းတွင်းသို့ အတွင်းတွန်းဝင်၍ အစည်းအဝေး ပြုလုပ်လျက်ရှိသော အမှုဆောင်ဝန်ကြီးများအား စတင်းဂန်းဖြင့် ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်း မခံရဘဲ ဂျစ်ကားဖြင့် ထွက်ပြေး လွတ်မြောက်သွားသည်။ ကျွန်တော မရောက်မီ တစ်နာရီကျော်ကျော်တွင်ခန့်က ဖြစ်သည်။

ကျွန်တော်သည် သည်သတင်းကို ကြားသောအခါ ထိတ်လန့်တုန်လှုပ်၍ သွားသည်။ အသားများ တဆတ်ဆတ် တုန်၍ လာသည်။

အတွင်းဝန်ရုံး လက်ဖက်ရည်ဆိုင်ထဲတွင်ကား စာရေးစာချီ စသော ရုံးသားတို့သည် ညှိုးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာ စားသောက်၍ နေကြသည်ကို တွေ့မြင်ရသည်။ တစားပွဲခြားရှိ နိုင်ငံရေးရာ အတွင်းဝန် ကိုကျော်မြင့်ကလေးက လှမ်း၍ နှုတ်ဆက်လိုက်သည်။ သူသည် ခပ်အေးအေး၊ ခပ်ထွေထွေပင် လက်ဖက်ရည်ကို သောက်နေသည်။

‘အင်မတန် နှမြောဖို့ ကောင်းတယ်ဗျာ’

‘သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ငံရေး လုပ်ကြံမှုပဲ’ စသည်ဖြင့် လူအချို့သည် ညည်းထွားလျက် ရှိကြသည်။ ဇော်ဂျီက ‘အမျိုးသား ပျက်စီးခြင်း တရပ်ပဲ’ဟု တသသပြောသည်။

‘ကျွန်တော် ရုံးဝင်းထဲ ဝင်လာတော့ လက်နက်ကိုင် ပုလိပ်တွေကို တွေ့တယ်။ ဒါပေမယ့် ကျွန်တော်ဝင်လာတာ မတားကြပါဘူး။ ဆင်ဝင်အောက် အဝင်မှာတောင် အသိစာရေးတယောက်နဲ့ တွေ့သားပဲ၊ သူကလည်း ဘာမှ မပြောဘူး’

‘လူတွေဟာ မပြောရက်ကြဘူး’ ဟု ဇော်ဂျီက ဆိုလေသည်။

လက်ဖက်ရည်သောက်နေကြစဉ် ခုတင်ပဲ ဆေးရုံမှ ပြန်လာသော ရုံးသားတဦး အပါးကပ်လာ၍ ‘ဘယ့်နဲ့လဲ’ ဟု ကျွန်တော်တို့က ဝိုင်း၍ မေးမြန်းသည်။ သူက မိုင်းပွန်စော်ဘွားကြီးမှတပါး အားလုံး ဆုံးရှာပြီဟု ပြောသည်။ သူသည် အသံတုန်နေ၍ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။

‘ဗိုလ်ချုပ်ကော’ ဟု တယောက်က တိုးတိုးမေးသည်။

‘မျက်နှာကို အဝတ်နဲ့ ဖုံးထားတယ်’

ကျွန်တော်လည်း ကြာကြာမနေနိုင်ဘဲ ဂျူဒါအီစကယ် (သိမ်ဖြူ) လမ်း တံခါးပေါက်မှ ကျော်၍ အပြင်ဘက်လမ်းသို့ ထွက်ခဲ့သည်။ မိုးသည် တစိမ့်စိမ့် ရွာလျက်ပင်ရှိသည်။ လူတအုပ်သည် မိုးရွာထဲတွင် ထီးဆောင်း၍၊ တချို့က ထီးမပါဘဲ၊ တချို့က ပလက်ဖောင်းပေါ်တွင်ရပ်ကာ အတွင်းဝန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ လူတယောက်က ကျွန်တော့် လက်မောင်းကို ဆွဲကိုင်၍ ‘ဒီမယ် ခုနက ဝန်ကြီးတွေ သေနတ်ပစ်ခံရတယ် ကြားတယ်၊ ဟုတ်သလား ခင်ဗျာ’ဟု မေးသည်။ သူကား အကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည်။

‘ဟုတ်ကဲ့’ ဟူ၍သာ ဖြေကြားပြီး တဖက်သို့ ဖြတ်ကူး၍ အသင့်တွေ့ရသော ဒေါင်းတံဆိပ်ကားကို တက်စီးလိုက်သည်။ ကားသည် လမ်းမတော်သို့ ပြေးလျက်ရှိသည်။

ကားထဲတွင် လူမနည်းလှပေ။ ခရီးသည်အားလုံး မျက်စိမျက်နှာ မကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတဦးက ‘ဖြစ်မှ ဖြစ်ရလေနော်၊ ဖြစ်မှ ဖြစ်ရလေနော်’ ဟု မြည်တမ်းလျက်ရှိသည်။

ဈေးသည်ဟု ထင်ရသော ခပ်အိုအို မိန်းမကြီးနှစ်ယောက်ကား ‘ဗိုလ်ချုပ် အသက်ရှင်ပါစေတော်၊ ဗိုလ်ချုပ် အသက်ရှင်ပါစေတော်’ ဆုတောင်း၍ နေကြသည်။

ယခုမှပင် သိရသော မိန်းမတယောက်က မေးမြန်းသည်ကို ‘မပြောကြနဲ့၊ မပြောကြနဲ့’ဟု အသာလက်ကုတ်၍ တီးတိုးတားမြစ်သည်။ သူတို့သည် မပြောရက်ကြ။

သန့်ပြန့်စွာ ဝတ်စားထားသော တရုတ်တဦးက ‘အားကီး ရက်စက်တာပဲ’ဟု ကျွန်တော့်ဘက်သို့ လှည်၍ ရေရွတ်လျက် ရှိသည်။ မျက်နှာထား တင်းတင်းနှင့် ဒရိုင်ဘာသည် တောက်ခေါက်လိုက်သည်။

သိမ်ကြီးဈေးသို့ ရောက်လာသောအခါ လူသွားလူလာ ကင်းရှင်းနေပြီး ဈေးဆိုင်များမှာ ပိတ်ထားလေပြီ။ သတင်းသည် တမုဟုတ်ချင်း ပျံ့နှံ့၍သွားလေပြီ။ မော်တော်ကား၊ လန်ချားတို့ကား ခပ်မြန်မြန် သွားလာကြသည်။

ကားပေါ်မှ ဆင်း၍ လမ်းထဲသို့ ဝင်လာသောအခါ အိမ်ဝတွင် လူတို့သည် မှိုင်တိုင်တိုင်နှင့် ရပ်ကာ ကြည့်နေသည်ကို တွေ့မြင်ရသည်။ လူတို့သည် အငြိမ်မနေနိုင်ကြ။ မိုးသည် မစဲဘဲ ရွာလျက်ပင်။

လူတို့သည် ‘ဖြစ်မှ ဖြစ်ရလေ၊ ဖြစ်မှ ဖြစ်ရလေ’ ဟု တတွတ်တွတ် မြည်တမ်းရင်းပင် ညနေစောင်းလာတော့သည်။ ဗိုလ်ချုပ် ဆုံးကြောင်းကား ညနေသတင်းစာများမှ ကြားရလေပြီ။ မည်သူ့မျက်နှာ ကြည့်ကြည့်၊ မျက်နှာ ညှိုးငယ်နွမ်းလျစွာနှင့်။ လမ်းပေါ်မှ စက်ပြင်ဆရာတဦး၏ မိန်းမ ပါးစပ်မှ ‘ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး၊ စားချင်စိတ်လည်း မရှိတော့ပါဘူးရှင်’ ဟူသော အသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။

နေဝင်မီးငြိမ်းအမိန့် ထုတ်ထားသဖြင့် ညဉ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။ အိမ်သားများ ဆုံတိုင်း ညနေခင်းက အကြောင်းကိုသာ ပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊ ညဉ်းညူသံ၊ တသသံ။

တိတ်ဆိတ်မှောင်မည်းသဖြင့် စောစော အိပ်ရာဝင်ကြသော်လည်း အိပ်မပျော်နိုင်ကြ။ နေ့ခင်းကဟာ အိပ်မက်ပဲ ဖြစ်ကြပါစေတော့ဟု မိန်းမများ ဆုတောင်းကြသည်။ ညဥ့်နက်သော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည် ဆက်၍နေသည်။ ရှဲခနဲ မီးခြစ်၍ နောက်ဖေး ထကြပြန်သည်။ တရေးနိုးဆုံလျှင် ‘ဘယ်တော့များမှ မေ့ပျောက်ပါ့မလဲနော်’ ဟု အိပ်ချင်သံနှင့် ဆိုကြသည်။ တစ်ရေးနိုးတိုင်း သတိရလျက် ရှိသည်။ မကြာခဏ အိပ်မက်ပြီး နိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့ တသသနှင့် ထိုညကို လွန်မြောက်ရလေသည်။[1]

ကိုးကား

  1. ဝမ်းနည်း ကြေကွဲဖွယ်ရာ မြန်မာနိုင်ငံရဲ့ ကံဆိုးမိုးမှောင် ကျတဲ့နေ့တနေ့ကို မှတ်တမ်း တင်ထားတဲ့ ဆရာကြီး ဒဂုန်တာရာရဲ့ “ဦးအောင်ဆန်း၏ နောက်ဆုံးနေ့” ကို “ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.