အာဖရိကန် ထရစ်ပနိုစိုမီရေးစစ်

အာဖရိကန် ထရစ်ပနိုစိုမီရေးစစ် သို့မဟုတ် အိပ်ငိုက်ရောဂါ[1] သည် လူနှင့် အခြားတိရစ္ဆာန်များတွင် ဖြစ်လေ့ရှိသော ကပ်ပါးကောင်နှင့်ဆိုင်သော ရောဂါ ဖြစ်သည်။ ဤရောဂါသည် Trypanosoma brucei ဟုခေါ်သော ကပ်ပါးတစ်မျိုးကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ [2] လူကို ကူးစက်နိုင်သော အမျိုးအစားနှစ်မျိုးရှိသည်။Trypanosoma brucei gambiense (T.b.g.) နှင့် Trypanosoma brucei rhodesiense (T.b.r.) ဖြစ်သည်။ [1] အစီရင်ခံတင်ထားသော ရောဂါသည်များ၏ ၉၈ ရာခိုင်နှုန်းသည် T.b.g.ကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ [1] ဤအမျိုးအစားနှစ်မျိုးလုံးသည် ပုံမှန်အားဖြင့် ရောဂါပိုးသယ်ဆောင်ထားသော စီစီယင်ကောင် အကိုက်ခံရခြင်းဖြင့် ကူးစက်နိုင်ပြီး ကျေးလက်ဒေသများတွင် အများဆုံး ဖြစ်လေ့ရှိသည်။ [1]

အာဖရိကန် ထရစ်ပနိုစိုမီရေးစစ်
Trypanosoma
Specialtyကူးစက်ရောဂါ 

ရောဂါလက္ခဏာများ

ကနဦးအားဖြင့် ရောဂါ၏ ပထမအဆင့်တွင် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ယားယံခြင်းနှင့် အဆစ်များ နာကျင်ခြင်းတို့ ဖြစ်တတ်သည်။ [1] ဤလက္ခဏာများသည် စီစီယင်ကောင် အကိုက်ခံရပြီး တစ်ပတ်မှ သုံးပတ်အတွင်းတွင် စတင်သည်။ [3] အပတ်ပေါင်း၊ လပေါင်းများစွာကြာလျှင် ဒုတိယအဆင့် စတင်ပြီး စိတ်ရှုပ်ထွေးခြင်း၊ လှုပ်ရှားမှုများ မထိန်းနိုင်ခြင်း၊ ထုံကျဉ်ခြင်းနှင့် အိပ်စက်မရခြင်းတို့ ဖြစ်တတ်သည်။ [1][3] ဤကပ်ပါးကောင်အားသွေးကို မှန်ပြားပေါ်တင်ကြည့်ခြင်း သို့မဟုတ် ပြန်ရည်အကြိတ်ထဲမှ အရည်ကို စစ်ဆေးခြင်းဖြင့် ရှာဖွေတွေ့ရှိနိုင်သည်။ [3] ရောဂါ၏ ပထမနှင့် ဒုတိယအဆင့်၏ ကွာခြားမှုများကို သိရန်ခါးရိုးဆစ်ဖောက်ခြင်း ဖြင့် စစ်ဆေးလေ့ရှိသည်။ [3]

ဆေးကုသမှု အစီအစဉ်

ပြင်းထန်သော ရောဂါများ မဖြစ်အောင် ရောဂါကူးစက်ခံနိုင်ရခြေရှိသူများကို T.b.g. ပိုး သွေးစစ်ဆေး၍ ရောဂါရှာဖွေခြင်းဖြင့် ကာကွယ်နိုင်သည်။ [1] အာရုံကြောနှင့်ဆိုင်သော လက္ခဏာများ မပေါ်ခင် ရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိပါက ကုသရန် ပို၍လွယ်ကူသည်။ [1] ရောဂါ၏ ပထမအဆင့်ကို ပန်တာမီဒင်း သို့မဟုတ် စူရာမင်း ဆေးဖြင့် ကုသနိုင်သည်။ [1] ဒုတိယအဆင့်ကို အီဖလောနိုသိုင်း သို့မဟုတ် နိဖာတီမော့စ် နှင့် အီဖလောနိုသိုင်းဆေးတို့ ပေါင်း၍ T.b.g. ကို ကုသနိုင်သည်။ [3] မီလာဆိုပလောဆေးဖြင့် ရောဂါပိုးနှစ်မျိုးလုံးကို ကုသနိုင်သော်လည်း ၎င်းဆေး၏ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများကြောင့် T.b.r. တစ်မျိုးထဲကို ကုသရာတွင်သာ အသုံးပြုလေ့ရှိသည်။ [1]

ရောဂါဖြစ်ပွား ကူးစက်ပျံ့နှံ့ခြင်း

ဤရောဂါသည် ပုံမှန်အားဖြင့် အာဖရိကတိုက် ဆာဟာရတောင်ပိုင်း၏ အချို့ဒေသများတွင် ဖြစ်ပွားလေ့ရှိပြီး နိုင်ငံပေါင်း ၃၆ နိုင်ငံမှ လူပေါင်း သန်း၇၀မှာ ဤရောဂါကို ကူးစက်ခံရနိုင်ခြေရှိသည်။ [4] ၁၉၉၀ ခုနှစ်တွင် ဤရောဂါကြောင့် လူပေါင်း ၃၄၀၀၀ခန့် သေဆုံးခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် လူပေါင်း ၉၀၀၀ ခန့်သာ သေဆုံးခဲ့သည်။ [5] ၂၀၁၂ ခုနှစ်တွင် ရောဂါသည်အသစ်ပေါင်း ၇၀၀၀ ခန့် ရှိပြီး စုစုပေါင်း လူဦးရေ ၃၀၀၀၀ ခန့် ရောဂါကူးစက်ခံခဲ့ရသည်ဟု ယူဆရသည်။ [1] ၈၀ ရာခိုင်နှုန်းထက်ပိုသော ရောဂါသည်များမှာ ကွန်ဂိုနိုင်ငံမှ ဖြစ်သည်။ [1] မကြာသေးခင်ကပင် ဤရောဂါကြောင့် ကပ်ရောဂါဖြစ်ပွားမှု ၃ ရပ်ဖြစ်ပွားခဲ့သည်။ တစ်ခုမှာ ၁၈၉၆ မှ ၁၉၀၆ ခုနှစ်များအတွင်းတွင် ယူဂန်းဒါးနိုင်ငံနှင့် ကွန်ဂိုမြစ်ဝှမ်း တွင် အဓိက ဖြစ်ပွားခဲ့ပြီး နောက်နှစ်ခုမှာ ၁၉၂၀ နှင့် ၁၉၇၀ ခုနှစ်တွင် အာဖရိကနိုင်ငံများတွင် ဖြစ်ပွားခဲ့သည်။ [1] နွားစသော တိရစ္ဆာန်များသည် ဤရောဂါပိုးကို သယ်ဆောင်နိုင်ပြီး ရောဂါကူးစက်ခြင်း ခံရနိုင်သည်။ [1]

ကိုးကား

  1. WHO Media centre (June 2013). "Fact sheet N°259: Trypanosomiasis, Human African (sleeping sickness)".
  2. MedlinePlus Encyclopedia Sleeping sickness
  3. Kennedy, PG (2013 Feb). "Clinical features, diagnosis, and treatment of human African trypanosomiasis (sleeping sickness).". Lancet neurology 12 (2): 186-94. PMID 23260189.
  4. Simarro PP, Cecchi G, Franco JR, Paone M, Diarra A, Ruiz-Postigo JA, Fèvre EM, Mattioli RC, Jannin JG (2012). "Estimating and Mapping the Population at Risk of Sleeping Sickness". PLoS Negl Trop Dis 6 (10): e1859. doi:10.1371/journal.pntd.0001859.
  5. Lozano, R (Dec 15, 2012). "Global and regional mortality from 235 causes of death for 20 age groups in 1990 and 2010: a systematic analysis for the Global Burden of Disease Study 2010.". Lancet 380 (9859): 2095–128. doi:10.1016/S0140-6736(12)61728-0. PMID 23245604.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.